NLD ပါတီဝင် မြင်းခြံမြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးပေါခင် ကွယ်လွန်

NLD ပါတီဝင် မြင်းခြံမြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးပေါခင် ကွယ်လွန်
Published 1 April 2018

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီဝင် မြင်းခြံမြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးသက်လွင် (ခ) ဦးပေါခင်သည် မတ် ၃၁ ရက်တွင် မန္တလေးပြည်သူ့ဆေးရုံကြီးတွင် ကွယ်လွန်သွားကြောင်း သတင်းရရှိသည်။

ဦးပေါခင်သည် နှလုံးမကောင်းသဖြင့် နှလုံးအတွင်း Stent ထည့်ထားရသောကြောင့် နှလုံးရောဂါအခံရှိကာ ရုတ်တရက်လဲကျသဖြင့် ဆေးရုံတက်ရောက်ကုသစဉ် ကွယ်လွန်သွားခြင်းဖြစ်ကြောင်း ပုလဲမဲဆန္ဒနယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဒေါ်ခင်စန်းလှိုင်က ပြောကြားသည်။

“သူက အင်ဂျင်နီယာတစ်ယောက်ပါ။ အန်တီတို့နဲ့တော့ ၁၉၉၀ ရွေးကောက်ပွဲတုန်းကတည်းက ဆောင်ရွက်လာတာ။ သူက သူ့ရဲ့တာဝန်ကျတဲ့ မြို့နယ်တွေမှာပဲ အားလုံးတက်တက်ကြွကြွဆောင်ရွက်ခဲ့တယ်။ ပါတီအကျပ်အတည်းကာလ၊ အန်တီတို့ပါတီ ဒုက္ခရောက်နေတဲ့အချိန်တွေမှာလည်း ဒီပါတီနဲ့ပဲ လက်တွဲပြီးတော့မှ ဆောင်ရွက်ခဲ့တယ်” ဟု ဒေါ်ခင်စန်းလှိုင်က ပြောကြားသည်။

ဦးပေါခင်သည် ၁၉၉၀ အထွေထွေရွေးကောက်ပွဲတွင် မြင်းခြံပြည်သူ့လွှတ်တော်ကိုယ်စားလှယ်အဖြစ် ရွေးကောက်ခံခဲ့ရပြီး ၂၀၁၂ ခုနှစ် ကြားဖြတ်ရွေးကောက်ပွဲတွင် နွားထိုးကြီးမဲဆန္ဒနယ် ပြည်သူ့ကိုယ်စားလှယ်အဖြစ် ရွေးချယ်ခံရကာ ၂၀၁၅ ခုနှစ် အထွေထွေရွေးကောက်ပွဲတွင်လည်း မြင်းခြံမြို့နယ် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်အဖြစ် ထပ်မံရွေးချယ်ခံခဲ့ရပြီး ပြည်သူ့လွှတ်တော်ရင်းနှီးမြှုပ်နှံမှုနှင့် စက်မှုလက်မှုဖွံ့ဖြိုးတိုးတက်ရေး ကော်မတီအတွင်းရေးမှူး တာဝန်ထမ်းဆောင်ခဲ့သည်။

“ဦးပေါခင်က အင်မတန် စိတ်သဘောထားကောင်းတယ်။ စိတ်သဘောကောင်းတယ်ဆိုပေမဲ့ စိတ်ပျော့ပျောင်းတာမဟုတ်ဘူး။ သူက ပါတီနဲ့ပတ်သက်လာရင်၊ နိုင်ငံရေးနဲ့ပတ်သက်လာရင်၊ သူရဲ့ယုံကြည်ချက်နဲ့ ပတ်သက်လာရင်၊ ခံယူချက်နဲ့ ပတ်သက်လာရင် အင်မတန်မှကို စိတ်ဓာတ်ခိုင်မာတဲ့သူဖြစ်တယ်။ အခုလည်း နှလုံးမှာ Stent ထည့်ထားပြီးတော့မှ အဲဒီအချိန်တုန်းက ကျန်းမာရေးတော်တော်ကို ဆိုးဆိုးရွားရွားဖြစ်တဲ့ အချိန်တုန်းကတောင်မှ စိတ်လည်းမလျှော့ဘူး။ နေကောင်းတာနဲ့တစ်ပြိုင်နက် လွှတ်တော်ပြန်တက်တယ်။ တက်ခဲ့ပြီးတဲ့နောက်မှာ အန်တီတို့နဲ့ တောက်လျှောက်လက်တွဲပြီး ဆောင်ရွက်နေတာပေါ့။ ဒီနှစ်နှစ်ကျော်ကာလအတွင်းမှာပေါ့။ ပြောမယ်ဆိုရင် ရောဂါရဲ့အခြေအနေအရ ဒီလိုဖြစ်သွားတာပေါ့။ အန်တီတို့ပါတီအတွက်တော့ ဝါရင့်နိုင်ငံရေးသမားတစ်ယောက်၊ ပါတီပေါ်မှာ သစ္စာရှိပြီး ရိုးသားဖြူစင်တဲ့တစ်ယောက် ဆုံးရှုံးရတဲ့အတွက် ဝမ်းနည်းပါတယ်။ စိတ်မကောင်းဖြစ်ရပါတယ်” ဟု ဒေါ်ခင်စန်းလှိုင်က ပြောကြားသည်။

ဦးပေါခင်ကို ၁၉၄၇ ခုနှစ်တွင် မြင်းခြံမြို့နယ် ဂေါင်းကွဲကျေးရွာတွင် မွေးဖွားခဲ့ခြင်းဖြစ်ပြီး ဇနီးသည်မှာ ကုန်သည်တစ်ဦးဖြစ်ကာ သားသမီးသုံးဦးထွန်းကားခဲ့ပြီး ကွယ်လွန်ချိန်တွင် အသက် (၇၂) နှစ် အရွယ်ရှိပြီဖြစ်သည်။