ဂျပန်နိုင်ငံတွင် ဒုက္ခသည်အဖြစ် လျှောက်ထားသူ စံချိန်တင် များပြားလာသည့်အတွက် ဒုက္ခသည်အဖြစ် လိမ်လည် လျှောက်ထားသူများကို နေရပ်ပြန်ပို့မည်

ဂျပန်နိုင်ငံတွင် ဒုက္ခသည်အဖြစ် လျှောက်ထားသူ စံချိန်တင် များပြားလာသည့်အတွက် ဒုက္ခသည်အဖြစ် လိမ်လည် လျှောက်ထားသူများကို နေရပ်ပြန်ပို့မည်
Published 1 April 2018

ဂျပန်နိုင်ငံ၌ ဒုက္ခသည်အဖြစ် လျှောက်ထားသူ စံချိန်တင် များပြားလာသည့်အတွက် ဒုက္ခသည်အဖြစ် လိမ်လည် လျှောက်ထားသူများကို နေရပ်သို့ ပြန်ပို့မည် ဖြစ်ကြောင်း မတ် ၂၉ ရက်တွင် ဂျပန်နိုင်ငံဆိုင်ရာ မြန်မာသံရုံး၏ သတင်းထုတ်ပြန်ချက်အရ သိရသည်။

ဂျပန်တရားရေး ဝန်ကြီးဌာန၏ ဖော်ပြချက်အရ ဂျပန်နိုင်ငံတွင် ၂၀၁၆ ခုနှစ် ဇန်နဝါရီလမှ စက်တင်ဘာလအထိ ဒုက္ခသည်အဖြစ် လျှောက်ထားသူ ၆၁၁၇ ဦးသာ ရှိခဲ့သော်လည်း ၂၀၁၇ ခုနှစ် ဇန်နဝါရီလမှ စက်တင်ဘာလအထိ ဒုက္ခသည်အဖြစ် လျှောက်ထားသူ ၁၄၀၄၃ ဦး ရှိလာသည့်အတွက် ၂၀၁၆ ခုနှစ်နှင့် နှိုင်းယှဉ်ကြည့်ပါက ဒုက္ခသည်အဖြစ် လျှောက်ထားသူ ၇၇ ရာခိုင်နှုန်း တိုးလာကြောင်း သိရသည်။

ယင်းသို့ ဒုက္ခသည် လျှောက်ထားမှုများအနက် ၄၄ ရာခိုင်နှုန်းသည် ပုံမှန်ပြဿနာဖြစ်ပြီး ၆၆ ရာခိုင်နှုန်းမှာ အကြွေးပြန်မဆပ်နိုင်၍ လျှောက်ထားခြင်း ဖြစ်ကြောင်း သိရသည်။ ဂျပန်နိုင်ငံ၌ ဒုက္ခသည်အဖြစ် လျှောက်ထားသူများထဲတွင် မြန်မာနိုင်ငံသားများလည်း ပါဝင်ပြီး ၂၀၁၄ ခုနှစ်မှ ၂၀၁၇ ခုနှစ် အထိ လေးနှစ်အတွင်း ဒုက္ခသည်အဖြစ် လျှောက်ထားသူ ၇၄၅ ဦးရှိကြောင်း သိရသည်။

ထိုသို့ ဒုက္ခသည်အဖြစ် လျှောက်ထားမှု များပြားလာသည့်အတွက် ဂျပန်နိုင်ငံ တရားရေးဝန်ကြီးဌာနသည် ဒုက္ခသည်လျှောက်ထားမှုကို ပြန်လည် ကြပ်မတ်ရန်အတွက် ဂျပန်နိုင်ငံ၌ ကာလရှည်ကြာစွာ နေထိုင်အလုပ်လုပ်ကိုင်ရန် ဒုက္ခသည်အဖြစ် လိမ်လည်လျှောက်ထားမှုများကို ထိန်းချုပ်နိုင်ရန်နှင့် အမှန်တကယ် ဒုက္ခသည် ဟုတ်၊ မဟုတ်ကို စစ်ဆေးနိုင်ရန်အတွက် ရည်ရွယ်၍ ဂျပန်နိုင်ငံ၌ ဒုက္ခသည် အသိအမှတ်ပြုစနစ်သစ်တစ်ရပ်ကို ဂျပန်တရားရေးဝန်ကြီးဌာနက သတင်းထုတ်ပြန်သည်။

စနစ်သစ်အရ နိုင်ငံရေးအရ အမှန်တကယ် ဒုက္ခရောက်သူ မဟုတ်သူများ၊ ကျောင်းသားများ၊ အလုပ်သင် အလုပ်သမားများ၊ လုပ်ငန်းခွင်မှ ထွက်ပြေးသည့် အလုပ်သမားများ ဒုက္ခသည်အဖြစ် လိမ်လည်လျှောက်ထားပါက မိမိနိုင်ငံသို့ ပြန်လည် ပို့ဆောင်သွားမည်ဖြစ်ကြောင်း ဂျပန်နိုင်ငံ တရားရေးဝန်ကြီးဌာနက ဖော်ပြထားသည်။

ဒုက္ခသည်ဆိုသည်မှာ ရိုးရိုး ဒုက္ခရောက်နေသူကို ဆိုလိုခြင်း မဟုတ်ဘဲ မိမိမူရင်း မိခင်နိုင်ငံတွင် ဆက်လက်နေထိုင်ရန် အခက်အခဲရှိပြီး နိုင်ငံရေးအပြစ်ဒဏ် ခံရနိုင်ရန် အလားအလာရှိ၍ နိုင်ငံရပ်ခြားသို့ ထွက်ပြေးလာသူများမှ ဒုက္ခသည်အဖြစ် လျှောက်ထားနိုင်မည် ဖြစ်ကြောင်း သိရသည်။

Most Read

Most Recent