သမ္မတဦးဝင်းမြင့်အား ပါတီဒုတိယဥက္ကဋ္ဌ (၁) အဖြစ် တာဝန်ပေးအပ်ပြီး ဦးဝင်းထိန်အပါအဝင် ဗဟိုအလုပ်အမှုဆောင်လေးဦးအား သဘာပတိအဖွဲ့ဝင်အဖြစ် ပြောင်းလဲတာဝန်ပေးအပ်ကြောင်း NLD ပါတီ ထုတ်ပြန်

သမ္မတဦးဝင်းမြင့်အား ပါတီဒုတိယဥက္ကဋ္ဌ (၁) အဖြစ် တာဝန်ပေးအပ်ပြီး ဦးဝင်းထိန်အပါအဝင် ဗဟိုအလုပ်အမှုဆောင်လေးဦးအား သဘာပတိအဖွဲ့ဝင်အဖြစ် ပြောင်းလဲတာဝန်ပေးအပ်ကြောင်း NLD ပါတီ ထုတ်ပြန်
Published 31 March 2018

နိုင်ငံတော်သမ္မတဦးဝင်းမြင့်အား ပါတီဒုတိယဥက္ကဋ္ဌ (၁) အဖြစ် တာဝန်ပေးအပ်ပြီး ဦးဝင်းထိန်အပါအဝင် ဗဟိုအလုပ်အမှုဆောင်လေးဦးအား သဘာပတိအဖွဲ့ဝင်များအဖြစ် ပြောင်းလဲတာဝန်ပေးအပ်ကြောင်း အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီ (NLD) က မတ် ၃၀ ရက်တွင် သတင်းထုတ်ပြန်ခဲ့သည်။

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီ (NLD) က မတ် ၂၄ ရက်တွင် ပြုလုပ်ခဲ့သည့် ပါတီ၏ဗဟိုအလုပ်အမှုဆောင်အဖွဲ့ အစည်းအဝေး ဆုံးဖြတ်ချက်အရ ဒုတိယဥက္ကဋ္ဌနှစ်ဦး နှင့် သဘာပတိအဖွဲ့ဝင်များကို အသီးသီးတာ ဝန်ပေးအပ်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီ၏ ဒုတိယဥက္ကဋ္ဌ (၁) အဖြစ် ဦးဝင်းမြင့်အားလည်းကောင်း၊ ဒုတိယဥက္ကဋ္ဌ (၂) အဖြစ် ဒေါက်တာ ဇော်မြင့်မောင်အားလည်းကောင်း၊ သဘာပတိ အဖွဲ့ဝင်များအဖြစ် ယခင် ဗဟိုအလုပ်အမှုဆောင် အဖွဲ့ဝင်များဖြစ်သည့် ဦးဝင်းထိန်၊ ဦးအုံးကြိုင်၊ ဦးကျော်ခင်နှင့် မန်းဂျော်နီတို့ အား အသီးသီးတာဝန်များ ပေးအပ်ခဲ့ကြောင်း အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဗဟိုအလုပ်အမှုဆောင်အဖွဲ့က မတ် ၂၆ ရက် နေ့စွဲဖြင့် ထုတ်ပြန်ထားခြင်းဖြစ်သည်။

၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေတွင် နိုင်ငံတော်သမ္မတ သို့မဟုတ် ဒုတိယသမ္မတများသည် နိုင်ငံရေးပါတီတစ်ခုခု၏ အဖွဲ့ဝင် ဖြစ်လျှင် နိုင်ငံတော်သမ္မတ သို့မဟုတ် ဒုတိယ သမ္မတများအဖြစ် ရွေးချယ်တင်မြှောက်ခြင်း ခံရသည့်နေ့မှစ၍ မိမိတို့ ရာထူးသက်တမ်း အတွင်း ယင်းပါတီအဖွဲ့အစည်း၏ ပါတီလုပ်ငန်းများတွင် ပါဝင်ဆောင်ရွက်ခြင်းမပြုရဟု ပြဋ္ဌာန်းထားသည်။

သို့ဖြစ်၍ ဦးဝင်းမြင့်သည် နိုင်ငံတော်သမ္မတအဖြစ် မတ် ၃၀ ရက်က စတင် တာဝန် ထမ်းဆောင်ပြီဖြစ်ရာ ၎င်းအနေဖြင့် ပါတီလုပ်ငန်းများတွင် ပါဝင်ဆောင်ရွက်ခြင်း ရရှိမည် မဟုတ်ပေ။

ထိုကဲ့သို့ နိုင်ငံတော်သမ္မတအဖြစ် တာဝန်ပေးအပ်ခံခဲ့ရသည့် ဦးဝင်းမြင့်အား ဒုတိယဥက္ကဋ္ဌ (၁) အဖြစ်ပါတီတွင် တာဝန်ပေးအပ်ထားခြင်းနှင့်ပတ်သက်၍ အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်ပါတီ၏ ပြောရေးဆိုခွင့်ရှိသူ ဒေါက်တာမျိုးညွန့်က “ဦးဝင်းမြင့်ဆိုတာကတော့ ပါတီမှာ လျာထားတဲ့ သဘောပါပဲ။ ပါတီ တာဝန်ချိန်ကိုပဲ လျာထားလိုက်တာပါ” ဟု ပြောကြားသည်။

