ရန်ကုန်တိုင်းအတွင်းရှိ လမ်းများပေါ်တွင် ကျူးကျော်ထားသည့် မီးစက်များကို ခွင့်ပြုတော့မည် မဟုတ်ကြောင်း တိုင်းဒေသကြီး စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီး ပြောကြား

ရန်ကုန်တိုင်းအတွင်းရှိ လမ်းများပေါ်တွင် ကျူးကျော်ထားသည့် မီးစက်များကို ခွင့်ပြုတော့မည် မဟုတ်ကြောင်း တိုင်းဒေသကြီး စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီး ပြောကြား
Published 31 March 2018

ရန်ကုန်မြို့တွင်း တစ်နေရာအား မတ်လဆန်းပိုင်းက တွေ့ရစဉ် (ဓာတ်ပုံ-ကျော်ဇင်ဖြိုး)

ရန်ကုန်တိုင်းအတွင်းရှိ လမ်းများပေါ်တွင် ကျူးကျော်ထားသည့် မီးစက်များကို ခွင့်ပြုတော့မည် မဟုတ်ကြောင်း ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့ စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီး ဦးမြင့်သောင်းက ပြောကြားသည်။

အဆိုပါကိစ္စအား မတ် ၃၀ ရက်တွင် ပြုလုပ်သည့် ဒုတိယအကြိမ် ရန်ကုန်တိုင်းဒေသကြီးလွှတ်တော် ဆဋ္ဌမပုံမှန် အစည်းအဝေး နှစ်ရက်မြောက်နေ့တွင် ၂၀၁၈ ခုနှစ် ရန်ကုန်တိုင်းဒေသကြီးလွှတ်တော် အခွန်အခ ဥပဒေကြမ်းနှင့် ပတ်သက်ပြီး လွှတ်တော်ကိုယ်စားလှယ်များ၏ ဆွေးနွေးချက်အပေါ် ဝန်ကြီးက ပြန်လည်ရှင်းလင်း ဆွေးနွေးရာတွင် ထည့်သွင်းပြောကြား ခဲ့ခြင်းဖြစ်သည်။

“မီးစက်ကျူးကိုတော့ ဒီနှစ်ကစပြီးတော့ ပယ်ဖျက်သွားမှာ ဖြစ်ပါတယ်။ မီးစက်များကို လမ်းတွေမှာ ထားခြင်းကို နောင်မှာခွင့်ပြုမှာ မဟုတ်တော့ပါဘူး။ မီးစက်ကျူးဆိုတဲ့ နှုန်းထားများကို ပယ်ဖျက်သွားမှာ ဖြစ်ပါတယ်” ဟု ဝန်ကြီး ဦးမြင့်သောင်းက ပြောကြားသည်။

ထို့ပြင် ရန်ကုန်မြို့တွင် ဈေးပေါင်း ၁၈၀ ရှိကြောင်း၊ ဈေးဆိုင်ခန်းပေါင်း ၆၅၀၀၀ ကျော် ရှိသည့်အတွက် Survey ပြန်လည်ကောက်ခံပြီး ဈေးနှုန်းများကို ပြန်လည်ပြင်ဆင်ရန် အစီအစဉ်ရှိကြောင်း၊ ပေကျော်ခကိစ္စနှင့် ဆိုင်ပြင်ဆင်ခန်း ကိစ္စများကိုလည်း ညှိနှိုင်းသတ်မှတ်သွားမည် ဖြစ်ကြောင်း၊ ဆေးကုသနှုန်းထားများကိုလည်း Survey ကောက်ယူကာ ပြင်ဆင်သွားမည်ဖြစ်ကြောင်း၊ အခွန်ဥပဒေကြမ်းတွင် အမြဲတမ်းကျူးကျော်နှင့် ယာယီကျူးကျော်ဟု မသုံးတော့ဘဲ ကျူးကျော်ကြေးဟု သုံးသွားမည်ဖြစ်ကြောင်း၊ မိလ္လာကန် ကျူးများကိုလည်း လက်ရှိနှုန်းအတိုင်း ကောက်ခံသွားမည်ဖြစ်ကြောင်း ဝန်ကြီးဦးမြင့်သောင်းက ပြောကြားသည်။

