မိုးကုတ်မြို့သို့ နိုင်ငံခြားသား ခရီးသွားဧည့်သည်များ အမြဲတမ်း လာရောက်လည်ပတ်ခွင့်ရရှိရန် ပြည်ထောင်စု အဆင့်သို့ တင်ပြတောင်းဆို သွားမည်ဟု မန္တလေးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဒေါက်တာဇော်မြင့်မောင် ပြောကြား

မိုးကုတ်မြို့သို့ နိုင်ငံခြားသား ခရီးသွားဧည့်သည်များ အမြဲတမ်း လာရောက်လည်ပတ်ခွင့်ရရှိရန် ပြည်ထောင်စု အဆင့်သို့ တင်ပြတောင်းဆို သွားမည်ဟု မန္တလေးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဒေါက်တာဇော်မြင့်မောင် ပြောကြား
Published 31 March 2018

မိုးကုတ်မြို့ မြင်ကွင်းအား အပေါ်စီးမှ တွေ့ရစဉ်

မိုးကုတ်မြို့သို့ နိုင်ငံခြားသား ခရီးသွားဧည့်သည်များ အမြဲတမ်း လာရောက်လည်ပတ်ခွင့် ရရှိရန်အတွက် ပြည်ထောင်စုအစိုးရ အဖွဲ့ထံသို့ တင်ပြတောင်းဆိုသွားမည်ဖြစ်ကြောင်း မန္တလေးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဒေါက်တာဇော်မြင့်မောင်က မိုးကုတ်မြို့ နှစ် ၈၀၀ ပြည့်ပွဲတော်သို့ တက်ရောက်လာစဉ် ပြောကြားသည်။

မိုးကုတ်မြို့သို့ နိုင်ငံခြားသား ခရီးသွား ဝင်ရောက်မှုကို ယခင်အစိုးရ လက်ထက်များ ကတည်းက ကန့်သတ်ပိတ်ပင် ထားခြင်းဖြစ်ပြီး ယခုနှစ် ၈၀၀ ပြည့်ပွဲတော်အထိမ်း အမှတ်အဖြစ် ခွင့်ပြုမှုမှာ ပွဲတော်ကာလဖြစ်သည့် မတ် ၂၉ မှ ၃၁ ရက်အထိသာ အစိုးရက အကန့်အသတ်ဖြင့် ခွင့်ပြုထားခြင်းဖြစ်သည်။

