YBS ယာဉ်အရှိန်ပြင်းစွာ မောင်းနှင်မှုကို ပြောဆိုသည့်ခရီးသည်အား ယာဉ်မောင်းက ကတ်ကြေးဖြင့်ထိုးမှု တောင်ဥက္ကလာပမြို့နယ်တွင် ဖြစ်ပွား

YBS ယာဉ်အရှိန်ပြင်းစွာ မောင်းနှင်မှုကို ပြောဆိုသည့်ခရီးသည်အား ယာဉ်မောင်းက ကတ်ကြေးဖြင့်ထိုးမှု တောင်ဥက္ကလာပမြို့နယ်တွင် ဖြစ်ပွား
Published 30 March 2018

တောင်ဥက္ကလာပမြို့နယ်တွင် အရှိန်ပြင်းပြင်းမောင်းနှင်သဖြင့် ပြောဆိုသည့်ခရီးသည်အား YBS ယာဉ်မောင်းက ကတ်ကြေးဖြင့် ထိုးမှုဖြစ်ပွားခဲ့ကြောင်း မတ် ၂၉ ရက်တွင် သက်ဆိုင်ရာမြို့မရဲစခန်းမှ ရဲအရာရှိတစ်ဦး၏ တရားလိုပြုလုပ်၍ စစ်ဆေးတိုင်တန်း ချက်အရ ကနဦးသိရှိရသည်။

မတ် ၂၇ ရက် ညနေ ၅ နာရီခန့်တွင် တောင်ဥက္ကလာပမြို့နယ်၊ မြင်သာဈေးမီးပွိုင့် ကားမှတ်တိုင်တွင် ဓားထိုးမှုဖြစ်ပွားကြောင်း သတင်းရသဖြင့် သက်ဆိုင်ရာရဲတပ်ဖွဲ့မှ သွားရောက်စစ်ဆေးခဲ့ကြောင်း သိရသည်။

သွားရောက်စစ်ဆေးရာ အဆိုပါနေရာတွင် ဒဂုံတောင်-လှိုင် သာယာပြေးဆွဲသည့် YBS-၆  ယာဉ်မောင်းမျိုးမင်း(၃၃နှစ်)သည်  အဆိုပါယာဉ်ပေါ်မှခရီးသည် ကို...(၂၈နှစ် ) အား ကတ်ကြေးဖြင့် ထိုးခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

ထို့နောက် ရဲတပ်ဖွဲ့မှ ဆက်လက်စစ်ဆေးရာ YBS ယာဉ်မောင်း မျိုးမင်း(၃၃နှစ်)သည် ယာဉ်အား အရှိန်ပြင်းစွာမောင်းနှင်သဖြင့် ယာဉ်ပေါ်ပါ ခရီးသည်ဖြစ်သူ ကို... (၂၈နှစ်)က အရှိန်ပြင်းစွာ မမောင်းရန် ပြောဆိုခဲ့ကြောင်း သိရသည်။

ယင်းသို့ ပြောဆိုရာမှ ၎င်းတို့နှစ်ဦးမှာ တစ်ယောက်တစ်ခွန်း စကားများခဲ့ကြပြီး မျိုး မင်း(၃၃နှစ်)မှာ ၎င်းဘေးတွင် အသင့်ရှိသည့် အသွားခြောက်လက်မခန့်ရှိ ကတ်ကြေးဖြင့် ထိုးခဲ့ကြောင်း သိရသည်။

ကတ်ကြေးဖြင့် အထိုးခံရသဖြင့် ကို...(၂၈နှစ်)မှာ ဝဲရင်အုံ ထိုးသွင်းဒဏ်ရာနှစ်ချက်၊ ယာဘက်နံရိုး ထိုးသွင်းသွေးထွက်ဒဏ်ရာ တစ်ချက်ရရှိပြီး သင်္ဃန်းကျွန်းဆေးရုံ၌ ဆေးကုသမှုခံယူနေရကြောင်း သိရသည်။

“ယာဉ်မောင်းက အရှိန်ပြင်းစွာမောင်းနှင်တဲ့ကိစ္စကို ပြောတဲ့ခရီးသည်နဲ့စကားများပြီး ယာဉ်မောင်းက သူ့ဘေးမှာရှိတဲ့ကတ်ကြေးနဲ့ထိုးလိုက်တာလို့ ကနဦး စစ်ဆေး သိရှိရပါတယ်။ ယာဉ်မောင်းကိုတော့ ဖမ်းဆီးရမန်ယူပြီး ဆက်လက်စစ်ဆေးနေပါတယ်။ကတ်ကြေးနဲ့ထိုးခံရတဲ့ ခရီးသည်ကတော့ ဒဏ်ရာသက်သာလာပါပြီ” ဟု ရန်ကုန်တိုင်းဒေသကြီး ရဲတပ်ဖွဲ့မှ ရဲအရာရှိတစ်ဦးက ပြောကြားသည်။

ယင်းဖြစ်စဉ်နှင့်ပတ်သက်၍  YRTA မှ တာဝန်ရှိသူတစ်ဦးဖြစ်သည့် ဦးလှအောင်အား ဖုန်းဖြင့် ဆက်သွယ်မေးမြန်းရာ “ကျွန်တော့်ဆီကို အဲဒီဖြစ်စဉ်ရဲ့ အစီရင်ခံစာမရောက်သေးဘူး။ အစီရင်ခံစာရောက်မှ ကျွန်တော် အသေးစိတ်ပြောလို့ရမယ်။ လက်ရှိမှာ ကျွန်တော်အကြမ်းဖျင်းသိရတာက ရဲတပ်ဖွဲ့ဘက်က ထုတ်ပြန်တဲ့ဖြစ်စဉ်နဲ့ တူချင်မှတူမယ်။ အကြမ်းဖျင်းက အဲဒီကားယာဉ်မောင်းရဲ့အရင်တုန်းက စပယ်ယာအဟောင်းက ကားပေါ်တက်ပြီး ပိုက်ဆံတောင်းတယ်လို့ သိရတယ်။ တောင်းရင်းနဲ့   နှစ်ယောက်စကားများတယ်။ အနီးမှာရှိတဲ့ကွမ်းယာဆိုင်က ကတ်ကြေးကို ယူပြီး တစ်ယောက်နဲ့ တစ်ယောက်ထိုးတာ ကြိတ်တာဖြစ်တယ်။ ဖြစ်တဲ့အတွက် ကတ်ကြေးနဲ့ထိုးခံရတဲ့တစ်ယောက်က ဆေးရုံမှာ သွားပြပြီး ဆေးရုံတက်တယ်။ ယာဉ်မောင်းကို ရဲစခန်းမှာအမှုဖွင့်ပြီးချုပ်ထားတယ်လို့ သိရ တယ်” ဟု ပြန်လည်ဖြေကြားခဲ့သည်။

အဆိုပါဖြစ်စဉ်မှ YBS ယာဉ်မောင်း မျိုးမင်း(၃၃နှစ်)အား  တောင်ဥက္ကလာပမြို့မ ရဲစခန်းမှ (ပ) ၃၈၉/၂၀၁၈၊ ရာဇသတ်ကြီး ပုဒ်မ-၃၂၆ ဖြင့် အမှုဖွင့်ကာ ဆက်လက်စစ်ဆေးလျက်ရှိကြောင်း သိရသည်။

Most Read

Most Recent