လက်ပံတောင်းတောင် ကြေးနီစီမံကိန်းအနီး မြေယာသိမ်းဆည်းခံ ဝက်မှေးရွာဟောင်းမှ ဒေသခံ အမျိုးသမီးသုံးဦး အမှုဖွင့်ခံရ

လက်ပံတောင်းတောင် ကြေးနီစီမံကိန်းအနီး မြေယာသိမ်းဆည်းခံ ဝက်မှေးရွာဟောင်းမှ ဒေသခံ အမျိုးသမီးသုံးဦး အမှုဖွင့်ခံရ
Published 31 March 2018

စစ်ကိုင်းတိုင်းဒေသကြီး ယင်းမာပင်ခရိုင် ဆားလင်းကြီးမြို့နယ် လက်ပံတောင်းတောင် ကြေးနီစီမံကိန်းအနီး မြေယာသိမ်းဆည်းခံ ဝက်မှေးရွာဟောင်းမှ ဒေသခံအမျိုး သမီးသုံးဦးအား အမှုဖွင့် အရေးယူထားကြောင်း စစ်ကိုင်းတိုင်းဒေသကြီး ရဲတပ်ဖွဲ့ရုံးမှ သိရသည်။

မတ် ၂၉ ရက်က မြေယာသိမ်းဆည်းခံ ဝက်မှေးရွာဟောင်းမှ ဒေသခံများနှင့် လုံခြုံရေး ရဲတပ်ဖွဲ့ဝင်များအကြား ရုန်းရင်းဆန်ခတ် ဖြစ်ပွားခဲ့ပြီး ဒေသခံအမျိုးသမီးနှစ်ဦး ဖမ်းဆီးခံရကြောင်း၊ ထို့ပြင် ဒေသခံအမျိုးသမီး တစ်ဦးကိုလည်း ထပ်မံအမှုဖွင့် အရေးယူထားကြောင်း အမှုဖွင့်ခံခဲ့ရသည့် အမျိုးသမီးသုံးဦး အထိရှိကြောင်း သိရသည်။

“အမျိုးသမီးသုံးဦးကို အမှုဖွင့်ထားတယ်။ ပုဒ်မတွေကတော့ ၃၄၁ ပုဒ်မရယ် ၃၃၃ ပုဒ် ဆိုပြီးတော့ အမှုဖွင့်ထားတယ်။ ပုဒ်မနှစ်ခုနဲ့ အမှုဖွင့်ခံရတဲ့ သူတွေကတော့ ဝက်မှေးရွာဟောင်းက မသွဲ့သွဲ့ဝင်းရယ်၊ မစန်းလှရယ်ပြီးတော့ မဖြူဖြူဝင်းတို့ သုံးဦးဖြစ်တယ်။ အခုကတော့ ဆားလင်းကြီးဆေးရုံမှာပဲ။ မသွဲ့သွဲ့ဝင်းနဲ့ မစန်းလှတို့နှစ်ဦးက ကျန်းမာရေးမကောင်းလို့ ဆေးကုနေတယ်” ဟု အမည်မဖော်လိုသူ ရဲတပ်ဖွဲ့ဝင်တစ်ဦးက ပြောကြားသည်။

ပုဒ်မနှစ်ခုဖြင့် အမှုဖွင့်ခံနေရသည့် မြေယာသိမ်းဆည်းခံ ဝက်မှေးရွာသူသုံးဦး၏ ကိစ္စသည် အစိုးရ၏ ညွှန်ကြားချက်၊ ဥပဒေဖြင့် ပြုလုပ်ထားသည်ဟု စစ်ကိုင်းတိုင်းဒေသကြီး အစိုးရအဖွဲ့က ပြောကြောင်း၊ တိုင်းဒေသကြီး အစိုးရအဖွဲ့ ကက်ဘိနက်၏ အစည်းအဝေး ဆုံးဖြတ်ချက်အရ ဥပဒေနှင့်အညီ ဆောင်ရွက်ခိုင်းခြင်း ဖြစ်ကြောင်း ဆားလင်းကြီးမြို့နယ် မဲဆန္ဒနယ်မြေ အမှတ် (၂) တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ် ဦးစောမောင်က ပြောကြားသည်။

