ပုဏ္ဏားကျွန်းမြို့နယ်တွင် ရဲအုပ်နှင့် ဒုတပ်ကြပ် အချင်းများရာမှ သေနတ်ဖြင့် ပစ်ခတ်သဖြင့် ဒုတပ်ကြပ် သေဆုံး

ပုဏ္ဏားကျွန်းမြို့နယ်တွင် ရဲအုပ်နှင့် ဒုတပ်ကြပ် အချင်းများရာမှ သေနတ်ဖြင့် ပစ်ခတ်သဖြင့် ဒုတပ်ကြပ် သေဆုံး
Published 31 March 2018

ရခိုင်ပြည်နယ် ပုဏ္ဏားကျွန်းမြို့နယ် ယိုးတရုပ်ကျေးရွာတွင် ရဲအုပ်နှင့် ဒုတပ်ကြပ် အချင်းများရာမှ သေနတ်ဖြင့် ပစ်ခတ်သဖြင့် ဒုတပ်ကြပ် သေဆုံးမှု မတ် ၂၉ ရက် ညပိုင်းက ဖြစ်ပွားခဲ့ကြောင်း သိရသည်။

ဖြစ်စဉ်မှာ လုံခြုံရေးတာဝန်ယူရန်အတွက် တာဝန်ပေးထားခံရသည့် ရဲတပ်သားများအား ရဲကင်းမှူးမှ လိုက်လံစစ်ဆေးစဉ် တာဝန်ထမ်းဆောင်နေသော နေရာတွင် ဖုန်းအင်တာနက်ဖွင့်ကာ အသုံးပြုနေကြောင်း တွေ့ရသဖြင့် ရဲကင်းမှူးမှ ပြစ်တင်ပြောဆိုရာမှ အချင်းများခဲ့ကြောင်း သိရသည်။

ထိုသို့ နှစ်ဘက်အချင်းများရာ ရဲကင်းမှူးမှ လက်သီးဖြင့်ထိုးရာ ဒုတပ်ကြပ် ကျော်အောင်ဝင်းက ဓားဖြင့်လိုက်လံ ထိုးခဲ့ကြောင်း၊ ယင်းသို့ဓားနှင့် ထိုးသဖြင့် ရဲကင်းမှူး ရဲအုပ်ဘစံက သေနတ်ဖြင့် တစ်ချက်ပစ်ခတ်ခဲ့ရာ ဒုတပ်ကြပ် ကျော်အောင်ဝင်း (၄၁ နှစ်) မှာ ဦးခေါင်း သေနတ်ဒဏ်ရာဖြင့် ဆေးရုံရောက်ပြီးနောက် သေဆုံးသွားခဲ့ကြောင်းနှင့် ရဲကင်းမှူး ဦးဘစံ (၄၄ နှစ်) မှာ ပြတ်ရှဓားဒဏ်ရာဖြင့် အပေါက်ဝဆေးရုံ၌ ဆေးကုသမှု ခံယူနေရကြောင်း ကနဦး သတင်းများအရ သိရသည်။

“တာဝန်ချိန်မှာ ဖုန်းကို အသုံးပြုနေရမလားဆိုပြီး ရဲကင်းမှူးက ဆူလိုက်တာပေါ့။ အဲဒီမှာ ဒုတပ်ကြပ်ကလည်း ပင်ပန်းနေပြီ ဖြစ်တဲ့အတွက် လူစားလဲပေးဖို့ပေါ့။ အဲဒီလိုပြောကြတယ်။ သူတို့ချင်းက သင်တန်းတစ်ပတ်စဉ် တည်းဆင်းတွေဆိုတော့ အပြန်အလှန် စကားများကြတယ်။ ဆိုတော့ ရဲကင်းမှူးက လက်သီးနဲ့ထိုးတယ်။ ဟိုဘက်ကလည်း ဓားထုတ်ပြီး ပြန်ထိုးတယ်။ အဲဒီမှာ ရဲကင်းမှူးက သေနတ်နဲ့ ပစ်လိုက်တာ” ဟု ယိုးတရုပ်ကျေးရွာ ရဲကင်းစခန်းမှူးဟောင်း ရဲအုပ်ထွန်းဝင်းက ပြောကြားသည်။                                သန်းလှိုင်

Most Read

Most Recent