ဒုတိယအကြိမ် ကယားပြည်နယ်လွှတ်တော် နဝမပုံမှန် အစည်းအဝေးတွင် အစိုးရအဖွဲ့မှ စက်ယန္တရား ငှားရမ်းခငွေကို တိကျစွာ မဖြေရှင်းနိုင်သဖြင့် အဂတိလိုက်စားမှု တိုက်ဖျက်ရေး ကော်မရှင်သို့ တင်သွင်းမည်ဟုသိရ

ဒုတိယအကြိမ် ကယားပြည်နယ်လွှတ်တော် နဝမပုံမှန် အစည်းအဝေးတွင် အစိုးရအဖွဲ့မှ စက်ယန္တရား ငှားရမ်းခငွေကို တိကျစွာ မဖြေရှင်းနိုင်သဖြင့် အဂတိလိုက်စားမှု တိုက်ဖျက်ရေး ကော်မရှင်သို့ တင်သွင်းမည်ဟုသိရ
Published 31 March 2018

ဒုတိယအကြိမ် ကယားပြည်နယ်လွှတ်တော် နဝမပုံမှန်အစည်းအဝေး ဒုတိယနေ့အား လွိုင်ကော်မြို့ လွှတ်တော်အစည်းအဝေးခန်းမတွင် မတ် ၃၀ ရက်က ကျင်းပကြောင်း သိရသည်။

အစည်းအဝေးတွင် မယ်စဲ့မြို့နယ် မဲဆန္ဒနယ် အမှတ် (၁) ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးအောင်နိုင်ဦးက အစိုးရအဖွဲ့ပိုင် စက်ယန္တရားများ ငှားရမ်းထားသည်ကို သိရှိလိုကြောင်း မေးမြန်းရာ ပြည်နယ်စီမံကိန်း နှင့် ဘဏ္ဍာရေးဝန်ကြီး ဦးမော်မော်က ပြန်လည်ဖြေကြားရာ အဖြေမှာ တိကျမှုမရှိသဖြင့် အဂတိလိုက်စားမှု တိုက်ဖျက်ရေး ကော်မရှင်သို့ တင်သွင်းသွားမည်ဖြစ်ကြောင်း သိရသည်။

“ပြည်သူ့ငွေစာရင်းကနေပြီးတော့ အစိုးရအဖွဲ့ကို တောင်းထားတယ်။ တောင်းထားတဲ့ အခါကျတော့  စက်ယန္တရား ၁၀ စီးရှိတယ်။ ရှိတဲ့အခါကျတော့ ပထမအနေနဲ့ မေးတဲ့အခါကျတော့ ဘယ်နှခုနှစ်က ဝယ်ထားသလဲ။ ၂၀၁၅၊ ၂၀၁၆၊ ၂၀၁၇ သုံးနှစ်ကျော်ရှိပြီး ဝယ်ထားတာပေါ့။ ဝယ်ထားတဲ့ အပိုင်းအခြားကို ကျွန်တော်တို့ မေးတယ်။ စက်ယန္တရား ကုန်ကျငွေ ဘယ်လောက်ကျလည်း ရငွေဘယ်လောက်ရလဲ၊ တစ်စီးကို ဘယ်လောက်နှုန်း ငှားထားလဲလို့ ကျွန်တော်တို့က မေးလိုက်တယ်။ ဝန်ကြီးတစ်ဦး ဖြေတဲ့အခါကျတော့ စက်ယန္တရားအပေါ်မှာ မူတည်ပြီး ဖြေလာတယ်။ ကျွန်တော်တို့ ထပ်ဆင့်မေးခွန်း ထပ်မေးတာပေါ့နော်။ ထပ်ဆင့်မေးခွန်းမှာ ကယားပြည်နယ် လွှတ်တော်မှာ စက်ယန္တရား ၁၀ စီးရှိသည်ကို မည်သည့် ဘဏ္ဍာရေးနှစ်တွင် ဝယ်ယူခဲ့ပြီး ပြည်နယ်အသုံးစရိတ်ကို မည်မျှသုံးစွဲခဲ့သလဲလို့ မေးတာကို ဝန်ကြီးက ဖြေတဲ့အခါကျတော့ တလွဲတချော်တွေ ဖြေလာတယ်” ဟု ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးအောင်နိုင်ဦးက ပြောကြားသည်။