“ပုဒ်မကတော့ ၃၃၃ ရယ်၊ ၃၄၁ ရယ် ဒီပုဒ်မနှစ်ခုနဲ့ ဒေသခံအမျိုးသမီးသုံးဦးကို အမှုဖွင့်ထားတယ်လို့တော့ သိရတယ်။ ကျွန်တော့်အမြင်ကတော့ ဘယ်လိုမှ မမြင်ပါဘူးဗျာ။ ဒါက အစိုးရရဲ့ ညွှန်ကြားချက်နဲ့ ဥပဒေနဲ့အညီ လုပ်တာလို့ တိုင်းအစိုးရကပြောတယ်။ တိုင်းဒေသကြီး အစိုးရအဖွဲ့က ကက်ဘိနက်ရဲ့ အစည်းအဝေး ဆုံးဖြတ်ချက်ကနေ ဥပဒေနဲ့အညီ ဆောင်ရွက်ပါလို့ ညွှန်ကြားလို့ သူတို့ကလည်း ဥပဒေနဲ့အညီ ဆောင်ရွက်ရပါတယ်လို့တော့ သူတို့က ပြောတယ်။ အဖမ်းခံရတဲ့သူ နှစ်ယောက်စလုံးကို အခုဆားလင်းကြီး ဆေးရုံမှာတင်ပြီး ဆေးကုသနေပါတယ်” ဟု ၎င်းကဆိုသည်။

ပုဒ်မ ၃၄၁ ဆိုသည်မှာ မည်သူမဆို တစ်ဦးတစ်ယောက်သောသူကို မတရားတားဆီး ကန့်ကွက်လျှင် ထိုသူကို မတရားတားဆီး ကန့်ကွက်မှု ပြုလုပ်ခဲ့ပါက ထိုသူအား ထောင်ဒဏ်တစ်လနှင့် အလုပ်မဲ့ဖြစ်စေ၊ ဒဏ်ငွေ ၅၀၀ ဖြစ်စေ၊ နှစ်ရပ်လုံးဖြစ်စေ ချမှတ်ရမည်ဟု ပြဋ္ဌာန်းထားသည်။

ပုဒ်မ ၃၃၃ ဆိုသည်မှာ ပြည်သူ့ဝန်ထမ်းအား တာဝန်ဝတ္တရား ဆောင်ရွက်ခြင်းမှ ဟန့်တားရန် မိမိအလိုအလျောက် အပြင်းအထန် နာကျင်မှု ပြုလုပ်ပါက ထိုသူအား ထောင်ဒဏ် ၁၀ နှစ်နှင့် ငွေဒဏ်လည်း ချမှတ်နိုင်ကြောင်း ပြဋ္ဌာန်းထားကြောင်း သိရသည်။

ထို့ပြင် လုံခြုံရေးတာဝန် ဆောင်ရွက်နေသော အမျိုးသမီးရဲမေ ရဲတပ်သား ငြိမ်းငြိမ်းအေးအား ခြေထောက်ဖြင့် ဒေသခံများက ကန်ခဲ့သည့်အတွက် ငြိမ်းငြိမ်းအေးမှာ လဲကျသွားပြီး ယာခြေချင်းဝတ် ဖူးရောင်ညိုမည်းဒဏ်ရာ (မစိုးရိမ်ရ) ရရှိခဲ့သည့်အတွက် ညောင်ပင်ကြီးရဲစခန်းမှ စခန်းမှူး ရဲအုပ်ဝင်းနိုင်ထွန်းက မတရားတားဆီး ဟန့်တား၍ တာဝန်ဝတ္တရား ဆောင်ရွက်နေသော ပြည်သူ့ဝန်ထမ်းအား ဒဏ်ရာရရှိအောင် ပြုလုပ်ခဲ့သည့်အတွက် ယင်းသုံးဦးအား အမှုဖွင့်ခဲ့ခြင်းဖြစ်ကြောင်း စစ်ကိုင်းတိုင်းဒေသကြီး ရဲတပ်ဖွဲ့ရုံး၏ မှတ်တမ်းများအရ သိရသည်။

အဆိုပါဖြစ်စဉ်နှင့် ပတ်သက်၍ ရဲအုပ်ဝင်းနိုင်ထွန်း၏ တရားလိုပြုလုပ် တိုင်တန်းမှုကြောင့် မသွဲ့သွဲ့ဝင်း၊ မစန်းလှ၊ မဖြူဖြူဝင်းတို့ သုံးဦးအား (ပ) ၆၁/၂၀၁၈၊ ရာဇသတ်ကြီး ပုဒ်မ ၃၃၃/၃၄၁ အရ အမှုဖွင့် အရေးယူထားကြောင်း သိရသည်။

 

Most Read

Most Recent