ကျပ်သိန်း ၂၀၀ နှင့်အထက် ကွန်ဒိုမီနီယံ၊ တိုက်ခန်းနှင့် အိမ်ရာများကို ချေးငွေအရစ်ကျဖြင့် ၁၅ နှစ်အထိ ပြန်လည်ပေးဆပ်နိုင်မည့် Aya Home Loan ဝန်ဆောင်မှု ဧရာဝတီဘဏ် စတင်

ကျပ်သိန်း ၂၀၀ နှင့်အထက် ကွန်ဒိုမီနီယံ၊ တိုက်ခန်းနှင့် အိမ်ရာများကို ချေးငွေအရစ်ကျဖြင့် ၁၅ နှစ်အထိ ပြန်လည်ပေးဆပ်နိုင်မည့် Aya Home Loan ဝန်ဆောင်မှု ဧရာဝတီဘဏ် စတင်
Published 1 April 2018

ကျပ်သိန်း ၂၀၀ နှင့်အထက် နိုင်ငံတကာအဆင့်အတန်းမီ ကွန်ဒိုမီနီယံ၊ တိုက်ခန်းနှင့် အိမ်ရာများကို Aya Home Loan ဝန်ဆောင်မှုဖြင့် ချေးငွေရယူပြီး နှစ်ရှည်အရစ်ကျ ၁၅ နှစ်အထိ အရစ်ကျပေးချေစနစ်ဖြင့် ဝယ်ယူနိုင်မည့်ဝန်ဆောင်မှု စတင်လိုက်ကြောင်း ဧရာဝတီဘဏ်က မတ် ၃၁ ရက်တွင် ရန်ကုန်မြို့ရှိ နိုဗိုတယ်ဟိုတယ်၌ ကျင်းပသည့် Aya Home Loan Launch ဖွင့်ပွဲမှ သိရသည်။

Aya Home Loan ဝန်ဆောင်မှုဖြင့် နှစ်ရှည်အရစ်ကျဝယ်ယူနိုင်မည့် အစီအစဉ် မိတ်ဆက်မှုကို ဧရာဝတီဘဏ်မှ Novotel Yangon Max Hotel တွင် မတ် ၃၁ ရက်မှ ဧပြီ ၂ ရက်အထိကျင်းပနေပြီး Aya Home Loan ဖြင့် သိန်း ၂၀၀ နှင့်အထက်ရှိ ကွန်ဒိုမီနီယံ၊ တိုက်ခန်းနှင့် အိမ်ရာများကို ချေးငွေရယူ ဝယ်ယူနိုင်မည်ဖြစ်သည်။ လက်ရှိသတ်မှတ်ချက်အရ ကွန်ဒိုနှင့် တိုက်ခန်းများကို ကျပ်သိန်း ၂၀၀ အထက်ဖြစ်ရန်နှင့် အသင့်နေအိမ်နှင့်မြေကို ကျပ်သိန်း ၅၀၀ အထက် ချေးငွေစတင်ရယူနိုင်မည်ဖြစ်သည်။

ထိုသို့ ကျပ်သိန်း ၂၀၀ နှင့်အထက် နိုင်ငံတကာအဆင့်အတန်းမီ ကွန်ဒိုမီနီယံများ၊ တိုက်ခန်းနှင့် အိမ်ရာများကို Aya Home Loan ဝန်ဆောင်မှုဖြင့် ဝယ်ယူမည်ဆိုပါက ကနဦးပေးသွင်းငွေ အနည်းဆုံးရာခိုင်နှုန်း ၃၀၊ လစဉ်ပုံသေပေးချေရမည့် အရစ်ကျစနစ် အများဆုံး ၁၅ နှစ်အထိရရှိနိုင်မည့် ချေးငွေသက်တမ်းနှင့် အတိုးနှုန်းအဖြစ် တစ်နှစ်လျှင် ၁၃ ရာခိုင်နှုန်း (Amortization Method) ဖြင့် တွက်ချက်ကောက်ခံသွားမည်ဖြစ်သည်။

“ပုဂ္ဂလိကဝန်ထမ်းဆိုရင် ကုမ္ပဏီရဲ့ထောက်ခံစာနဲ့ လစာပြေစာသုံးလစာနဲ့ ခြောက်လအတွင်း ဘဏ်စာရင်းရှင်းတမ်းတွေ တင်ပြဖို့လိုအပ်ပါတယ်။ BCC ကျပြီးတဲ့ တိုက်ခန်းဖြစ်ဖို့ လိုအပ်ပါတယ်” ဟု ဧရာဝတီဘဏ်မှ တာဝန်ရှိသူတစ်ဦးက ပြောကြားသည်။

လစာကျပ်ရှစ်သိန်း ရရှိသူအနေဖြင့် ဧရာဝတီဘဏ်မှာ ကျပ်သိန်း ၂၁၀ ခန့်အထိ ချေးယူနိုင်မည်ဖြစ်သည်။ ငွေချေးယူသူမှ ကျပ်သိန်း ၂၀၀ ကို ဧရာဝတီဘဏ်မှချေးယူပြီး ငါးနှစ်အတွက် အတိုးနှုန်း ၁၃ ရာခိုင်နှုန်းဖြင့် ပြန်လည်ပေးဆပ်မည်ဆိုပါက တစ်လလျှင် ၄၅၅၀၆၁ ကျပ်ပေးသွင်းရန် လိုအပ်မည်ဖြစ်ပြီး အတိုးနှုန်းပါဝင်သော ပြန်လည်ပေးဆပ်ရမည့်ပမာဏမှာ ကျပ် ၂၇၃ သိန်းကျော်ဖြစ်ကြောင်း သိရသည်။

“အိမ်ပိုင်လိုသူတွေက စိတ်ကြိုက်ရွေးချယ်ထားတဲ့အိမ်တွေကို သက်သောင့်သက်သာ ဝယ်ယူနိုင်ပြီး အိမ်ပိုင်ရာပိုင်ဖြစ်အောင် အခွင့်အရေးတွေ ဖော်ဆောင်ပေးခြင်းအားဖြင့် တိုင်းပြည်ရဲ့ စီးပွားရေး၊ ဆောက်လုပ်ရေးကဏ္ဍကို ကူညီတာလည်းဖြစ်ပါတယ်” ဟု ဧရာဝတီဘဏ် အုပ်ချုပ်မှုဒါရိုက်တာ ဦးမြင့်ဇော်က ပြောကြားသည်။

Aya Home Loan ဝန်ဆောင်မှု ရယူလိုသူများအနေဖြင့် လျှောက်လွှာကြေး ကျပ် ၅၀၀၀၀၊ မိမိချေးယူသည့် ငွေပမာဏအပေါ် အတိုးနှုန်းသုံးရာခိုင်နှုန်း၊ ဝယ်ယူမည့် အိမ်ရာတိုက်ခန်းဆိုင်ရာ အထောက်အထားများနှင့် မိမိ၏ ဝင်ငွေအထောက်အထားများ အပြည့်အစုံပါဝင်ပါက နှစ်ပတ်၊ သုံးပတ်အတွင်း အိမ်ရာချေးငွေရရှိမှု ရှိမရှိ သိရှိရမည်ဖြစ်သည်။

Most Read

Most Recent