အခွန်တိမ်းရှောင်ရန် အားထုတ်ခြင်းများကို အရေးယူရန် ခုနစ်နှစ်ထက်မပိုသော ထောင်ဒဏ်နှင့် ငွေဒဏ်ကျခံစေရမည်ဟု အခွန်ဆိုင်ရာစီမံအုပ်ချုပ်မှုဥပဒေကြမ်း၌ ထည့်သွင်းရေးဆွဲထား

အခွန်တိမ်းရှောင်ရန် အားထုတ်ခြင်းများကို အရေးယူရန် ခုနစ်နှစ်ထက်မပိုသော ထောင်ဒဏ်နှင့် ငွေဒဏ်ကျခံစေရမည်ဟု အခွန်ဆိုင်ရာစီမံအုပ်ချုပ်မှုဥပဒေကြမ်း၌ ထည့်သွင်းရေးဆွဲထား
Published 31 March 2018

အခွန်တိမ်းရှောင်ရန် အားထုတ်ခြင်းများကို အရေးယူရန် ခုနစ်နှစ်ထက်မပိုသော ထောင်ဒဏ်နှင့် ငွေဒဏ်ကျခံစေရမည်ဟု အခွန်ဆိုင်ရာစီမံအုပ်ချုပ်မှုဥပဒေကြမ်း၌ ထည့်သွင်းရေးဆွဲထားသည်။

အခွန်ဆိုင်ရာ စီမံအုပ်ချုပ်မှုဥပဒေကြမ်းကို အခွန်ဥပဒေများ၏ စီမံအုပ်ချုပ်မှုဆိုင်ရာများကို ပြန်လည်သုံးသပ်ပြင်ဆင်စုစည်းရန် နှင့် အခွန်များကို ထိရောက်စွာ ကောက်ခံနိုင်စေရန် ရည်ရွယ်၍ ရေးဆွဲထားခြင်းဖြစ်ကြောင်း ဖော်ပြထားသည်။

အဆိုပါဥပဒေကြမ်းကို ပြည်ထောင်စု လွှတ်တော်က ပြည်သူများလေ့လာနိုင်ရန်အတွက် ထုတ်ပြန်ထားပြီး ဥပဒေကြမ်းကို အခန်း (၁၁) ခန်း ပုဒ်မပေါင်း ၈၅ ခုဖြင့် ရေးဆွဲထားသည်။

“အခွန်ဆိုင်ရာ စီမံအုပ်ချုပ်မှုဥပဒေကတော့ ကျွန်တော်တို့ လက်ရှိ ရှိနေတဲ့ ကျွန်တော်တို့က စီမံခန့်ခွဲတဲ့ ဝင်ငွေခွန်တို့၊ ကုန်သွယ်လုပ်ငန်းခွန်တို့၊ အထူးကုန်စည်ခွန်တို့မှာရှိတဲ့ လုပ်ထုံးလုပ်နည်းတွေပေါ့ဗျာ။ အဲဒါတွေကို အခွန်ထမ်းကနေပြီးတော့ သိချင်တဲ့အခါကျရင် တစ်ခုချင်းမှာ သွားလိုက်ဖက်နေရမယ့်အစား တစ်နေရာတည်းမှာ စုပြီးတော့ ဖတ်လိုက်ရင်ပိုပြီးတော့ အဆင်ပြေအောင် စုစည်းပြီးတော့ ဖော်ပြတဲ့ဟာလုပ်ထားတာပါ” ဟု ပြည်တွင်းအခွန်များဦးစီးဌာနမှ ညွှန်ကြားရေးမှူးချုပ်ဦးမင်းထွဋ်က The Daily Eleven သတင်းစာကို ပြောကြားသည်။

