မြောက်ဥက္ကလာပဆေးရုံကြီး၌ အသစ်တည်ဆောက်နေသည့် သားဖွားမီးယပ်ဆောင်တွင် အသုံးပြုရန် မီးယပ်ဆိုင်ရာ ဆီးလမ်းကြောင်းရောဂါ ခွဲစိတ်ပစ္စည်းများနှင့် စမ်းသပ်ပစ္စည်းများ ဖြည့်ဆည်းထားရှိမည်

မြောက်ဥက္ကလာပဆေးရုံကြီး၌ အသစ်တည်ဆောက်နေသည့် သားဖွားမီးယပ်ဆောင်တွင် အသုံးပြုရန် မီးယပ်ဆိုင်ရာ ဆီးလမ်းကြောင်းရောဂါ ခွဲစိတ်ပစ္စည်းများနှင့် စမ်းသပ်ပစ္စည်းများ ဖြည့်ဆည်းထားရှိမည်
Published 1 April 2018

ထိုင်ဝမ်နိုင်ငံ Cao Zlaong Zhi Foundation က စက်ပစ္စည်းများ လှူဒါန်းနေသည်ကို တွေ့ရစဉ်

မြောက်ဥက္ကလာပဆေးရုံကြီး၌ အသစ်တည်ဆောက်နေသည့် သားဖွားမီးယပ်ဆောင်တွင် အသုံးပြုရန် ထိုင်ဝမ်နိုင်ငံမှ လှူဒါန်းထားသည့် မီးယပ်ဆိုင်ရာ ဆီးလမ်းကြောင်းရောဂါ ခွဲစိတ်စက်ပစ္စည်းကိရိယာများနှင့် စမ်းသပ်ပစ္စည်းကိရိယာများ ဖြည့်ဆည်းထားရှိကာ လူနာများအား ခွဲစိတ်ကုသမည်ဖြစ်ကြောင်း မြောက်ဥက္ကလာပဆေးရုံကြီးမှ သိရသည်။

အဆိုပါစက်ပစ္စည်းများသည် ထိုင်ဝမ်နိုင်ငံ Cao Zlaong Zhi Foundation က လှူဒါန်းထားသည့် စက်ပစ္စည်းကိရိယာများဖြစ်ပြီး ခွဲစိတ်ကုသရမည့် လူနာများအတွက် ပိုမိုထိရောက်စွာ ကုသနိုင်မည်ဖြစ်ကြောင်း မြောက်ဥက္ကလာပဆေးရုံကြီး၊ သားဖွားမီးယပ်ပညာဌာနမှ ပါမောက္ခဌာနမှူး ပါမောက္ခဒေါက်တာ ကြည်ကြည်ညွန့်က ဆိုသည်။

“ဒီစက်တွေရောက်လာပြီဆိုရင် မီးယပ်ဆိုင်ရာ ဆီးလမ်းကြောင်းရောဂါတွေကို ပိုပြီးအသေးစိတ်သိရှိလာမယ်။ ဘာကြောင့်ဖြစ်တာလဲ၊ ဘယ်နေရာမှာဖြစ်တာလဲ၊ ဒါသည် လေ့ကျင့်ခန်းနဲ့ပဲ ပြီးသွားမှာလား၊ ဆေးနဲ့ကုသရမှာလား၊ ဒါသည် ခွဲစိတ်လို့ရသလားဆိုတာကို အသေးစိတ်သိလာမယ်။ ဒါတွေသည် အမြင်အားဖြင့် ကြည့်မယ်ဆို အသက်ချက်ချင်းသေလောက်အောင် ရောဂါမဟုတ်ပေမယ့် အမျိုးသမီးတွေ နေ့စဉ်ခံစားနေတဲ့ရောဂါဖြစ်ပါတယ်” ဟု ပါမောက္ခဒေါက်တာ ကြည်ကြည်ညွန့်က ပြောကြားသည်။

၎င်းက ဆက်လက်၍ “ဒီစက်ပစ္စည်းတွေက အင်မတန်မှ ဈေးကြီးပါတယ်။ သားအိမ်ကျွံနေတဲ့လူတွေ၊ မွေးလမ်းကြောင်းကျွံတဲ့သူတွေ၊ ဆီးသွားရခက်ခဲတဲ့သူတွေ၊ ဆီးမထိန်းနိုင်တဲ့သူတွေကို ဆေးနဲ့ကုသတဲ့အပြင် ခွဲစိတ်ကုသရင် ပျောက်ကင်းမလား။ ဘယ်နည်းလမ်းနဲ့ ကုသရင် ပျောက်ကင်းနိုင်မလဲဆိုတာကို စက်ပစ္စည်းကိရိယာတွေနဲ့ စမ်းလို့ရတယ်။ ခွဲစိတ်ကုသမယ်ဆို ခွဲစိတ်မှုပေးနိုင်မယ်ပေါ့” ဟု ၎င်းက ပြောကြားသည်။

လက်ရှိ မြောက်ဥက္ကလာပဆေးရုံကြီးတွင် သားဖွားမီးယပ်ဌာန ခြောက်ထပ်ဆောင် အဆောက်အအုံဆောက်လုပ်နေပြီး ယင်းအဆောက်အအုံသည် ယခုနှစ်ကုန်တွင် ပြီးစီးမည်ဖြစ်ကြောင်း သိရသည်။

အဆိုပါ စက်ပစ္စည်းကိရိယာများကို မတ် ၃၀ ရက်တွင် မြောက်ဥက္ကလာပဆေးရုံကြီး၌ ထိုင်ဝမ်နိုင်ငံ Cao Zlaong Zhi Foundation မှ ပထဆုံးအကြိမ် လာရောက်လှူဒါန်းခြင်းဖြစ်ကြောင်း သိရသည်။ ဆေးတက္ကသိုလ် (၁) ရန်ကုန်၊ ဆေးတက္ကသိုလ်မန္တလေး၊ ဗဟိုအမျိုးသမီးဆေးရုံကြီး (ရန်ကုန်) နှင့် ဗဟိုအမျိုးသမီးဆေးရုံကြီး (မန္တလေး) တို့၌လည်း ဂျပန်နိုင်ငံမှ လှူဒါန်းထားသည့် သားဖွားမီးယပ်ဆိုင်ရာ ခွဲစိတ်ပစ္စည်းများထားရှိကြောင်း သိရသည်။

Most Read

Most Recent