“မိုးကုတ်မြို့ဆိုတာ ပတ္တမြားနဲ့နီလာ ဆိုတဲ့ ကျောက်သံပတ္တမြားတွေ ထွက်ရှိတဲ့နေရာဖြစ်တယ်။ နောက်ပြီး နိုင်ငံရေးအရပြောရရင် ဒီမိုကရေစီအပေါ်မှာ ယုံကြည်ချက် ပြင်းထန်တဲ့ နေရာဖြစ်တယ်။ မိုးကုတ်မြို့ ဖွံ့ဖြိုးတိုးတက်ခြင်းဟာ မန္တလေးတိုင်းဒေသကြီး ဖွံ့ဖြိုးတိုးတက်ခြင်းနဲ့လည်း သက်ဆိုင်ပါတယ်။  ဒေသခံတွေလည်း ဖွံ့ဖြိုးတိုးတက်ဖို့လိုတယ်။ အဲဒီလိုဖွံ့ဖြိုး တိုးတက်ဖို့ဆိုရင် နိုင်ငံတကာကလည်း လွတ်လွတ်လပ်လပ် ဝင်ထွက်သွားလာခွင့် ပြုဖို့လိုတယ်။ နောက်တစ်ခုက ဟိုတယ်နဲ့ ခရီးသွားလာရေးဖြစ်တဲ့ နိုင်ငံခြားသား ခရီးသွားဧည့်သည်တွေ အနေနဲ့ မန္တ လေးမြို့ကို လာရောက်လည်ပတ်ကြပြီဆိုရင် တောင်ကြီး၊ အင်းလေး၊ ပုဂံ စတာတွေကိုသွားကြတယ်။ အဲဒီထဲမှာက မန္တလေးကို ရောက်လာတာနဲ့ မိုးကုတ်မြို့ဆိုတာကို သွားရောက်သင့်တဲ့ နေရာတစ်ခု ဖြစ်လာအောင် ကျွန်တော်တို့ မန္တလေးတိုင်းဒေသကြီး အစိုးရအဖွဲ့ က ဒါကို ကြိုးပမ်းဆောင်ရွက်မှာပါ။ ဘာလို့လဲဆိုတော့ မိုးကုတ်မြို့ဟာ ပတ္တမြားနဲ့နီလာတွေ ထွက်ရှိတဲ့နေရာ ဖြစ်တဲ့အတွက် ဒါကို နိုင်ငံတကာကသိအောင်၊ အရင်ကလည်း နိုင်ငံတကာမှာ အစဉ်အလာလည်း ရှိခဲ့ဖူးတယ်။ အဲဒီလိုဖြစ်ဖို့အတွက်က ဒီမှာနိုင်ငံခြားသားတွေ လွတ်လွတ်လပ်လပ် သွားလာလို့ရဖို့အတွက် မိုးကုတ်မြို့ကို မန္တလေး-မတ္တရာ-မိုးကုတ်လမ်းကနေ လာလို့ရဖို့အတွက် ပြည်ထောင်စုအဆင့်အထိ တောင်းဆိုသွားပါမယ်။ ပြည်ထောင်စု အစိုးရအဖွဲ့ အစည်းအဝေးမှာလည်း တောင်းခဲ့ပြီးပါပြီ။ အဲဒီတော့ နိုင်ငံခြားသားတွေ မိုးကုတ်ဒေသကို လွတ်လွတ်လပ်လပ် လာလို့ရပြီဆိုရင် ဒီဒေသဟာ ဖွံ့ဖြိုးတိုးတက်လာမှာပါ” ဟု မန္တလေးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဒေါက်တာဇော်မြင့်မောင်က ပြောကြားသည်။

မိုးကုတ်ဒေသသို့ နိုင်ငံခြားသား ခရီးသွားဧည့်သည်များ လွတ်လပ်စွာ ဝင်ထွက်သွားလာခွင့် ရရှိရန်အတွက် ပြည်ထောင်စု အစိုးရအဖွဲ့ အစည်းအဝေးတွင် ဆွေးနွေးမှုများ ပြုလုပ်ထားပြီး အမြဲတမ်း ဝင်ထွက်သွားလာခွင့် ရရှိရန်အတွက် ပြည်ထောင်စုအစိုးရ အဖွဲ့ထံသို့ တောင်းဆိုသွားမည်ဖြစ်ကြောင်း သိရသည်။

လက်ရှိအချိန်တွင် မိုးကုတ်မြို့နှစ် ၈၀၀ ပြည့်ပွဲတော်သို့ သုံးရက်တာ ကာလအတွင်း နိုင်ငံခြားသား ခရီးသွား ဧည့်သည်များကို အကန့်အသတ်ဖြင့် သွားလာခွင့်ပြုထားပြီး နိုင်ငံခြားသား ခရီးသွားဧည့်သည် ၁၆၀ ကျော် ဝင်ရောက်ခဲ့ကြောင်း ဟိုတယ်နှင့် ခရီးသွားလာရေး ဝန်ကြီးဌာနမှ သိရ သည်။ အဆိုပါ သုံးရက်တာ ကာလအတွင်း နိုင်ငံခြားသား ခရီးသွားဧည့်သည်များကို ဝင်ရောက်ခွင့်ပြုရာတွင် မိုးကုတ်မြို့အတွင်း သွားလာလည်ပတ်ခွင့် ရရှိမည်ဖြစ်ပြီး မြို့ပြင်နှင့် အခြားနေရာများသို့ သွားရောက်လေ့လာခွင့် ကန့်သတ်ထားကြောင်း သိရသည်။

 

Most Read

Most Recent