ဆားလင်းကြီးမြို့နယ် ဝက်မှေးကျေးရွာဟောင်းမှ နေအိမ်များ ပြောင်းရွှေ့ခြင်းနှင့် ပတ်သက်၍ စစ်ကိုင်းတိုင်းဒေသကြီး အစိုးရအဖွဲ့ သတင်းစာရှင်းလင်း

ဆားလင်းကြီးမြို့နယ် ဝက်မှေးကျေးရွာဟောင်းမှ နေအိမ်များ ပြောင်းရွှေ့ခြင်းနှင့် ပတ်သက်၍ စစ်ကိုင်းတိုင်းဒေသကြီး အစိုးရအဖွဲ့ သတင်းစာရှင်းလင်း
Published 1 April 2018

စစ်ကိုင်းတိုင်းဒေသကြီး ယင်းမာပင်ခရိုင် ဆားလင်းကြီးမြို့နယ် ဝက်မှေးကျေးရွာဟောင်းမှ နေအိမ်များ ပြောင်းရွှေ့ခြင်းနှင့် ပတ်သက်၍ စစ်ကိုင်းတိုင်းဒေသကြီး အစိုးရအဖွဲ့က သတင်းစာရှင်းလင်းပွဲ ပြုလုပ်ခဲ့ကြောင်း သိရသည်။

မတ် ၃၁ ရက် နံနက် ၉ နာရီခန့်က စစ်ကိုင်းတိုင်းဒေသကြီး အစိုးရအဖွဲ့ရုံး အစည်းအဝေး ခန်းမဆောင်တွင် ပြုလုပ်ခဲ့ခြင်းဖြစ်ပြီး လက်ပံတောင်းတောင် မြေယာလျော်ကြေးငွေကိစ္စနှင့် သီးနှံလျော်ကြေးကိစ္စများကို ဥပဒေဘောင်အတွင်းမှ မိမိတို့၏ ရပိုင်ခွင့်များကို ညှိနှိုင်းဆောင်ရွက်ပေးခဲ့ပြီး လက်ရှိအစိုးရအနေဖြင့် အထိုက်အလျောက် အောင်မြင်မှုအချို့ ရှိခဲ့ကြောင်း စစ်ကိုင်းတိုင်းဒေသကြီး အစိုးရအဖွဲ့ဝင် စည်ပင်သာယာရေးဝန်ကြီး ဦးမြင့်ကြည်က ပြောကြားသည်။

“ဆောင်ရွက်ဆဲ ဆောင်ရွက်နေတဲ့ကိစ္စတွေလည်း ရှိပါတယ်။ ဒီနေ့ သတင်းစာရှင်းလင်းပွဲ ပြုလုပ်ရခြင်းရဲ့ရည်ရွယ်ချက်က ပြီးခဲ့တဲ့ ရက်တွေတုန်းက ဝက်မှေးရွာဟောင်းက လူတွေက ဝက်မှေးရွာသစ်ကို ပြောင်းရွှေ့ဖို့ ကျွန်တော်တို့ကို တင်ပြလာတယ်။ ပြောင်းရွှေ့ကြမယ့် သူတွေရဲ့ အကူအညီတောင်းခံမှုကြောင့် ကျွန်တော်တို့က ဥပဒေဘောင်အတွင်းကနေ ဆောင်ရွက်ဖို့ ဆိုပြီးတော့ ကက်ဘိနက်ကနေ ဆုံးဖြတ်ပြီးတော့ ဆောင်ရွက်ခဲ့ကြတာ ဖြစ်ပါတယ်။ လစဉ်လတိုင်း အစည်းအဝေးမှာ ပြည်သူတွေက ရွှေ့ပြောင်းချင်တယ်လို့ တင်ပြလာတဲ့အခါမှာ အားလုံး ဆောင်ရွက်ပေးဖို့ဆိုတဲ့ ဆုံးဖြတ်ချက်တွေလည်း ရှိပါတယ်။ ဒီကိစ္စမှာ ကျွန်တော်တို့က တတ်နိုင်သလောက် ညှိနှိုင်းဖြေလျှော့ပေးတာတွေ ရှိပါတယ်။ ရွာတွေမှာ မရွှေ့ချင်တဲ့သူတွေ ရှိတယ်။ ရွှေ့ချင်တဲ့သူတွေလည်း ရှိတယ်။ တချို့ကတော့ ကန့်လန့်တိုက်တဲ့ အပိုင်းတွေ ရှိချင်ရှိမှာပေါ့”ဟု ဦးမြင့်ကြည်က ဆက်လက်ပြောကြားသည်။