စက်ယန္တရားများမှာ ပြည်နယ်တွင်းရှိ ကုမ္ပဏီကြီးများအား ငှားရမ်းထားပြီး စက်တစ်စီးလျှင် တစ်လသိန်း ၃၀ ဖြင့် ငှားထားပြီး ပြည်သူ့ဘဏ္ဍာငွေ ဖြစ်သဖြင့် လွှတ်တော်သို့ တင်ပြရမည်ကို အစိုးရအဖွဲ့မှ မတင်ပြသည့်အပြင် သုံးစွဲနေသည်ကို အချက်အလက်များ တွေ့ရှိထားကြောင်း ဦးအောင်နိုင်ဦးက ဆက်လက် ပြောကြားသည်။

“သူတို့ပြေစာထားတာနဲ့ မကိုက်ညီဘူး။ ဒါကြောင့် ဒီကိစ္စကို အဂတိ ပြန်တင်မယ်။ အမှန်တော့ ဝန်ကြီးက ဓားစားခံ ဖြစ်သွားတာပေါ့။ ဒါလည်း သူမသိဘူး။ မသိတဲ့ အကြောင်းပေါ် မူတည်တာပေါ့။ လုပ်တာက အစိုးရအဖွဲ့နဲ့ ပတ်သက်တယ်လေ။ ဝန်ကြီးဦးမော်မော်က သူနဲ့မဆိုင်ဘူး။ ဝန်ကြီး ဦးမော်မော်ကို လက်မှတ်ထိုးခိုင်းပြီးတော့မှ အတင်းဖြေခိုင်းတဲ့သဘော ဖြစ်သွားတယ်။ အစိုးရအဖွဲ့က နယ်လုံဝန်ကြီးသော် လည်းကောင်း၊ ဝန်ကြီးချုပ်ကိုယ်တိုင် ဖြေရမှာ” ဒီစက်ယန္တရားသူတို့  ဘယ်လိုပိုင်ဆိုင်သလဲဆိုတာ ဝန်ကြီးချုပ်     ကိုယ်တိုင်ဖြေရမှာ။ ဒီစက်ယန္တရားဟာ ပြည်သူ ဘဏ္ဍာ/ပြည်သူပိုင် ပစ္စည်းဆိုတာ ၆/၁ အလွဲသုံးလို့ မရဘူး။ စစ်ဆေးမေးမြန်းပိုင်ခွင့်ရှိတယ်” ဟုဦးအောင်နိုင်ဦးက ပြောကြားသည်။

ပြည်နယ်ဝန်ကြီးချုပ်မှာ မတ်၂၉ ရက် ပထမနေ့ အစည်းအဝေးကို တက်ရောက်ပြီး မတ် ၃၀ ရက် ဒုတိယနေ့ အစည်းအဝေးတွင် သမ္မတသစ်ကြိုဆိုပွဲ အခမ်းအနား ကျင်းပရာ နေပြည်တော်သို့ ခရီးထွက်သွားကြောင်း သိရသည်။

လွှတ်တော်ဒုတိယနေ့တွင် ပြည်နယ် ပြည်သူ့ငွေစာရင်း စောင့်ကြည့်စစ်ဆေးရေး ကော်မတီ၏ အစီရင်ခံစာကို ဖတ်ကြားရာ ရငွေလျာထားချက်များနှင့် ပတ်သက်၍ အစိုးရ အဖွဲ့ရုံး၊ တရားရုံး၊ အထွေထွေ အုပ်ချုပ်ရေး ဦးစီးဌာန၊ အားကစားနှင့် ကာယပညာ ဦးစီးဌာန၊ စည်ပင်သာယာရေး အဖွဲ့များ၏ အမှန်ရငွေနှင့် နီးကပ်စွာ လျာထားရန် လိုအပ်ပြီး သက်ဆိုင်ရာ ဒေသအစိုးရနှင့် အဖွဲ့ဝင်များက ကြပ်မတ်ဆောင်ရွက်ရန် အကြံပြုထားသည်ဟု သိရသည်။

 

Most Read

Most Recent