ယခုနှစ်သြင်္ကန်ကာလ ပြည်မြို့ရှိ ရေကစားမဏ္ဍပ်များ၌ ရဲတပ်ဖွဲ့လုံခြုံရေး ချထားမည်မဟုတ်ဘဲ အရပ်သားအချင်းချင်း ထိန်းသည့်စနစ်ဖြင့် ပြုလုပ်မည်

ယခုနှစ်သြင်္ကန်ကာလ ပြည်မြို့ရှိ ရေကစားမဏ္ဍပ်များ၌ ရဲတပ်ဖွဲ့လုံခြုံရေး ချထားမည်မဟုတ်ဘဲ အရပ်သားအချင်းချင်း ထိန်းသည့်စနစ်ဖြင့် ပြုလုပ်မည်
Published 1 April 2018

ယခုနှစ်သြင်္ကန်ကာလ ပြည်မြို့ရှိ ရေကစားမဏ္ဍပ်များတွင် ရဲတပ်ဖွဲ့လုံခြုံရေး ချထားပေးမည်မဟုတ်ဘဲ အရပ်သားအချင်းချင်း ထိန်းသည့်စနစ်ဖြင့်သာ ကျင်းပရမည်ဖြစ်ကြောင်း ပြည်ခရိုင်ရဲတပ်ဖွဲ့မှူးရုံး ရဲမှူးပြုံးလွင်က ပြောကြားသည်။

“သံချပ်တွေနဲ့လာပြီး ဖျော်ဖြေကြမယ့် အဖွဲ့တွေရှိမယ်။ သူတို့လုံခြုံရေးပေးရမယ်။ ဗဟိုမဏ္ဍပ်ကတော့ မပေးလို့မရဘူး။ အပြည့်အ၀ လုံခြုံရေးပေးထားမယ်။ အခြားရေကစားမဏ္ဍပ် အသီးသီးမှာတော့ မနှစ်ကလိုမပေးတော့ပါဘူး။ ဘာဖြစ်လို့လဲဆိုတော့ ပြန်ပြီးသုံးသပ်တယ်ပေါ့။ မနှစ်ကပေးတယ်ဆိုတာမှာ ရဲသုံးယောက် လေးယောက်ပေါ့။ အရန်မီးသတ်နဲ့ပေါင်းပြီး အများဆုံးရှိ ခုနစ်ယောက် ရှစ်ယောက်ပေါ့။ ဒါပေမဲ့ မလုံလောက်ဘူး။ အရေးအကြောင်းဖြစ်လာပြီဆိုရင် စုဖွဲ့ဖို့ အချို့နေရာတွေမှာ အခက်အခဲလေးတွေရှိတယ်” ဟု ရဲမှူးပြုံးလွင်က ပြောကြားသည်။

ရေကစားမဏ္ဍပ်များတွင် လာရောက်ကစားသူများနှင့် လည်ပတ်သူအများစုမှာ အရက်သေစာ သောက်စားထားကြသူများဖြစ်၍ စကားလွယ်လွယ်ပြောခြင်း၊ အပြုအမူများကို လွယ်လွယ်ပြုလုပ်ခြင်းများ ရှိတတ်သည့်အတွက် အများစုကို ထိန်းသိမ်းရန်အတွက် အင်အားလိုအပ်ကြောင်း၊ ယင်းသို့မဖြစ်ပေါ်စေရန် အသင့်အနေအထားဖြင့် စုဖွဲ့စောင့်ကြည့်နေမည်ဖြစ်ကြောင်း ၎င်းက ပြောကြားသည်။

“အင်အားကို ဗဟိုမဏ္ဍပ်မှာ ပေးထားမယ်။ ကျန်တဲ့မဏ္ဍပ်တွေမှာတော့ မိမိအဖွဲ့ခေါင်းဆောင်းများက မိမိမဏ္ဍပ်အလိုက် စည်းကမ်းထိန်းသိမ်းအရေးအဖွဲ့ဆိုတာကို သီးခြားဖွဲ့စည်းပေးပါ။ ကိုယ့်အစီအစဉ်နဲ့ကိုယ်ပေါ့။ ကိုယ့်ရပ်မိရပ်ဖတွေနဲ့ ထိန်းပေးပါ။ အရပ်သားအချင်းချင်းထိန်းပေးပါ။ ထိန်းလို့မနိုင်တော့ဘူးဆိုရင် ကျွန်တော်တို့ကို ဖုန်းဆက်ပါ။ ဖုန်းနံပါတ်တွေ ပေးထားပါတယ်။ ကြိုက်တဲ့ဖုန်းကိုဆက်ပါ။ အချိန်မရွေးရောက်လာပါ့မယ်။ လူအရမ်းစည်ကားတဲ့နေရာတွေမှာတော့ ရပ်ကင်းအနေနဲ့ စောင့်ကြည့်နေပါမယ်” ဟု ရဲမှူးပြုံးလွင်က ပြောကြားသည်။

ရဲတပ်ဖွဲ့မှ လုံခြုံရေးချထားမပေးမှုနှင့် ပတ်သက်၍ ရေကစားမဏ္ဍပ်အဖွဲ့တစ်ခု၏ တာဝန်ရှိသူတစ်ဦးက “ည ၇ နာရီလောက်ဆို ရပ်စေချင်တယ်။ ရဲလုံခြုံရေးမပေးတဲ့ဟာကတော့ သိပ်ပြဿနာမရှိဘူး။ ကျွန်တော်တို့က ညပိုင်းလည်းမပါဘူး။ နှစ်တိုင်းလည်းမပေးတော့ အဆင်ပြေတယ်။ အခုက မဏ္ဍပ် သူ့လူနဲ့သူ ထိန်းတဲ့အတွက် အဆင်ပြေတယ်။ ရဲကအောက်ပိုင်းက ပရိသတ်ကိုထိန်းပေးတယ်ဆိုရင်တော့ တော်တော်အဆင်ပြေတယ်” ဟုပြောကြားသည်။

ယခုနှစ်တွင် ပြည်မြို့တွင် ဗဟိုမဏ္ဍပ်အပါအဝင် ရေကစားမဏ္ဍပ် ၁၇ ခုလျှောက်ထားပြီးဖြစ်ကာ ငါးခုမှာ လျှောက်ထားရန် ပြင်ဆင်နေကြောင်း ပြီးခဲ့သည့်နှစ်တွင် ရေကစားမဏ္ဍပ် ၂၉ ခုလျှောက်ထားခဲ့ပြီး ၂၄ ခုခွင့်ပြုခဲ့ကြောင်း သိရသည်။

Most Read

Most Recent