ဝက်မှေးရွာဟောင်းမှ ပြောင်းရွှေ့ခြင်းမရှိသည့် ဒေသခံများက တုတ်၊ ဓား၊ လေးခွများ ကိုင်ဆောင်ပြီး လုံခြုံရေးရဲတပ်ဖွဲ့ဝင်များကို ဟန့်တားခဲ့ကြကြောင်း၊ ပစ္စည်းသယ်ဆောင်မည့် မော်တော်ယာဉ်များ၏ ရှေ့မှောက်တွင် ဝမ်းလျားမှောက်ခြင်းမျိုးကို ဒေသခံများဘက်က ပြုလုပ်ခဲ့ကြကြောင်း၊ ထို့ပြင် ဒေသခံများက သံပုံးတီးပြီး လုံခြုံရေး ရဲတပ်ဖွဲ့ဝင်များအကြား ဝင်ရောက်သည့်အတွက် ရဲတပ်သား ရဲမေတစ်ဦး ထိခိုက်ဒဏ်ရာ ရရှိခဲ့ကြောင်း စစ်ကိုင်းတိုင်းဒေသကြီး ရဲတပ်ဖွဲ့မှ ရဲမှူးကြီးလေးစိုးက ဆိုသည်။

မတ် ၃၁ ရက် နံနက် ၉ နာရီခန့်က စစ်ကိုင်းတိုင်းဒေသကြီး အစိုးရအဖွဲ့ရုံး အစည်းအဝေး ခန်းမဆောင်တွင် ဆားလင်းကြီးမြို့နယ် ဝက်မှေးကျေးရွာဟောင်းမှ နေအိမ် ပြောင်းရွှေ့ခြင်းနှင့် ပတ်သက်၍ စစ်ကိုင်းတိုင်းဒေသကြီး အစိုးရအဖွဲ့က သတင်းစာရှင်းလင်းပွဲပြုလုပ်မှုနှင့် ပတ်သက်၍ ရွှေ့ပြောင်းကြသည့်သူများကို ဖိတ်ခေါ်ပြီး မရွှေ့ပြောင်းကြမည့် သူများကို မဖိတ်ကြားခြင်းသည် တရားမျှတမှု မရှိကြောင်း မြေယာသိမ်းဆည်းခံ ဝက်မှေးရွာဟောင်းမှ ကိုအောင်ဇော်ဦးက ဆိုသည်။

“အခု ရွှေ့ပြောင်းကြတဲ့သူတွေက အရင် ရွှေ့ပြောင်းကြတဲ့သူတွေကို ခဲနဲ့ထုပြီး ရွာကနေ ထုတ်ပစ်တာ။ ကျွန်တော်တို့က ရွာထဲကို ရဲကားတွေနဲ့ ပစ္စည်းသယ်မယ့် ကားတွေ မဝင်ပါနဲ့လို့ပဲ ပြောခြင်းဖြစ်တယ်။ ဒါ့ကြောင့် ရွှေ့ပြောင်းကြမယ့် သူတွေက ရွာထဲကို ကားဝင်ချင်ပါတယ် ဆိုတာကနေ ပြဿနာဖြစ်တာ။ အခုကျ သူတို့က မရွှေ့ကြတဲ့သူတွေနဲ့ ရွှေ့ကြမယ့်သူတွေကို ရန်တိုက်ပေးတာပါ။ ဒါကြီးက လုံး၀ မတရားပါဘူး”ဟု ကိုအောင်ဇော်ဦးက ဆိုသည်။

Most Read

Most Recent