ဥပဒေကြမ်း၏ ပုဒ်မ ၆၈ တွင် အခွန်ထမ်း၏ကြေညာလွှာတွင် မမှန်ကန်သော ဖော်ပြချက်တစ်ခု သို့မဟုတ် ချန်လှပ်ထားခဲ့သော အကြောင်းအချက်တစ်ခုခုအရ အခွန်ကို လျော့နည်းပေးဆောင်ခဲ့ပြီး သို့မဟုတ် လျော့နည်းပေးဆောင်ခဲ့ဖွယ်ရှိပြီး ယင်းဖော်ပြချက် သို့မဟုတ် ချန်လှပ်ထားချက်သည် အခွန်ထမ်းက ကြိုတင်ကြံရွယ်ချက်ဖြင့် ပြုလုပ်ခြင်း သို့မဟုတ် ပေါ့ဆခြင်းဖြစ်လျှင် အခွန်ထမ်းသည် “ပုဒ်မခွဲ (က) ပုဒ်မခွဲ (ခ)နှင့် အကျုံးမဝင်ပါက လျော့နည်းပေးဆောင်သည့် အခွန်ငွေပမာဏ၏ ၂၅ ရာခိုင်နှုန်း”၊ “ပုဒ်မ ခွဲ(ခ) လျော့နည်းပေးဆောင်သည့် အခွန်ငွေပမာဏသည် ကျပ်သိန်းတစ်ထောင် သို့မဟုတ် ပေးဆောင်ရမည့်အခွန်၏ ရာခိုင်နှုန်း  ၅၀ ထက်ကျော်လွန်လျှင် လျော့နည်းပေးဆောင်သည့် အခွန်ငွေပမာဏ၏ ၇၅ ရာခိုင်နှုန်း” ဒဏ်ကြေးငွေ တစ်ရပ်ရပ်ကို ပေးဆောင်ရမည်ဟု ထည့်သွင်းရေးဆွဲထားသည်။

အခွန်ဆိုင်ရာ စီမံအုပ်ချုပ်မှုဥပဒေကြမ်း၏ အခန်း (၁၀) ပြစ်မှုပြစ်ဒဏ်တွင် ပုဒ်မ ၇၇  ၌ မည်သူမဆို အခွန်စည်းကြပ်ခြင်း၊ ပေးဆောင်စေခြင်း၊ ကောက်ခံခြင်းကို တမင်တိမ်းရှောင်ခြင်း သို့မဟုတ် တိမ်းရှောင်ရန် အားထုတ်ခြင်း သို့မဟုတ် ယင်းပုဂ္ဂိုလ်အနေဖြင့် ရပိုင်ခွင့်မရှိသည့် အခွန်ပြန်အမ်းငွေကို ရရှိရန် တမင်ကြံရွယ်ချက်ဖြင့် တောင်းခံခြင်းပြုကြောင်း ပြစ်မှုထင်ရှားစီရင်ခြင်းခံရလျှင် ထိုသူကို ခုနစ်နှစ်ထက်မပိုသော ထောင်ဒဏ်ကို ဖြစ်စေ၊ ကျပ် ၂၅၀၀၀၀ နှင့် ယင်းကာလအတွက် ယင်းပုဂ္ဂိုလ်ပေးဆောင်ရမည့်အခွန်၏ ၁၀၀ ရာခိုင်နှုန်းနှင့် ညီမျှသော ငွေပမာဏတို့ အနက်များရာ ဒဏ်ကြေးငွေဖြစ်စေ၊ ဒဏ်နှစ်ရပ်လုံးကိုဖြစ်စေ ကျခံစေရမည်ဟု ရေးဆွဲထားသည်။

