ရန်ကုန်မြို့သစ်စီမံကိန်း ပထမအဆင့် ကနဦး အခြေခံအဆောက်အအုံ ဆောက်လုပ်ခြင်းအတွက် အမေရိကန်ဒေါ်လာ ၁ ဒသမ ၅ ဘီလျံကျော် ကုန်ကျမည်ဟုဆို

ရန်ကုန်မြို့သစ်စီမံကိန်း ပထမအဆင့် ကနဦး အခြေခံအဆောက်အအုံ ဆောက်လုပ်ခြင်းအတွက် အမေရိကန်ဒေါ်လာ ၁ ဒသမ ၅ ဘီလျံကျော် ကုန်ကျမည်ဟုဆို
Published 1 April 2018

ရန်ကုန်မြို့သစ်စီမံကိန်း ပထမအဆင့်အတွက် ကနဦး အခြေခံအဆောက်အအုံ ဆောက်လုပ်ခြင်းအတွက် အမေရိကန်ဒေါ်လာ ၁ ဒသမ ၅ ဘီလျံကျော် ကုန်ကျမည်ဖြစ်ကြောင်း သိရသည်။

ရန်ကုန်မြို့သစ်စီမံကိန်းနှင့် ပတ်သက်ပြီး အကောင်အထည်ဖော် ဆောင်ရွက်မည့် NYDC(New Yangon Development Company Ltd.,) မိတ်ဆက်ခြင်း အခမ်းအနား မတ် ၃၁ ရက်တွင် ရန်ကုန်မြို့ ပြည်လမ်းရှိ Lotte Hotel တွင် ပြုလုပ်ခဲ့သည်။

“ခိုင်မာတောင့်တင်းသော စက်မှုအခြေခံ တည်ဆောက်ခြင်းက အလုပ်အကိုင်များကို ဖန်တီးပေးမှာဖြစ်ပြီး ယင်းမှတစ်ဆင့် အကျိုးကျေးဇူးများကို အခြားကဏ္ဍများသို့ တဖြည်းဖြည်း စီးဆင်းစေမှာ ဖြစ်ပါတယ်။ ရန်ကုန်မြို့သစ်က အလုပ်အကိုင် နှစ်သန်းကို ဖန်တီးပြီး ဒေသခံ စီးပွားရေးလုပ်ငန်းများ အထောက်အကူပေးခြင်းနဲ့ နိုင်ငံတကာမှ စီးပွားရေးကုမ္ပဏီများကိုလည်း ဆွဲဆောင်နိုင်ဖို့ မျှော်လင့်ထားပါတယ်။ စီမံကိန်းမှာ ကမ္ဘာ့အဆင့်မီ ရေရှည်တည်တံ့ပြီး စိတ်ချရတဲ့ အခြေခံအဆောက်အအုံနဲ့ လူတန်းစား အားလုံးအတွက် တန်ဖိုးသင့် နေထိုင်စရာလည်း ပါဝင်မှာ ဖြစ်ပါတယ်”ဟု ရန်ကုန်တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်းက ပြောကြားသည်။

NYDC ကို အထူးကုမ္ပဏီများ အက်ဥပဒေဖြင့် ဖွဲ့စည်း တည်ထောင်ခဲ့ခြင်း ဖြစ်ကြောင်း၊ ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့မှ ရာနှုန်းပြည့် ပိုင်ဆိုင်ပြီး မြို့သစ် တည်ဆောက်ရေးလုပ်ငန်း ပထမအဆင့်နှင့် ဆက်စပ်သည့် အခြေအဆောက်အအုံ လုပ်ငန်းသည် ပျမ်းမျှအားဖြင့် အမေရိကန်ဒေါ်လာ ၁ ဒသမ ၅ ဘီလျံကျော် ကုန်ကျမည်ဟု မျှော်မှန်းထားကြောင်း၊ အဆိုပါ လုပ်ငန်းများတွင် ရွာ၊ မြို့နယ် ငါးခု၊ တံတား နှစ်စင်း၊ ၂၆ ကီလိုမီတာအရှည် ပင်မလမ်းကြောင်းများ၊ ၁၀ စတုရန်းကီလိုမီတာရှိ စက်မှုဇုန်၊ လျှပ်စစ်ဓာတ်အား ထုတ်လုပ်မှု စက်ရုံ၊ လျှပ်စစ်ဓာတ်အား ဖြန့်ဖြူးရေး ဆောက်အအုံများ၊ ရေသန့်နှင့် ရေဆိုးထုတ် စက်ရုံများ ပါဝင်မည်ဖြစ်ကြောင်း သိရသည်။

ယင်းကုမ္ပဏီ၏ ရည်ရွယ်ချက်သည် ရန်ကုန်မြစ် အနောက်ဘက်ရှိ မြေနေရာကို ဖွံ့ဖြိုးတိုးတက်လာစေရန် ဆောင်ရွက်ခြင်းဖြင့် စီးပွားရေး၊ နေအိမ်များနှင့် အလုပ်အကိုင်များ တိုးတက်လာစေရန် ဖြစ်ကြောင်း၊ ယင်းဖွံ့ဖြိုးရေး လုပ်ငန်းသည် ရန်ကုန်မြို့သစ်ဟု အမည်တွင်မည် ဖြစ်ပြီး တည်ဆောက်မှုများ ပြီးစီးပါက ယင်းဒေသသည် စင်ကာပူနိုင်ငံ အရွယ်အစားထက် နှစ်ဆ ကျယ်ဝန်းမည် ဖြစ်ကြောင်း NYDC (New Yangon Development Company Ltd.,) မိတ်ဆက်ခြင်း အခမ်းအနားနှင့် ပတ်သက်၍ သတင်းထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

