အိမ်အကူမိန်းကလေးကို မျက်လုံးတစ်ဖက်ကွယ်၊ မျက်နှာတစ်ခြမ်း ပျက်သည်အထိ အက်စစ်ဖြင့်ပက်ကာ ရှစ်နှစ်ကြာ ပိတ်လှောင်ခဲ့ကြသည့် အိမ်ရှင်အမျိုးသမီး နှစ်ဦးကို မန္တလေးခရိုင် တရားရုံးတွင် စတင်တရားစွဲဆို

အိမ်အကူမိန်းကလေးကို မျက်လုံးတစ်ဖက်ကွယ်၊ မျက်နှာတစ်ခြမ်း ပျက်သည်အထိ အက်စစ်ဖြင့်ပက်ကာ ရှစ်နှစ်ကြာ ပိတ်လှောင်ခဲ့ကြသည့် အိမ်ရှင်အမျိုးသမီး နှစ်ဦးကို မန္တလေးခရိုင် တရားရုံးတွင် စတင်တရားစွဲဆို
Published 31 March 2018

အိမ်အကူ မိန်းကလေးကို အက်စစ်ဖြင့်ပက်ကာ ရှစ်နှစ်ကြာ ပိတ်လှောင်ခဲ့သည့် အမျိုးသမီးနှစ်ဦးကို မန္တလေးခရိုင် တရားရုံးတွင် ရုံးထုတ်လာစဉ်

အိမ်အကူမိန်းကလေးကို မျက်လုံးတစ်ဖက်ကွယ်၊ မျက်နှာတစ်ခြမ်း ပျက်သည်အထိ အက်စစ်ဖြင့်ပက်ကာ ရှစ်နှစ်ကြာ ပိတ်လှောင်ခဲ့ကြသည့် အိမ်ရှင်အမျိုးသမီး နှစ်ဦးကို လူကုန်ကူးမှု တားဆီးကာကွယ်ရေး ဥပဒေပုဒ်မ ၂၄ ဖြင့် မန္တလေးခရိုင် တရားရုံးတွင် မတ် ၃၀ ရက်က စတင်တရားစွဲဆိုခဲ့ကြောင်း သတင်းရရှိသည်။

၎င်းတို့ကို တရားစတင်စွဲဆိုခြင်းနှင့် ပတ်သက်ပြီး မေးမြန်းခဲ့ရာ “မန္တလေးခရိုင် တရားရုံးကို လူကုန်ကူးမှု တားဆီးကာကွယ်ရေး ဥပဒေပုဒ်မ ၂၄ နဲ့ သက်ဆိုင်ရာ တရားစွဲ အဖွဲ့စည်းက စွဲတင်လာခဲ့ပါတယ်။ ၆-၄-၂၀၁၈ ကို ပြန်ချိန်းဆို လိုက်ပါတယ်။ ရှေ့နေငှားပြီး ထုချေခွင့်ပြုဖို့ပါဆိုလို့ နောက်တစ်ချိန်း အချိန်ပေးလိုက်တယ်။ ရှေ့နေငှားပြီးရင်လည်း ရှေ့နေက အမှုတွဲကို လေ့လာဖို့ အချိန်ကပေးရမှာ ဖြစ်ပါတယ်” ဟု မန္တလေးခရိုင် တရားရုံး သတင်းပြန်ကြားရေး အရာရှိ ဒုတိယတရားသူကြီး ဦးစောဝီလီက ပြောကြားသည်။

ရွာငံမြို့နယ် နဘမ်းကြီးကျေးရွာတွင် နေထိုင်သည့် မနန်းမေဇင်ဦး(၂၅ နှစ်) အား ဒေါ်မိုးမိုးဆိုသူက မန္တလေးမြို့ ချမ်းမြသာစည်မြို့နယ် မြရည်နန္ဒာရပ်ကွက်ရှိ ကုန်စုံဆိုင်တွင် တစ်လတစ်သောင်းကျပ်ဖြင့် အလုပ်လုပ်ရန် ခေါ်ဆောင်ခဲ့ကြောင်း၊ ထို့နောက် ဒေါ်မိုးမိုး ကုန်စုံဆိုင် ပိတ်လိုက်သဖြင့် ဒေါ်မိုးမိုး၏ အစ်ကိုဖြစ်သူ ကုန်စုံဆိုင်သို့ ထပ်မံအလုပ်လုပ်ခဲ့ရကာ ထိုသို့ အလုပ်လုပ်နေစဉ် ၂၀၁၀ ပြည့်နှစ်တွင် ဒေါ်မိုးမိုး၏ ချွေးမတော်စပ်သူ မနီနီနုနွယ်နှင့် သူမသူငယ်ချင်းများနှင့် သြင်္ကန်လည်ခဲ့ကြောင်း သိရသည်။