ထို့ပြင် ပုဒ်မ ၇၈ ပုဒ်မခွဲ (က) တွင် မည်သူမဆို ဦးစီးဌာနက ဤဥပဒေအရ အခွန်စီမံ အုပ်ချုပ်မှုဆောင်ရွက်ခြင်းကို တမင်ဟန့်တားခြင်း သို့မဟုတ် ဟန့်တားရန်အားထုတ်ခြင်းပြုလုပ်ကြောင်း ပြစ်မှုထင်ရှားစီရင်ခြင်းခံရလျှင် ထိုသူကို တစ်နှစ်ထက်မပိုသော ထောင် ဒဏ်ဖြစ်စေ၊ ကျပ်၂၅၀၀၀၀ ထက်မပိုသော ဒဏ်ကြေးငွေဖြစ်စေ၊ ဒဏ်နှစ်ရပ်လုံးဖြစ်စေ ကျခံစေရမည်ဟု ထည့်သွင်းရေးဆွဲထားသည်။

ထို့အတူ ဥပဒေကြမ်းတွင် အခွန်ဝန်ထမ်းများ၏ ပြစ်မှုများအဖြစ် ပုဒ်မ ၈၁ တွင် ဤဥပဒေပါ ပြဋ္ဌာန်းချက်များကို ကျင့်သုံးဆောင်ရွက်ရာတွင် မည်သည့်အခွန်ဝန်ထမ်းမဆို အောက်ပါပြစ်မှုတစ်ရပ်ရပ်ကို ကျူးလွန်လျှင် သက်ဆိုင်ရာဥပဒေတစ်ရပ်ရပ်အရ အ ရေးယူခြင်းခံရမည့်အပြင် ယင်းဝန်ထမ်း၏ မသမာသောလုပ်ရပ်ကြောင့် အခွန်လျော့နည်းရရှိခဲ့ပြီး ယင်းအခွန်ကို ပေးဆောင်ရန် တာဝန်ရှိသူထံမှ ပြန်လည်အရကောက်ခံနိုင်ရန် အကြောင်းမရှိပါက ကျူးလွန်သူက အဆိုပါ အခွန်ပမာဏကို ဦးစီးဌာနသို့ ပြန်လည် ပေးသွင်းရန် အမိန့်ချမှတ်နိုင်သည်- ပုဒ်မခွဲ (က) အခွန်ဝန်ထမ်းတစ်ဦးသည် တရားဝင် ရပိုင်ခွင့်မရှိသည့် ငွေကြေး သို့မဟုတ် ငွေကြေး မဟုတ်သည့် ပေးကမ်းမှု သို့မဟုတ် ချီးမြှင့်မှုကို ဖြစ်စေ၊ ယင်းသို့ ပေးကမ်းရန် သို့မဟုတ် ချီးမြှင့်ရန်အတွက် ကတိပြုချက် သို့မဟုတ် အာမခံချက် တစ်ရပ်ရပ်ကိုဖြစ်စေ၊ ယင်းအခွန်ဝန်ထမ်း၏ တာဝန်များနှင့် ဆက်နွှယ်လျက် တိုက်ရိုက်သော်လည်းကောင်း၊ သွယ်ဝိုက်၍သော်လည်းကောင်း တောင်းခံခြင်း သို့မဟုတ် ရယူခြင်း၊ ပုဒ်မခွဲ (ခ) ဤဥပဒေပါ ပြဋ္ဌာန်းချက်နှင့်သော်လည်းကောင်း၊ အခွန်ဝန်ထမ်းတစ်ဦး၏တာဝန်များကို ကောင်းမွန်စွာထမ်းဆောင်ခြင်းနှင့် သော်လည်းကောင်း ဆန့်ကျင်သည့်လုပ်ရပ် သို့မဟုတ် အရာကို လုပ်ဆောင်ရန်၊ လုပ်ဆောင်ချက်မှ ရှောင်ကြဉ်ရန်၊ ခွင့်ပြုရန်၊ ဖုံးကွယ်ရန် သို့မဟုတ် မသိကျိုးကျွံပြုရန် သဘောတူညီချက် တစ်ရပ် ပြုလုပ်ခြင်း သို့မဟုတ် အခွန်ဘဏ္ဍာ လိမ်လည်ရယူမှုဖြစ်ပေါ်စေသည့် သို့မဟုတ် ဖြစ်ပေါ်နိုင်သည့် သဘောတူညီမှု တစ်ရပ်ပြုလုပ်ခြင်းဟု ရေးဆွဲထားသည်။

