<

မန္တ​လေး​မြို့တွင်​ ပထမဆုံးအကြိမ်​ သနပ်​ခါး​ဈေး​ရောင်းပွဲ​တော်​နှင့်​ သနပ်​ခါးလှပျို​မေပြိုင်​ပွဲ ပြုလုပ်

မြန်​မာ့သနပ်​ခါး စိုက်​ပျိုးထုတ်​လုပ်​​ရောင်းချသူများအသင်းမှ ဦး​ဆောင်​၍ မန္တ​လေးမြို့တွင်​ ပထမဆုံးအကြိမ်​ သနပ်​ခါး​ဈေး​ရောင်းပွဲ​တော်​နှင့်​ သနပ်​ခါး လှပျို​မေပြိုင်​ပွဲ ကျင်းပပြုလုပ်​ခဲ့ကြောင်း သိရသည်​။

အဆိုပါ​ဈေး​ရောင်းပွဲ​တော်​နှင့်​ လှပျို​မေပြိုင်​ပွဲကို မတ်​လ ၃၀ ရက် နှင့် ၃၁ ရက် တို့တွင် ၊ နံနက် ၉ နာရီမှ စတင်ကာ ည ၈ နာရီ အချိန်အထိ မန္တ​လေး​တောင်​​ခြေရှိ ကျောက်​​တော်​ကြီးဘုရား၌ ကျင်းပပြုလုပ်​မည် ဖြစ်ပြီး အရာတော်၊ ပခုက္ကူ၊ ရေစကြို၊ ရွှေဘို၊ မြိုင်၊ စစ်ကိုင်းမြို့နှင့် မြန်မာနိုင်ငံ တစ်ဝှမ်းမှ သနပ်​ခါးထုတ်​လုပ်​စိုက်​ပျိုးသူများမှ လာ​ရောက်​​ရောင်းချလျက်ရှိကြောင်း​၊ ပြိုင်​ပွဲများအဖြစ်​ သနပ်​ခါးလှပျို​မေပြိုင်​ပွဲနှင့်​ သနပ်​ခါးအ​ကြောင်း ဗဟုသုတပြိုင်​ပွဲများလည်း ကျင်းပလျက်ရှိကြောင်း သိရသည်​။

“မြန်​မာ့ယဉ်​​ကျေးမှုအ​မွေအနှစ်​ကို ​ဖော်​ထုတ်​ကာ မြန်​မာအမျိုးသမီးများ သနပ်​ခါးအား မြတ်​နိုးတန်​ဖိုးထားတတ်​​စေရန်​ ရည်​ရွယ်​ချက်​နဲ့ ကျင်းပတာဖြစ်​ပြီး ​ဈေး​ရောင်းပွဲနဲ့ ပြိုင်​ပွဲကို ၂ ရက် ​ကျင်းပသွားမှာပါ။ ​ဈေး​ရောင်းပွဲမှာ သနပ်​ခါး အဓိကစိုက်​ပျိုးထုတ်​လုပ်​​ရောင်းချတဲ့ ပခုက္ကူအသင်း၊ ​ရွှေဘိုအသင်း၊ အရာ​တော်​၊ ​ရေစကြို၊ မြိုင်​စတဲ့ သနပ်​ခါး ထုတ်​လုပ်​​ရောင်းချတဲ့အသင်း​တွေက ခြံရှင်​​တွေကိုယ်​တိုင်​ လာ​ရောင်းကြတာပါ။ နောက်​ပြီး သနပ်​ခါးနဲ့​ ဖော်​စပ်​ထားတဲ့ ​ဆေး​တွေ၊ သနပ်​ခါးတုံးနဲ့ပြုလုပ်​ထားတဲ့ လက်​မှုပစ္စည်းအ​ရောင်းဆိုင်​​တွေလဲ ပါတယ်​”ဟု မြန်​မာ့သနပ်​ခါး ထုတ်​လုပ်​​ရောင်းချသူများ အသင်းမှ ဥက္ကဋ္ဌ ဦး​ကျော်​မိုးက ​ပြောသည်​။

သနပ်​ခါး​ဈေး​ရောင်းပွဲနှင့်​ လှပျို​မေပြိုင်​ပွဲကို မြန်​မာနိုင်​ငံရှိ သနပ်​ခါး ထုတ်​ကုန်​ထုတ်​လုပ်​​ရောင်းချ​နေသည့်​ ကုမ္ပဏီကြီးများဖြစ်​​သော ​​ရွှေပြည်​နန်း၊ ​ဒေါ်သီ၊ ​ရွှေဘိုမင်းသမီး အစရှိသည့်​ ကုမ္ပဏီများမှ ပူး​ပေါင်း ပါဝင်​ ကူညီကျင်းပခြင်းဖြစ်​​ကြောင်း၊ မြန်မာ့ရိုးရာဝတ်စုံကို ဆင်မြန်းပြီး မြန်မာ့ရိုးရာ သနပ်ခါးလိမ်းခြယ်ထားသည့် လှပျို​မေပြိုင်​ပွဲဆုအဖြစ်​ ပထမဆု ကျပ်​ ၃ သိန်း၊ ဒုတိယဆု ၂ သိန်းနှင့်​ တတိယဆု ၁ သိန်းဆုတို့ကို မတ်လ ၃၁ ရက်နေ့တွင် ရွေးချယ်ချီးမြှင့်​​ပေးသွားမည်​ဖြစ်​​သည်။

ထို့အတူ ပွဲကျင်းပသည့် ရက်များအတွင်း ​​​​​သနပ်​ခါး လိမ်းခြယ်​ပေးခြင်း အစီစဉ်​များ ​ဖျော်​​ဖြေ​ရေး အစီစဉ်​အဖြစ်​ မြို့မတီးဝိုင်းဖြင့်​​ ဖျော်​​ဖြေခြင်းများ ပါဝင်​မည်​ဖြစ်ကာ နှစ်စဉ်ကျင်းပနိုင်ရန် ကြိုးပမ်းသွားမည်ဖြစ်ကြောင်း သိရသည်။

March 30, 2018














Copy Protected by Chetan's WP-Copyprotect.