ဒီမိုကရက်တစ် ဖက်ဒရယ်ပြည်ထောင်စုတည်ဆောက်ရေးအတွက် သမ္မတဦးဝင်းမြင့်၏အစိုးရအဖွဲ့၊ တပ်မတော်တို့နှင့် တန်းတူရည်တူရှိသော တွေ့ဆုံဆွေးနွေးအဖြေရှာသည့် နိုင်ငံရေးယဉ်ကျေးမှုအသစ်မှတစ်ဆင့် မဆုတ်မနစ် ဆက်လက်ကြိုးပမ်း ဆောင်ရွက်မည်ဖြစ်ကြောင်း NCA ရေးထိုးထားသည့် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များ ထုတ်ပြန်

ဒီမိုကရက်တစ် ဖက်ဒရယ်ပြည်ထောင်စုတည်ဆောက်ရေးအတွက် သမ္မတဦးဝင်းမြင့်၏အစိုးရအဖွဲ့၊ တပ်မတော်တို့နှင့် တန်းတူရည်တူရှိသော တွေ့ဆုံဆွေးနွေးအဖြေရှာသည့် နိုင်ငံရေးယဉ်ကျေးမှုအသစ်မှတစ်ဆင့် မဆုတ်မနစ် ဆက်လက်ကြိုးပမ်း ဆောင်ရွက်မည်ဖြစ်ကြောင်း NCA ရေးထိုးထားသည့် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များ ထုတ်ပြန်
Published 31 March 2018

ပြည်ထောင်စုလွှတ်တော်၌ ကတိသစ္စာပြုပြီးနောက် ပြန်လည်ထွက်ခွာလာသည့် နိုင်ငံတော်သမ္မတ ဦးဝင်းမြင့်နှင့် တပ်မတော်ကာကွယ်ရေး ဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်တို့ နှုတ်ဆက်နေသည်ကို တွေ့ရစဉ် (ဓာတ်ပုံ-စည်သူ)

NCA ရေးထိုးထားသည့် တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့များ (NCA-SEAO) အနေဖြင့် နိုင်ငံတော်အစိုးရ၊ တပ်မတော်၊ တိုင်းရင်းသားပြည်သူလူထုအားလုံးတို့နှင့် တူညီသည့် ဘုံပန်းတိုင်ဖြစ်သည့် ရေရှည် တည်တံ့ခိုင်မြဲသော ငြိမ်းချမ်းရေးရရှိရေးနှင့် ဒီမိုကရက်တစ်ဖက်ဒရယ်ပြည်ထောင်စု တည်ဆောက်ရေးတို့အတွက် သမ္မတကြီးဦးဝင်းမြင့်၏ အစိုးရအဖွဲ့၊ တပ်မတော်တို့နှင့် တန်းတူရည်တူရှိသော တွေ့ဆုံဆွေးနွေးအဖြေရှာသည့် နိုင်ငံရေးယဉ်ကျေးမှုအသစ်မှ တစ်ဆင့်  မဆုတ်မနစ် ဆက်ကြိုးပမ်းဆောင်ရွက်သွားမည်ဖြစ်ကြောင်း NCA ရေးထိုးထားသည့်  တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များ၏ မတ် ၃၀ ရက်က ထုတ်ပြန်သော နိုင်ငံတော်သမ္မတအသစ် ဦးဝင်းမြင့် ကျမ်းသစ္စာကျိန်ဆိုခြင်းအတွက် ဝမ်းမြောက်ကြောင်းနှင့် သမ္မတအသစ်အဖြစ် ကြိုဆိုကြောင်းသဝဏ်လွှာတွင် ဖော်ပြထားသည်။

နိုင်ငံတော်သမ္မတ ဦးဝင်းမြင့်အနေဖြင့် ကိုယ်စိတ်နှစ်ဖြာ ကျန်းမာစွာဖြင့် ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော်၏ အမျိုးသားရင်ကြားစေ့ရေး၊ ငြိမ်းချမ်းရေး၊ နိုင်ငံဖွံ့ဖြိုးတိုး တက်ရေးအတွက် ဆတက်ထမ်းပိုးကြိုးပမ်း ဆောင်ရွက်နိုင်ပါစေကြောင်း ဆုမွန်ကောင်း တောင်းအပ်ကြောင်း အဆိုပါသဝဏ်လွှာတွင် ပါရှိသည်။

ထို့ပြင် NCA လက်မှတ်ရေးထိုးထားသည့် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များအနက် တစ်ဖွဲ့ဖြစ်သည့် ရှမ်းပြည်ပြန်လည်ထူထောင်ရေးကောင်စီ (RCSS) ၏ ထုတ်ပြန် ကြေညာချက်တွင်လည်း နိုင်ငံတော်သမ္မတသစ် ဦးဝင်းမြင့်သည် ဖက်ဒရယ်ပြည်ထောင်စု တည်ဆောက်ရေး၊ အမျိုးသားပြန်လည်ရင်ကြားစေ့ရေး၊ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်အောင်မြင်ရေးနှင့် ပြည်ထောင်စုဖွံ့ဖြိုးတိုးတက်ရေး လုပ်ငန်းများအား ဆတက်ထမ်းပိုးဦးဆောင် ကြိုးပမ်း ဆောင်ရွက်လိမ့်မည်ဟု အပြည့်အ၀ ယုံကြည်ကြောင်း၊ ထို့ပြင် RCSS အနေဖြင့် အထက်ပါ လုပ်ငန်းစဉ်များတွင် အတတ်နိုင်ဆုံး လက်တွဲပူးပေါင်းဆောင်ရွက်သွားမည် ဖြစ်ကြောင်း ဖော်ပြထားသည်။