ရန်ကုန်မြို့သစ်အား စွမ်းရည်ရှိခြင်း၊ ဂုဏ်သိက္ခာရှိခြင်း၊ တာဝန်ခံမှုရှိခြင်း အစရှိသည့် စံနမူနာအချက်များ ဖော်ဆောင်နိုင်ရန်နှင့် လုံခြုံပြီး သတင်းဆက်သွယ်ရေးနည်းပညာ ထွန်းကားသန့်ရှင်းသော မြို့တစ်မြို့ဖြစ်လာရန် မျှော်မှန်းထားကြောင်း၊ ရန်ကုန်မြို့သစ် တည်ဆောက်ရာတွင် Public Private Partnership (PPP) ဟုခေါ်သည့် မော်ဒယ်ကို အဓိက အသုံးပြုသွားမည် ဖြစ်ပြီး ငွေကြေးရင်းနှီးမြှုပ်နှံမှုအတွက် ပုဂ္ဂလိက အဖွဲ့အစည်းကဏ္ဍမှာ အလွန်အရေးကြီးကြောင်း၊ NYDC ကို ဒါရိုက်တာဘုတ်အဖွဲ့မှ စီမံခန့်ခွဲမည်ဖြစ်ပြီး ၎င်းတို့သည် ယင်းကော်ပိုရေးရှင်း၏ အမြင့်ဆုံးအာဏာပိုင်အဖွဲ့ ဖြစ်ကြောင်း၊ နိုင်ငံတကာ စံနှုန်းများဖြင့် ကိုက်ညီသည့် ကောင်းမွန်စီမံအုပ်ချုပ်မှုနှင့် အကောင်းဆုံး လုပ်နည်းလုပ်ဟန်များအတိုင်း လိုက်နာရန် အစိုးရအဖွဲ့ဝင်ဝန်ကြီးများ၊ နိုင်ငံတကာမှ လွတ်လပ်သော ဒါရိုက်တာများ ပါဝင်မည်ဖြစ်ကြောင်း ထုတ်ပြန်ချက် သိရသည်။

“အလုပ်အကိုင် အခွင့်အလမ်းသစ်များကြောင့် လူမှုရေးနဲ့ စီးပွားရေးဆိုင်ရာ အကျိုးကျေးဇူးတွေ ရရှိမှာ ဖြစ်ပါတယ်။ ကျွန်တော်က NYDC ရဲ့အမှုဆောင် အရာရှိချုပ်အဖြစ် တာဝန်ထမ်းဆောင်စဉ် ကာလအတွင်း ကောင်းမွန်သော စီမံအုပ်ချုပ်မှု လုပ်ဆောင်နိုင်ဖို့အတွက် ကျွန်တော်ကိုယ်တိုင်နဲ့ ကျွန်တော့်ရဲ့ ထိန်းချုပ်ကွပ်ကဲမှုအောက်မှာရှိတဲ့ ကုမ္ပဏီများအနေဖြင့် ပြည်သ့ူဆောက်လုပ်ရေးလုပ်ငန်း တင်ဒါများမှာ ဝင်ရောက် ယှဉ်ပြိုင်ခဲ့သည်ရှိသော် ကျွန်တော်အနေနဲ့ တိုက်ရိုက်ဖြစ်စေ၊ သွယ်ဝိုက်၍ဖြစ်စေ ဝင်ရောက်ကူညီမှာ မဟုတ်ပါဘူး”ဟု NYDC ၏အမှုဆောင်အရာရှိချုပ် Mr.Serge Pun (ဦးသိန်းဝေ) က ပြောကြားသည်။

ထို့ပြင် မျှတသော ပြိုင်ဆိုင်မှု၊ ပွင့်လင်းမြင်သာမှုနှင့် စွမ်းဆောင်ရည်ရှိစေရန် NYDC အနေဖြင့် ကမ္ဘာအနှံ့တွင် ကျင့်သုံးနေသော မော်ဒယ်ဖြစ်သည့် Swiss Challenge ကို နိုင်ငံအတွင်းရှိ အခြေအနေများနှင့် ကိုက်ညီမှုရှိစေရန် ပြုပြင်ပြီး NYDC Challenge ဟု အမည်ပြောင်းကာ ကျင့်သုံးသွားမည် ဖြစ်ကြောင်း၊ ပါဝင်သက်ဆိုင်သူ အားလုံးထံမှ ယုံကြည်မှုရရှိရန် ပွင့်လင်းမြင်သာမှုသည် အရေးကြီးဆုံးဖြစ်ကြောင်း NYDC ၏ ဒါရိုက်တာဖြစ်သူ Mr.George Yeo (စင်ကာပူနိုင်ငံခြားရေးဝန်ကြီးဌာန၏ ဝန်ကြီးဟောင်း) က ပြောကြားသည်။

Most Read

Most Recent