ထို့ပြင် ဦးဝင်းထိန်သည် ယခင်တာဝန်ထမ်းဆောင်ခဲ့သည့် ပါတီဗဟိုအလုပ်အမှုဆောင် အဖွဲ့ဝင်အဖြစ်မှ နုတ်ထွက်စာတင်၍ သြစတြေးလျနိုင်ငံသို့ထွက်ခွာခဲ့ဖူးပြီး ၎င်း၏ နုတ်ထွက်စာကို နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ်က လက်မခံသည့်အတွက် မြန်မာနိုင်ငံသို့ ပြန်လာခဲ့ရာ ယခုအချိန်တွင် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီ၏ သဘာပတိအဖွဲ့ဝင်အဖြစ် တာဝန်ပေးအပ်ခံခဲ့ရခြင်းလည်း ဖြစ်သည်။

“ဦးဝင်းထိန်ကတော့ အခုသဘာပတိ ဖြစ်သွားပြီဆိုတာ့ ဗဟိုအလုပ်အမှုဆောင်အဖွဲ့ အတွင်းရေးမှူးအဖွဲ့ဝင်ထဲမှာ မရှိတော့ဘူး။ အဓိကçကတော့ အသက်အရွယ်နဲ့ပတ်သက်ပါတယ်။ သူတို့မှာ တာဝန်ရှိသေးတယ်။အခုချိန်မှာပိုပြီးတော့ သွက်သွက်လက်လက် လုပ်ကိုင်လာဖို့ လူငယ်တွေကို အားဖြည့်ဖို့ ရည်ရွယ်ပြီးတော့ လုပ်တာပါ။ ပါတီဥက္ကဋ္ဌကတော့ ပြောင်းလဲတာမရှိပါဘူး”ဟု ဒေါက်တာမျိုးညွန့်က ပြောကြားသည်။

ထို့ပြင် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီ၏ တရားဝင်ပြောရေးဆိုခွင့်ရှိသူများအဖြစ် ဒေါက်တာဇော်မြင့်မောင်နှင့် ဒေါက်တာမျိုးညွန့်တို့အား အသီးသီးတာဝန်ပေးအပ်ခဲ့ကြောင်းလည်း ထုတ်ပြန်ထားသည်။

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီက ပြန်လည်ဖွဲ့စည်းလိုက်သည့် သဘာပတိအဖွဲ့တွင် နာယကအဖြစ် သူရဦးတင်ဦး၊ အဖွဲ့ဝင်များအဖြစ် ဦးလှဖေ၊ ဦးဝင်းထိန်၊ ဦးအုံးကြိုင်၊ ဦးကျော်ခင်၊ ဦးမန်းဂျော်နီတို့ပါဝင်ပြီး ဗဟိုအလုပ်အမှုဆောင်အဖွဲ့တွင် ဥက္ကဋ္ဌအဖြစ် ဒေါ်အောင်ဆန်းစုကြည်၊ ဒုတိယဥက္ကဋ္ဌ (၁)အဖြစ် ဦးဝင်းမြင့်၊ ဒုတိယဥက္ကဋ္ဌ (၂) အဖြစ် ဒေါက်တာဇော်မြင့်မောင် (မန္တလေးတိုင်းဒေသကြီး ဝန်ကြီးချုပ်)၊ အတွင်းရေးမှူး အဖွဲ့ဝင်များအဖြစ် ဦးဉာဏ်ဝင်း၊ ဦးဟံသာမြင့်၊ အဖွဲ့ဝင်များအဖြစ် ဒေါက်တာမေဝင်းမြင့်၊ ဒေါ်ခင်ဌေးကြွယ် (နိုင်ငံတော်ဖွဲ့စည်းပုံအခြေခံဥပဒေဆိုင်ရာ ခုံရုံးအဖွဲ့ဝင်)၊ ဒေါ်နန်းခင်ထွေးမြင့် (ကရင်ပြည်နယ်ဝန်ကြီးချုပ်)၊ ဒေါက်တာမျိုးအောင် (နေပြည်တော်ကောင်စီဥက္ကဋ္ဌ)၊ ဦးထွန်းထွန်းဟိန် (ပြည်သူ့လွှတ်တော်ဒုတိယ ဥက္ကဋ္ဌ)၊ ဒေါက်တာအောင်မိုးညို (မကွေးတိုင်းဒေသကြီး ဝန်ကြီးချုပ်)၊ ဦးညီပု (ရခိုင်ပြည်နယ်ဝန်ကြီးချုပ်)၊ ဦးအောင်စိုး၊ ဒေါက်တာမျိုးညွန့် နှင့် ဦးဖြိုးမင်းသိန်း (ရန်ကုန်တိုင်းဒေသကြီးဝန်ကြီးချုပ်) တို့ပါဝင်သည်။

Most Read

Most Recent