RCSS ၏ ထုတ်ပြန်ကြေညာချက်တွင်  နိုင်ငံတော်သမ္မတဟောင်း ဦးထင်ကျော်သည်  ပြည်ထောင်စုကြီးနှင့် ပြည်သူလူထုတစ်ရပ်လုံးအတွက် ၎င်း၏ နှစ်နှစ်ကျော်သမ္မတ သက်တမ်းအတွင်း တတ်နိုင်သမျှ အကောင်းဆုံး ကြိုးပမ်းဆောင်ရွက်ခဲ့သည်ကို အသိအမှတ် ပြုလက်ခံရမည်ဖြစ်ကြောင်း ပါရှိသည်။

ထို့အတူ တိုင်းရင်းသားနိုင်ငံရေးပါတီ (၁၅)ပါတီဖြင့် ဖွဲ့စည်းထားသည့် စည်းလုံးညီညွတ်သော တိုင်းရင်းသားလူမျိုးများမဟာမိတ် (UNA) ၏  မတ် ၃၀ ရက်က ထုတ်ပြန်သော ကြေညာချက်တွင်လည်း ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော်၏ စိန်ခေါ်မှုတစ် ရပ်ဖြစ်နေသော နိုင်ငံရေး၊ စီးပွားရေး၊ လူမှုရေးတို့အတွက် စစ်မှန်သောဖက်ဒရယ်ပြည်ထောင်စု စနစ်ဖော်ဆောင်နိုင်ရန် ငြိမ်းချမ်းရေးဖြစ်စဉ်တွင် တိုင်းရင်းသားစည်းလုံးညီညွတ်ရေးနှင့် အမျိုးသားပြန်လည်ရင်ကြားစေ့ရေးအတွက်  နိုင်ငံတော်သမ္မတအနေဖြင့် ပို မိုလုပ်ဆောင်နိုင်မည်ဟု မျှော်မှန်းထားသည်။

ညီညွတ်သော တိုင်းရင်းသားလူမျိုးများ ဖက်ဒရယ်ကောင်စီ (UNFC) ကလည်း မြန်မာပြည်၏ နှစ်ပေါင်း (၇၀) ကျော် ပြည်တွင်း စစ်ချုပ်ငြိမ်းနိုင်ရေးအတွက် သမ္မတဦးဝင်းမြင့် အနေဖြင့် လက်ရှိငြိမ်းချမ်းရေးဖြစ်စဉ်အား ပိုမိုလက်တွေ့ကျစွာဆောင်ရွက်နိုင်ရန် အလို့ငှာ တစ်နိုင်ငံလုံး အပစ်အခတ်ရပ်စဲရေးဖော်ဆောင်ရန် အလေးအနက်တိုက်တွန်းကြောင်း၊  (၂၁) ရာစု ပင်လုံအစည်းအဝေးများတွင် လည်း သဘောတူညီချက်များ ချမှတ်နိုင်ရန်အတွက် တိုင်းရင်းသားလက်နက်ကိုင်တော်လှန်ရေး အဖွဲ့အစည်းများက ၎င်းတို့အမျိုးသား ပြည်သူများနှင့်တွေ့ဆုံဆွေးနွေးပွဲများ ကျယ်ပြန့်လွတ်လပ်စွာ ကျင်းပနိုင်ရေးကို ကန့်သတ်ခြင်းမပြုဘဲ အားပေးကူညီလုပ်ဆောင်ပေးစေလိုကြောင်း မတ် ၃၀ ရက်တွင် နိုင်ငံတော်သမ္မတထံပေးပို့သော သဝဏ်လွှာတွင် ယင်းကဲ့သို့ ရေးသားထားသည်။

ထို့ပြင် ပြီးခဲ့သော သမ္မတဦးသိန်းစိန် လက်ထက်မှစတင်၍ တစိုက်မတ်မတ်ဆွေး နွေးညှိနှိုင်းလျက်ရှိသော ငြိမ်းချမ်းရေးလုပ်ငန်းစဉ်တွင် အားလုံးပါဝင်ရေးကို သမ္မတ ဦးဝင်းမြင့်အနေဖြင့် ဖော်ဆောင်နိုင်လိမ့်မည်ဟု မျှော်လင့်ကြောင်း၊ မိမိတို့အနေဖြင့် ဖက်ဒ ရယ်ပြည်ထောင်စု ပေါ်ထွန်းရေးအတွက် အဓိပ္ပာယ်ပြည့်ဝ၍ အနှစ်သာရရှိသော နိုင်ငံရေး တွေ့ဆုံဆွေးနွေးပွဲများတွင် တက်ကြွစွာ ပူးပေါင်းဆောင်ရွက်သွားမည်ဖြစ်ကြောင်း  UNFC ၏ သဝဏ်လွှာတွင် ဖော်ပြထားသည်။

NCA ရေးထိုးထားသည့် တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့များ၊ UNFC ၊ RCSS ၊ UNA နှင့် ရှမ်းတိုင်းသားများဒီမိုကရေစီအဖွဲ့ချုပ် (SNLD) ပါတီတို့က ထုတ်ပြန်ထားသော ကြေညာချက်များနှင့် ပေးပို့ထားသော သဝဏ်လွှာများတွင် နိုင်ငံတော်သမ္မတအဖြစ် ရွေးချယ်ခံရသည့် ဦးဝင်းမြင့်အား ဝမ်းမြောက် ဂုဏ်ပြုကြိုဆိုကြောင်း ပါရှိသည်။

Most Read

Most Recent