ဒုတိယအကြိမ် ပြည်သူ့လွှတ်တော်နှင့် အမျိုးသားလွှတ်တော် သတ္တမ ပုံမှန်အစည်းအဝေးများ ပြီးဆုံး

ဒုတိယအကြိမ် ပြည်သူ့လွှတ်တော်နှင့် အမျိုးသားလွှတ်တော် သတ္တမ ပုံမှန်အစည်းအဝေးများ ပြီးဆုံး
Published 30 March 2018

ဒုတိယအကြိမ် ပြည်သူ့လွှတ်တော်နှင့် အမျိုးသားလွှတ်တော် သတ္တမပုံမှန်အစည်းအဝေးများအား မတ် ၂၉ ရက်တွင် ရပ်နားခဲ့သည်။

ဒုတိယအကြိမ် ပြည်သူ့လွှတ်တော် သတ္တမ ပုံမှန်အစည်းအဝေးကို ၂၀၁၈ ခုနှစ် ဇန်နဝါရီ ၁၅ ရက်က စတင်ကျင်းပပြီး မတ် ၂၉ ရက်အထိ အစည်းအဝေးကျင်းပသည့် ရက် ၃၂ ရက်ရှိခဲ့ကြောင်း သိရသည်။

ဒုတိယအကြိမ် ပြည်သူ့လွှတ်တော် သတ္တမ ပုံမှန်အစည်းအဝေးကာလအတွင်း ဆောင်ရွက်ချက်များအနေဖြင့် ကြယ်ပွင့်ပြ မေးခွန်း  ၁၉၁ ခု မေးမြန်းဖြေကြားခြင်း၊ ကြယ်ပွင့်မပြမေးခွန်း ၆၂၈ ခုဖြေကြားခြင်းနှင့် အဆို ကိုးခု တင်သွင်းခဲ့ရာ အတည်ပြု အဆိုနှစ်ခုနှင့် မှတ်တမ်းတင်အဆို ခုနစ်ခုရှိကြောင်း ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ ဦးတီခွန်မြတ်က ပြောကြားသည်။

ဥပဒေကြမ်းများအနေဖြင့် ဆွေးနွေးဆောင်ရွက်ခဲ့သည့် ဥပဒေကြမ်း ၃၅ ခုရှိပြီး ဥပဒေကြမ်း ၁၄ ခုကို အတည်ပြုနိုင်ခဲ့ကာ ဆက်လက်ဆောင်ရွက်ရန် ဥပဒေကြမ်း ၂၁ ခုကျန်ရှိကြောင်း၊ ထို့ပြင် ပြည်သူ့လွှတ်တော်က ဖွဲ့စည်းထားသည့် ကော်မတီ ၁၄ ခု၏ သက်တမ်းတိုးမြှင့်ခြင်းနှင့် အစိုးရ၏ အာမခံချက်များ၊ ကတိများနှင့် တာဝန်ခံချက်များစိစစ်ရေးကော်မတီ၏ အစီရင်ခံစာကို အတည်ပြုခြင်း များကိုလည်း ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

ထို့အတူ ဒုတိယအကြိမ် အမျိုးသားလွှတ်တော် သတ္တမပုံမှန်အစည်းအဝေးကို ၂၀၁၈ ခုနှစ် ဇန်နဝါရီ ၁၅ ရက်မှ မတ် ၂၉ ရက်အထိ ၃၃ ရက်ကြာ ကျင်းပခဲ့ခြင်းဖြစ်ပြီး ကြယ်ပွင့်ပြ မေးခွန်း ၁၀၆ ခုနှင့် ကြယ်ပွင့်မပြ မေးခွန်း ၁၈၄ ခုကို လွှတ်တော်ကိုယ်စားလှယ်များက မေးမြန်းခဲ့ကြောင်း သိရသည်။

အမျိုးသားလွှတ်တော် သတ္တမပုံမှန် အစည်းအဝေးကာလအတွင်း အဆိုလေးခု တင်သွင်းခဲ့သည့်အနက် အတည်ပြုအဆိုတစ်ခု၊ အတည်မပြုအဆိုနှစ်ခုနှင့် မှတ်တမ်းတင် အဆိုတစ်ခုဖြစ်ကြောင်း သိရသည်။

