မြန်မာနိုင်ငံ ရင်းနှီးမြှုပ်နှံမှုကော်မရှင်၏ ခွင့်ပြုမိန့်ရရှိပြီး စတင်ဆောင်ရွက်နေသည့် နိုင်ငံခြားနှင့် နိုင်ငံသားရင်းနှီးမြှုပ်နှံမှုလုပ်ငန်းများအပြင် အကောင်အထည်မဖော်နိုင်သေးသည့် လုပ်ငန်းများအား စစ်ဆေးလျက်ရှိ

မြန်မာနိုင်ငံ ရင်းနှီးမြှုပ်နှံမှုကော်မရှင်၏ ခွင့်ပြုမိန့်ရရှိပြီး စတင်ဆောင်ရွက်နေသည့် နိုင်ငံခြားနှင့် နိုင်ငံသားရင်းနှီးမြှုပ်နှံမှုလုပ်ငန်းများအပြင် အကောင်အထည်မဖော်နိုင်သေးသည့် လုပ်ငန်းများအား စစ်ဆေးလျက်ရှိ
Published 1 April 2018

ရွှေပြည်သာစက်မှုဇုန်အတွင်းရှိ အထည်ချုပ်စက်ရုံ လုပ်ငန်းခွင်တစ်ခုကို တွေ့ရစဉ် (ဓာတ်ပုံ-ဇေယျာငြိမ်း)

မြန်မာနိုင်ငံ ရင်းနှီးမြှုပ်နှံမှုကော်မရှင်မှ ခွင့်ပြုမိန့်ရရှိပြီး စတင်ဆောင်ရွက်နေသည့် နိုင်ငံခြားနှင့် နိုင်ငံသားရင်းနှီးမြှုပ်နှံမှုလုပ်ငန်းများအပြင် လုပ်ငန်းအကောင်အထည်မဖော်နိုင်သေးသည့် လုပ်ငန်းများအား စစ်ဆေးလျက်ရှိကြောင်း မြန်မာနိုင်ငံရင်းနှီးမြှုပ်နှံမှု ကော်မရှင်အတွင်းရေးမှူး ဦးအောင်နိုင်ဦးက ပြောကြားသည်။

MIC ခွင့်ပြုချက်ရပြီး အကောင်အထည်မဖော်နိုင်သည့်အပိုင်းတွင် နှစ်မျိုးရှိကြောင်း၊ ပထမတစ်မျိုးမှာ ရင်းနှီးမြှုပ်နှံသူ၏ အားနည်းချက်ဖြစ်ကြောင်း၊ ငွေကြေးအပြင် အခြားသောအခက်အခဲများကြောင့် မလုပ်ကိုင်နိုင်သည့် အခက်အခဲများရှိကြောင်း၊ ဒုတိယအခက်အခဲမှာ သက်ဆိုင်ရာဝန်ကြီးဌာနများမှ ခွင့်ပြုမိန့်လိုင်စင်၊ ပါမစ်များမရသေးသည့်အတွက် လုပ်ငန်းစတင်နိုင်ခြင်း မရှိသေးသည့်လုပ်ငန်းများလည်းရှိကြောင်း သိရသည်။