ထိုသို့ သြင်္ကန်လည်စဉ် မနီနီနုနွယ် သူငယ်ချင်းဆိုသူ ဟိန်းကိုကိုက မနန်းမေဇင်ဦးအား ချစ်ကြိုက်ကြောင်း ပြောဆိုရာမှစ၍ မနီနီနုနွယ်က သူမကို ရိုင်းပြစွာ ဆက်ဆံလာခဲ့ပြီး ၂၀၁၀ ပြည့်နှစ်၊ သြင်္ကန် နှစ်ဆန်းတစ်ရက်တွင် သူမရေချိုးနေစဉ် မနီနီနုနွယ်က အက်ဆစ်ဖြင့် ပက်ခဲ့ရာ ဝဲဘက်မျက်နှာတစ်ခြမ်း ပျက်စီးခဲ့ပြီး ဝဲဘက်မျက်လုံး ကွယ်ခဲ့ရကြောင်း၊ ထိုသို့အက်ဆစ်ဖြင့် လောင်းခံရသည့် ဒဏ်ရာများကြောင့် မနန်းမေဇင်ဦးကို ဒေါ်မိုးမိုးက ပြုစုပေးခဲ့ကြောင်း သိရပြီး ဖခင်ဖြစ်သူ ရောက်လာချိန်တွင် ရပ်ကွက်ရုံးသို့ ခေါ်ဆောင်ကာ ဆေးကုသပေးမည် ဖြစ်သဖြင့် အမှုမဖွင့်ရန် လက်မှတ်ထိုးခိုင်းခဲ့ကြောင်း၊ ဖခင်ဖြစ်သူကို ငွေကျပ် တစ်သိန်းတစ်ကြိမ်၊ သုံးလခန့်အကြာတွင် ငွေကျပ်နှစ်သိန်းတစ်ကြိမ် ပေးခဲ့ကြောင်း၊ အဆိုပါ အက်ဆစ်ဖြင့် ပက်ခဲ့သည့် ဒဏ်ရာများကြောင့် အခန်းတွင်း ပိတ်လှောင်ထားခဲ့ရာ လေးနှစ်ခန့် ကြာခဲ့ကြောင်း၊ တစ်ရက်တွင် မနန်းမေဇင်ဦးသည် အမှိုက်ပုံးသွန်ရာ မနိုင်သဖြင့် မှောက်ကျခဲ့ရာ မနီနီနုနွယ်က နံရံနှင့် တွန်းကန်ဆောင့်လှဲခြင်း၊ ဝက်စာပုံးထဲသို့ မျက်နှာအပ်ပြီး ဖိချခြင်း၊ ဆဲဆိုကြိမ်းမောင်းခြင်းများ ပြုလုပ်ခဲ့သဖြင့် ၎င်းတို့အလစ်တွင် နေအိမ်မှ ထွက်ပြေးခဲ့ရာ အမျိုးသမီးရေးရာအဖွဲ့နှင့် တွေ့ဆုံခဲ့ပြီး ယခုကဲ့သို့ဖြစ်စဉ် ပေါ်ပေါက်ခဲ့ခြင်း ဖြစ်သည်။

မနီနီနုနွယ်နှင့် ဒေါ်မိုမိုးတို့ကို ရဲမှူးမျိုးဇင်က တရားလိုပြုလုပ်ကာ လူကုန်ကူးမှု တားဆီးကာကွယ်ရေး ဥပဒေပုဒ်မ ၂၄ ဖြင့် မတ် ၁ ရက်ကလည်းကောင်း၊ အိမ်အကူမိန်းကလေးဖြစ်သူ မနန်းမေဇင်ဦးက တရားလိုပြုလုပ်ကာ သူမအား ဘယ်ဘက်မျက်နှာတစ်ခြမ်း ပျက်စီးပြီး ဘယ်ဘက်မျက်လုံး ကွယ်သည်အထိ အက်ဆစ်ဖြင့်ပက်ခဲ့သူ မနီနီနုနွယ်၊ အိမ်အတွင်း နှစ်ရှည်ကြာမြင့်စွာ ပိတ်လှောင်၍ အနိုင်အထက်ပြုကျင့်ပြီး လုပ်ခလစာမပေးဘဲ အိမ်ဖော်အဖြစ် ခိုင်းစေခြင်း၊ ပိတ်လှောင်ခြင်းများ ပြုလုပ်ရာတွင် ဝိုင်းဝန်းကူညီပေးခဲ့သူ ဒေါ်မိုးမိုးနှင့် သားဖြစ်သူ ကိုသူရ (ခ) အားတီတို့ကို အရေးယူပေးပါရန် ရာဇသတ်ကြီးပုဒ်မ ၃၂၆/၃၄၄/၁၁၄ တို့ဖြင့် မတ် ၃ ရက်က ထပ်မံအမှုဖွင့်ထားပြီး ကိုသူရ(ခ)အားတီကိုမူ ဖမ်းဆီးရမိခြင်း မရှိသေးကြောင်း သိရသည်။

 

Most Read

Most Recent