မိုးကုတ်မြို့ နှစ်(၈၀၀)ပြည့်ပွဲတော် ဖွင့်ပွဲ ညနေပိုင်း အစီအစဉ်တွင် တိုင်းရင်းသားပေါင်းစုံ ဘာသာပေါင်းစုံတို့ဖြင့် မြို့အတွင်း ဝင်းခင်း လှည့်လည်

မိုးကုတ်မြို့ နှစ်(၈၀၀)ပြည့်ပွဲတော် ဖွင့်ပွဲ ညနေပိုင်း အစီအစဉ်တွင် တိုင်းရင်းသားပေါင်းစုံ ဘာသာပေါင်းစုံတို့ဖြင့် မြို့အတွင်း ဝင်းခင်း လှည့်လည်
Published 30 March 2018

မိုးကုတ်မြို့ နှစ်(၈၀၀)ပြည့်ပွဲတော် ဖွင့်ပွဲအခမ်းအနားကို မတ် ၂၉ ရက် ယနေ့ နံနက် ၉ နာရီအချိန်က မိုးကုတ်မြို့ရှိ မုံကွင်းတွင် ကျင်းပပြုလုပ်ခဲ့ပြီးနောက် ညနေပိုင်းတွင် မိုးကုတ်မြို့ပေါ်နှင့် မြို့အနောက်ကျပ်ပြင်ရပ်ကွက်တို့မှ တိုင်းရင်းသားပေါင်းစုံ၊ ဘာသာပေါင်းစုံတို့ဖြင့် အဖွဲ့အစည်းပေါင်း ၁၅ ဖွဲ့ကျော် လူဦးရေ ၂၀၀၀ ကျော်တို့ဖြင့် မြို့အတွင်း ဝင်းခင်းလှည့်လည်ခဲ့ကြသည်။ တိုင်းရင်းသားပေါင်းစုံတို့တွင် ရှမ်း၊ လီဆူ၊ ကိုးကန့်၊ ခိုလုံလီရှော၊ ပလောင်၊ တအန်း၊ ချင်း၊ ရတနာပုံဝင်း၊ ဟိန္ဒူ၊ ဂေါ်ရခါး၊ တရုတ်၊ အစ္စလာမ်၊ ခရစ်ယာန် အစရှိသည့် တိုင်းရင်းသားပေါင်းစုံနှင့်ဘာသားပေါင်းစုံတို့က ရိုးရာ တူညီဝတ်စုံများဖြင့် မြို့အတွင်း လှည့်လည်ခဲ့ကြသည်။

“ဒီနေ့ ပြုလုပ်တဲ့ တိုင်းရင်းသားပေါင်းစုံ ဘာသားပေါင်းစုံတို့ မြို့အတွင်းမှာ ဝင်းခင်းလှည့်လည်ရတဲ့ ရည်ရွယ်ချက်က တိုင်းရင်းသားစည်းလုံးညီညွတ်ရေးနဲ့ ဘာသားပေါင်းစုံ ငြိမ်းချမ်းချစ်ကြည်ရင်းနှီးစွာနဲ့ အတူယှဉ်တွဲနေထိုင်ကြဖို့ ရည်ရွယ်လုပ်ဆောင်တာ ဖြစ်ပါတယ်။ မိုးကုတ်မြို့မှာရှိတဲ့ တိုင်းရင်းသားပေါင်းစုံ ဘာသားပေါင်းစုံနဲ့ ဘာသာပေါင်းစုံ အပါအဝင် မိုးကုတ်ကျပ်ပြင်မှာနေထိုင်ကြတဲ့ တိုင်းရင်းသားတွေလဲ စုပေါင်းပါဝင်ခဲ့ကြပါတယ်။ မိုးကုတ်မြို့ဟာ ဟိုးအရင်နှစ်ပေါင်းစွာကတည်းက တိုင်းရင်းသားလူမျိုးပေါင်းစုံနဲ့ ဘာသာပေါင်းစုံတို့ဟာ ငြိမ်းချမ်းစွာ၊ ချစ်ကြည်ရင်းနှီးစွာနဲ့ အတူယှဉ်တွဲနေထိုင်ခဲ့ကြတဲ့ မြို့တစ်မြို့ဖြစ်ပါတယ်”ဟု မိုးကုတ်မြို့ နှစ်(၈၀၀)ပြည့် ပွဲတော် ကျင်းပရေးကော်မတီ(မိုးကုတ်)မှ ဒေါ်ခင်အုန်းမြင့်က ပြောကြားသည်။

မိုးကုတ်မြို့ နှစ်(၈၀၀)ပြည့် ပွဲတော်သို့ လာရောက်သည့် ပြည်တွင်းခရီးသွားဧည့်သည်ဦးရေမှာ သောင်းဂဏန်းကျော်အထက်ရှိနေပြီး ကားလက်မှတ်ဈေးနှုန်းများ မြင့်တက်လျက်ရှိကာ မြို့အတွင်းရှိ တည်းခိုခန်းနှင့်ဟိုတည်အခန်းများမှာလည်း အခန်းပြည့်လျက်ရှိကြောင်း သိရသည်။ မိုးကုတ်မြို့ နှစ်(၈၀၀)ပြည့် ပွဲတော်အထိမ်းအမှတ်အဖြစ် နိုင်ငံခြားသား ခရီးသွားဧည့်သည် ၁၀၀ ကျော်အား ပွဲတော်ရက် သုံးရက်အတွင်း အကန့်အသတ်ဖြင့် လာရောက်လည်ပတ်ခွင့်ပြုထားကြောင်း ဟိုတည်နှင့်ခရီးသွားလာရေးဝန်ကြီးဌာနမှ သိရသည်။

Most Recent