အခွန်ဆိုင်ရာ စီမံအုပ်ချုပ်မှုဥပဒေကြမ်းတွင် ပြစ်မှုများအား ကျေအေးပေးနိုင်သည့် ပုဒ်မများကိုလည်း ထည့်သွင်းရေးဆွဲထားသည်။

“ရှင်းလင်းလွယ်ကူတဲ့ အခွန်စနစ်ကို ဖြစ်အောင်လုပ်တာလေ။ အခွန်ထမ်းက သူ့ရဲ့လုပ်ထုံးလုပ်နည်းနဲ့ ပတ်သက်ရင် ဒီစာအုပ်ကို ဖတ်လိုက်တာနဲ့ ဘာလုပ်ရမယ်။ ဥပမာ အယူခံဝင်မယ်ဆို ဘယ်လိုလုပ်ရမယ်။ ယခင်တုန်းကဆိုရင် အယူခံဝင်မယ်ဆိုရင် ဝင်ငွေခွန်ဆိုရင် ဝင်ငွေခွန်နဲ့ပတ်သက်တဲ့ အယူခံမှုကို သွားဖတ်ရမယ်။ ကုန်သွယ်ခွန်ဆို ကုန်သွယ်ခွန်နဲ့ပတ်သက်တဲ့ အယူခံမှုကို သွားဖတ်နေရမယ်။ အခုဆိုလို့ရှိရင်တော့ အယူခံရမယ့်ကိစ္စ ဆိုရင် ဒီစာအုပ်ထဲ ဖတ်လိုက်တာနဲ့ ဘယ်လို အယူခံရမယ်။ ပြန်အမ်းငွေနဲ့ပတ်သက်ရင် ပြန်အမ်းငွေက ဘယ်လိုရပိုင်ခွင့်တွေရှိတယ်။ ဘယ်လိုလုပ်ရမယ်။ ဒီလိုမျိုးပဲ လုပ်ထုံးလုပ်နည်းတွေအကုန်လုံး တစ်နေရာတည်းမှာ စုထားတဲ့အတွက် အခွန်ထမ်းအတွက်က သိပ် မရှုတ်ထွေးတော့ဘူးဗျာ။ နောက်တစ်ခုက ဒီမှာ ပြည့်ပြည့်စုံစုံ လုပ်ထားတဲ့အခါကျတော့  ယခင်တုန်းကတော့ ဥပဒေတွေရှိတယ်။ နည်းဥပဒေတွေရှိတယ်။ စည်းမျဉ်းတွေရှိတယ်။ မိန့်ညွန်ကြားချက်တွေက တစ်တွဲကြီးလိုက် ဖတ်ရတာရှိတာကိုး အခုကျတော့ ဒီမှာ ပြည်ပြည့်စုံစုံ တစ်ခါတည်းထည့်ပေးလိုက်တဲ့အတွက် အခွန်ထမ်းက ပိုပြီးတော့ ရှင်းလင်း သွားတာပေါ့”ဟု ပြည်တွင်းအခွန်များဦးစီးဌာနမှ ညွှန်ကြားရေးမှူးချုပ် ဦးမင်းထွဋ်က ဆိုသည်။

အခွန်ဆိုင်ရာ စီမံအုပ်ချုပ်မှုဥပဒေကြမ်းသည် အခွန်များအတွက် ပိုမိုကောင်းမွန်ရန်အတွက် လုပ်ပေးခြင်းဖြစ်ကြောင်း၊ အားသာချက်များရှိကြောင်း ပြည်တွင်းအခွန်များဦးစီးဌာနမှ ညွှန်ကြားရေးမှူးချုပ် ဦးမင်းထွဋ်က ဆက်လက်ပြောကြားသည်။

Most Read

Most Recent