တာမွေရှိ ရွှေဗဟိုအထူးကုဆေးရုံ၌ သားဖွားမီးယပ်ဆရာဝန်က ဆေးထိုးပြီးနောက် ကိုယ်ဝန်ဆောင်သည်အမျိုးသမီးတစ်ဦး ဆေးရုံကြမ်းခင်းတွင် လဲကျသေဆုံးမှု ဖြစ်ပွားခဲ့သည်ဟုဆိုကာ တာမွေမြို့မရဲစခန်းတွင် အမှုဖွင့်

တာမွေရှိ ရွှေဗဟိုအထူးကုဆေးရုံ၌ သားဖွားမီးယပ်ဆရာဝန်က ဆေးထိုးပြီးနောက် ကိုယ်ဝန်ဆောင်သည်အမျိုးသမီးတစ်ဦး ဆေးရုံကြမ်းခင်းတွင် လဲကျသေဆုံးမှု ဖြစ်ပွားခဲ့သည်ဟုဆိုကာ တာမွေမြို့မရဲစခန်းတွင် အမှုဖွင့်
Published 31 March 2018

ရန်ကုန်တိုင်းဒေသကြီး၊ တာမွေမြို့နယ် ရွှေဗဟိုအထူးကုဆေးရုံ၌ သားဖွားမီးယပ်ဆရာဝန်က ဆေးထိုးပြီးနောက် ကိုယ်ဝန်ဆောင်သည်အမျိုးသမီးတစ်ဦး  ဆေးရုံကြမ်းခင်းတွင် လဲကျသေဆုံးခဲ့မှု မတ် ၂၇ ရက်က ဖြစ်ပွားခဲ့သဖြင့် တာမွေမြို့မရဲစခန်းတွင် အမှု ဖွင့်လှစ်တိုင်ကြားထားပြီး တာမွေမြို့မရဲစခန်းက အမှုလက်ခံထားကြောင်း မတ် ၃၀ ရက်တွင် စုံစမ်းသိရသည်။

သေဆုံးခဲ့သည့် အထက်တန်းရှေ့နေ ကိုယ်ဝန်ဆောင်သည် ဒေါ်..... ကို မတ် ၂၇ ရက် မွန်းတည့် ၁၂ နာရီ ၃၀ ခန့်တွင် ရွှေဗဟို အထူးကုဆေးရုံ၏ သားဖွားမီးယပ်အထူးကု ဆရာဝန်ဒေါက်တာယုယုလွင်က နှလုံးခုန်နှုန်း စမ်းသပ်ခြင်း၊ သွေးခုန်နှုန်းတိုင်းတာခြင်း စသည်တို့လုပ်ဆောင်ခဲ့ကြောင်း သိရသည်။ ထို့နောက် သားဖွားမီးယပ်ဆရာဝန်က ကိုယ်ဝန်ဆောင်သည်အမျိုးသမီးကို “နောက်နှစ်ရက်လောက်နေရင် မွေးတော့မယ်။ ဒီနေ့ထဲ က ဆေးရုံတက်ရင်တက်ပေါ့” ဟုပြောပြီး နောက် တင်ပါး၌ ဆေးတစ်လုံးထိုးပေးခဲ့ကြောင်း သိရသည်။

ဆေးထိုးပြီး ငါးမိနစ်ခန့်အကြာတွင် ကိုယ်ဝန်ဆောင်သည်အမျိုးသမီးမှာ အခန်းအပြင်သို့ထွက်သွားပြီး ပန်းရောင်အရည်များ အန်ခဲ့ပြီးနောက် ဆေးရုံကြမ်းခင်းပေါ်တွင် လဲကျခဲ့ကြောင်း သိရသည်။ လဲကျနေသည့် ကိုယ်ဝန်ဆောင်သည်မှာ မလှုပ်တော့သည့်အတွက် ဆေးရုံဝန်ထမ်းတစ်ဦးကို မိသားစုဝင်များက မေးမြန်းရာ “အသက်မရှိတော့ဘူး။ သေသွားပြီ” ဟု ပြော၍သေဆုံးသူကို တွန်းလှည်းဖြင့်တင်ကာ အခန်းတစ်ခုထဲတွင် ထည့်ထားခဲ့ကြောင်း သိရသည်။