အမျိုးသားလွှတ်တော် သတ္တမ ပုံမှန်အစည်းအဝေးကာလတွင် အတည်ပြုခဲ့သည့် အဆိုသည် ရန်ကုန်တိုင်းဒေသကြီး မဲဆန္ဒနယ် အမှတ် (၉) မှ ဦးဖေချစ် တင်သွင်းသည့် ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်၏ သဘာဝသယံဇာတများ ပျက်စီးဆုံးရှုံးနေခြင်းကို အမျိုးသားရေး တာဝန်တစ်ရပ်အနေဖြင့် ထိန်းသိမ်း ကာကွယ် စောင့်ရှောက်ပေးရန် အဆိုဖြစ်ပြီး အတည်မပြုခဲ့သည့် အဆိုနှစ်ခုမှာ ရခိုင်ပြည်နယ် မဲဆန္ဒနယ်အမှတ် (၁၁) မှ ဒေါ်ထုမေတင်သွင်းခဲ့သည့် ကျေးရွာတစ်ရွာထုတ်ကုန်တစ်ခု၊ ကျေးလက်ဒေသဖွံ့ဖြိုးရေး မဟာဗျူဟာအစီအစဉ်ကို ဆင်းရဲသော ပြည်နယ်နှင့် တိုင်းများအား ဦးစားပေးလျက် သက်ဆိုင်ရာဝန်ကြီးဌာနများတွင် ဘဏ္ဍာငွေတစ်ရပ် ထည့်သွင်း ရေးဆွဲကာ လက်တွေ့အကောင်အထည်ဖော် ဆောင်ရွက်ပေးပါရန်အဆိုနှင့် မြန်မာနိုင်ငံတွင် သူငယ်တန်းမှစ၍ တက္ကသိုလ်ဝင်တန်း (အထက်တန်း) အောင်မြင်ပြီးချိန်အထိ အင်္ဂလိပ်ဘာသာကို မသင်မနေရ ဘာသာရပ်တစ်ခုအဖြစ် ပြဋ္ဌာန်းသင်ကြားပေးနေသော်လည်း အထက်တန်းအဆင့် ပညာရေးပြီးဆုံးချိန်တွင် ကျောင်းသူ၊ ကျောင်းသားအများစု၏ အင်္ဂလိပ်ဘာသာဖြင့် ရေးသားပြောဆို ဆက်သွယ်နိုင်စွမ်းသည် နိမ့်ကျနေဆဲသည့်အတွက် အထက်တန်း ပညာရေးပြီးဆုံးချိန်တွင် အင်္ဂလိပ်ဘာ သာဖြင့် အတိုင်းအတာတစ်ခုအထိ ထိရောက်စွာ ရေးသားပြောဆို ဆက်သွယ်နိုင်ရန်အတွက် အဋ္ဌမတန်းမှစတင်၍ အင်္ဂလိပ်စာဘာသာ သင်ရိုးညွှန်းတမ်းများနှင့် သင်ကြားပုံနည်းစနစ်များ၊ အကဲဖြတ်စနစ် (စာမေးပွဲ) ကို ခေတ်နှင့်လျော်ညီစွာ စွမ်းရည်လေးမျိုး  (4 Skills – Reading- Writing –Speaking – Listening) ပါဝင်သောစနစ်သို့ ပြုပြင်ပြောင်းလဲသင်ကြားရန် အဆိုတို့ဖြစ်သည်။

ထို့ပြင် ကျင်းပလျက်ရှိသော ဒုတိယအကြိမ် ပြည်ထောင်စုလွှတ်တော် သတ္တမပုံမှန် အစည်းအဝေးသည်လည်း မတ် ၃၀ ရက်တွင် ပြီးဆုံးမည်ဖြစ်ကြောင်း အစည်းအဝေး အစီအစဉ် လျာထားချက်အရ သိရသည်။

Most Read

Most Recent