“ပစ္စည်းခွန်နဲ့ ပတ်သက်ပြီးတော့ ၁၃ ရာခိုင်နှုန်းက များပြားနေကြောင်း ဒါကိုလျှော့ပေါ့နိုင်ခြင်း ရှိ မရှိကို တင်ပြခဲ့ပါတယ်။ ဒါကိုလည်း ပြန်ပြီးတော့ YCDC နဲ့ အစိုးရအဖွဲ့တို့ ဆွေးနွေးပြီးတော့ ဒီနှုန်းထားများကို ပြန်လည် ပြင်ဆင်ဖို့က Survey များပြုလုပ်ပြီး ပြန်လည် ပြင်ဆင်ရမှာ ဖြစ်တဲ့အတွက် လက်ရှိနှုန်းထား အတိုင်းထားရှိဖို့ ဆွေးနွေးထားပါတယ်” ဟု ဝန်ကြီးဦးမြင့်သောင်းက ပြောကြားသည်။

၂၀၁၈ ခုနှစ် ရန်ကုန်တိုင်းဒေသကြီး၏ အခွန်အခ ဥပဒေကြမ်းနှင့် စပ်လျဉ်းပြီး ရွှေပြည်သာမြို့နယ် မဲဆန္ဒနယ် အမှတ် (၁) မှ တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ် ဦးရန်အောင်မင်း (ခ) ဦးဂေးမောင်က မတ် ၂၉ ရက်တွင် ဘီးခွန်များကို အင်ဂျင်ပါဝါဖြင့် ကောက်ခံမည့်အစား အိမ်စီးကားနှင့် ကုန်တင်ကားဟူ၍ နှစ်ပိုင်းခွဲပြီး ကောက်ခံသင့်ကြောင်း ဆွေးနွေးမှုကို ဝန်ကြီးက ပြန်လည်ဆွေးနွေး ရှင်းလင်းခဲ့ခြင်း မရှိကြောင်း သိရသည်။

၂၀၁၈ ခုနှစ် ရန်ကုန်တိုင်းဒေသကြီး အခွန်ဥပဒေကြမ်းနှင့် ပတ်သက်ပြီး လွှတ်တော်ကိုယ်စားလှယ်များက ဆွေးနွေးတင်ပြချက်များကို ပြင်ဆင်ဖြည့်စွက် သွားမည်ဖြစ်ကြောင်း ဝန်ကြီးဦးမြင့်သောင်းက ပြောကြားခဲ့ပြီး တိုင်းဒေသကြီး လွှတ်တော်၌ အတည်ပြုခဲ့ကြောင်း သိရသည်။

အဆိုပါ ၂၀၁၈ ခုနှစ် ရန်ကုန်တိုင်းဒေသကြီး၏ အခွန်ဥပဒေကြမ်းနှင့် စပ်လျဉ်းပြီး မတ် ၂၉ ရက်တွင် တိုင်းဒေသကြီး ဘဏ္ဍာရေး စီမံကိန်းနှင့် စီးပွားရေးကော်မတီ အပါအဝင် တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ် ကိုးဦးက ဆွေးနွေးမှုများ ပြုလုပ်ခဲ့သည်။

ယင်းဥပဒေကြမ်းအား မတ် ၂၁ ရက်တွင်ပြုလုပ်သည့် ဒုတိယအကြိမ် ရန်ကုန်တိုင်းဒေသကြီးလွှတ်တော် ဆဋ္ဌမ ပုံမှန်အစည်းအဝေး ၁၅ ရက်မြောက်တွင် ဝန်ကြီးဦးမြင့်သောင်းက ၂၀၁၈ ခုနှစ် ရန်ကုန်တိုင်းဒေသကြီး၏ အခွန်အခ ဥပဒေကြမ်းအား လွှတ်တော်သို့ ရှင်းလင်းတင်ပြခြင်းနှင့် ဥပဒေကြမ်း တင်သွင်းခဲ့ခြင်းဖြစ်သည်။

 

Most Read

Most Recent