ရွှေဗဟိုအထူးကုဆေးရုံတွင် ဆေးကုသမှုခံယူစဉ် ကိုယ်ဝန်ဆောင်သည်အမျိုးသမီး သေဆုံးခဲ့သည့်အတွက် ကုသခဲ့သည့် သားဖွား မီးယပ်အထူးကုဆရာဝန် ဒေါက်တာယုယုလွင်ကို သေဆုံးသူ၏ညီမဖြစ်သူ ဒေါ်တင်ချိုဝင်းက တရားလိုပြုလုပ်၍ တာမွေမြို့မရဲခစန်းတွင် ပြစ် မှုပုဒ်မ ၃၀၄၊ ရာဇသတ်ကြီးပုဒ်မ ၃၀၄ (က) ဖြင့် အမှုဖွင့်တိုင်ကြားထားကြောင်း သိရသည်။

ရာဇသတ်ကြီးပုဒ်မ ၃၀၄ (က) မှာ ပေါ့ လျော့ခြင်းဖြင့် သေဆုံးမှုဖြစ်ပြီး၊ မည်သူမဆို ရာဇဝတ်ပြစ်ဒဏ်ထိုက်သော လူသေမှုအဖြစ် ဖြင့်သော်လည်းကောင်း၊ လူသတ်မှုအဖြစ်ဖြင့်သော်လည်းကောင်း၊ ပြစ်ဒဏ်ချမှတ်ခြင်း မခံထိုက်သော အရမ်းပြုလုပ်မှုကို သို့တည်းမဟုတ် ပေါ့လျော့သောပြုလုပ်မှုကို ပြု၍လူကိုသေစေလျှင် ထိုသူကို ခုနစ်နှစ်ထိ ထောင်ဒဏ်တစ်မျိုး မျိုးချမှတ်နိုင်သည့်အပြင် ငွေဒဏ်လည်း ချမှတ်နိုင်ကြောင်း သိရသည်။ သို့ရာတွင် အဆိုပါပြုလုပ်မှုကို သေစေတတ်ရာသည်ဟုသိလျက်နှင့် ပြုလုပ်လျှင် ထောင်ဒဏ်ကိုတိုး၍ ဆယ်နှစ်အထိ ချမှတ်နိုင်သည့်ပုဒ်မဖြစ်ကြောင်း သိရသည်။

ကိုယ်ဝန်ဆောင်သည်အမျိုးသမီး သေဆုံးမှုနှင့်ပတ်သက်၍ သက်ဆိုင်ရာ တာမွေ မြို့မရဲစခန်းသို့ သွားရောက်မေးမြန်းရာ တာဝန်ကျရဲအရာရှိတစ်ဦးက “သေဆုံးသူရဲ့ ညီမ က တရားလိုလုပ်ပြီး စခန်းမှာ ၃၀၄-ကနဲ့ အမှု ဖွင့်ထားတယ်။ သားဖွားမီးယပ်ဆရာဝန်ကို စခန်းမှာ ဖမ်းဆီးထားတာမျိုး မရှိသေးပါဘူး။ ဒီပုဒ်မက အာမခံပေးလို့ရတဲ့ ပုဒ်မမျိုး မဟုတ်ပါဘူး”ဟု ပြောကြားသည်။

ရွှေဗဟိုအထူးကုဆေးရုံတွင် ဆေးကုသမှုခံယူစဉ်သေဆုံးခဲ့သည့် ကိုယ်ဝန်ဆောင်သည် အမျိုးသမီး၏ မိသားစုဝင်တစ်ဦးကို  The Daily Eleven သတင်းစာမှ အခင်းဖြစ်စဉ်နှင့် ပတ်သက်၍တစ်စုံတစ်ရာ ပြောကြားပေးရန် မေးမြန်းရာ “ကျွန်မဘာမှမဖြေချင်ဘူး။ သက်ဆိုင်ရာတာဝန်ရှိတဲ့လူတွေကိုပဲ မေးလိုက်ပါ” ဟု တုန့်ပြန်ဖြေဆိုခဲ့သည်။

အဆိုပါဖြစ်စဉ်နှင့်ပတ်သက်၍ ရွှေဗဟို အထူးကုဆေးရုံသို့ မတ် ၃၀ ရက် ည ၁၁ နာရီ ခန့်တွင် ဆက်သွယ်မေးမြန်းရာ ဖြေဆိုနိုင်မည့် တာဝန်ရှိသူများ မရှိသဖြင့် နောက်ရက်မှသာ ရုံးချိန်အတွင်း ဆက်သွယ်မေးမြန်းစေလိုကြောင်းနှင့် ဖြေကြားနိုင်မည့် တာဝန်ရှိသူများ၏ ဖုန်းနံပါတ်များလည်း ပေးထားခြင်း မရှိကြောင်း တာဝန်ကျဝန်ထမ်းက ဖြေကြားသည်။

 

 

Most Read

Most Recent