“မြန်မာနိုင်ငံသားတွေထဲမှာ မလုပ်နိုင်တဲ့လုပ်ငန်းများရှိသကဲ့သို့ နိုင်ငံခြားသားထဲမှာလည်း ရှိပါတယ်။ ရှိတဲ့လုပ်ငန်းတွေထဲမှာ အသေးစိတ် စာရင်းပြန်ကောက်ပါတယ်။ ပြန်ကောက်ပြီးတော့ MIC အဖွဲ့ဝင်သုံးဦးပါဝင်တဲ့ အဖွဲ့တွေက စစ်ပါတယ်။ စစ်တော့ နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုနဲ့ပတ်သက်ပြီး ရပ်နေတဲ့လုပ်ငန်းတွေအားလုံးကို စစ်ဆေးပြီးပါပြီ။ အချို့လည်း ပြန်သိမ်းသင့်တဲ့လုပ်ငန်းရှိရင် ပြန်သိမ်းဖို့၊ တချို့လည်း ဆက်ပြီးလုပ်ကိုင်ဖို့၊ တချို့လည်း ဝန်ကြီးဌာနများနဲ့ ဆက်စပ်ပြီးတော့ ကြန့်ကြာနေတဲ့လုပ်ငန်းတွေရှိရင် MIC က ဝိုင်းကူပြီးတော့ ဆက်ပြီးဆောင်ရွက်နေပါတယ်” ဟု မြန်မာနိုင်ငံ ရင်းနှီးမြှုပ်နှံမှုကော်မရှင် အတွင်းရေးမှူး ဦးအောင်နိုင်ဦးက ပြောကြားသည်။

“ဒုတိယအပိုင်းကတော့ မြန်မာနိုင်ငံသား လုပ်ငန်းတွေနဲ့ပတ်သက်ပြီး ဆက်လက်စစ်ဆေးနေပါတယ်။ မြန်မာနိုင်ငံသားတွေကို စိစစ်တာနဲ့ပတ်သက်ပြီး မပြီးသေးပါဘူး။ ခေါ်ယူညှိနှိုင်းတဲ့ကိစ္စတွေ စစ်ဆေးတာတွေကို ဆက်တိုက်ဆောင်ရွက်နေပါတယ်” ဟု ၎င်းက ဆက်လက်ပြောကြားသည်။

မြန်မာနိုင်ငံ ရင်းနှီးမြှုပ်နှံမှုကော်မရှင်၏ ခွင့်ပြုမိန့်ဖြင့် CMP စနစ်ဖြင့် အထည်ချုပ်လုပ်ခြင်းလုပ်ငန်း ဆောင်ရွက်လျက်ရှိသည့် မြေကွက်အမှတ်-၁၇၊ လှိုင်သာယာစက်မှု ဇုန်-၂၊ လှိုင်သာယာမြို့နယ် ရန်ကုန်တိုင်းဒေသကြီးရှိ Yoo Win Manufacturing Co.,Ltd သို့ ရင်းနှီးမြှုပ်နှံမှုနှင့် ကုမ္ပဏီများညွှန်ကြားမှုဦးစီးဌာန၊ ပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီးဌာန၊ စက်မှုကြီးကြပ်ရေးနှင့် စစ်ဆေးရေးဦးစီးဌာနနှင့် အလုပ်သမားညွှန်ကြားမှုဦးစီးဌာနတို့မှ တာဝန်ရှိပုဂ္ဂိုလ်များပါဝင်သည့် ကွင်းဆင်းစစ်ဆေးရေးအဖွဲ့သည် ကုမ္ပဏီ၏ သုံးလပတ်အစီရင်ခံစာ၊ စက်ပစ္စည်းတပ်ဆင်ထားမှု အခြေအနေ၊ အလုပ်သမားခန့်ထားမှု၊ ပတ်ဝန်းကျင်စီမံခန့်ခွဲမှု အစီအစဉ်၊ ပုဂ္ဂလိကစက်မှုမှတ်ပုံတင် အခြေအနေ၊ ရင်းနှီးမြှုပ်နှံမှုထည့်ဝင်မှုအခြေအနေ စသည်များကို ၂၀၁၈ ခုနှစ် မတ် ၂၈ ရက်တွင် သွားရောက်စစ်ဆေးပြီး လိုအပ်သည်များကို ညှိနှိုင်းဆောင်ရွက်ပေးခဲ့ကြောင်း ရင်းနှီးမြှုပ်နှံမှုနှင့် ကုမ္ပဏီများညွှန်ကြားမှုဦးစီးဌာနမှ သိရသည်။

Most Read

Most Recent