မြန်မာ့လူမှုစီးပွားရေး ဖွံ့ဖြိုးတိုးတက်မှုဆိုင်ရာ စီမံကိန်းလေးခုအတွက် ဂျပန်က အတိုးနှုန်းသက်သာသည့် ချေးငွေဒေါ်လာ ၁ ဒသမ ၁ ဘီလျံခန့်အတွက် လက်မှတ်ရေးထိုး

မြန်မာ့လူမှုစီးပွားရေး ဖွံ့ဖြိုးတိုးတက်မှုဆိုင်ရာ စီမံကိန်းလေးခုအတွက် ဂျပန်က အတိုးနှုန်းသက်သာသည့် ချေးငွေဒေါ်လာ ၁ ဒသမ ၁ ဘီလျံခန့်အတွက် လက်မှတ်ရေးထိုး
Published 30 March 2018

မြန်မာနိုင်ငံ၏ လူမှုစီးပွားရေး ဖွံ့ဖြိုးတိုးတက်မှုဆိုင်ရာ စီမံကိန်းလေးခုအတွက် ဂျပန်နိုင်ငံက အတိုးနှုန်းသက်သာသည့် တရားဝင်အကူအညီချေးငွေ ဂျပန်ယန်း ၁၁၇ ဒသမ ၀၄ ဘီလျံ (ဒေါ်လာ ၁၀၉၇ ဒသမ ၈၃ သန်း) ထောက်ပံ့ခဲ့ပြီး မတ် ၂၉ ရက်တွင် ဂျပန်အပြည်ပြည်ဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေးအေဂျင်စီ (JICA) နှင့် ချေးငွေစာချုပ်လေးခုကို လက်မှတ်ရေးထိုးခဲ့ကြောင်း JICA ၏ ထုတ်ပြန်ချက်အရ သိရသည်။

လက်ရှိမြန်မာနိုင်ငံ၏ စီးပွားရေးဖွံ့ဖြိုးတိုးတက်မှု၏ အမှန်တကယ်နှုန်းထားမှာ ခုနစ်ရာခိုင်နှုန်းဝန်းကျင် ရှိနေသော်လည်း မြန်မာနိုင်ငံသည် ရင်းနှီးမြှုပ်နှံမှု ပိုမိုမြှင့်တင်ရေးနှင့် တိုင်းဒေသကြီးများနှင့် ကျေးလက်ဒေသများတွင် ဆင်းရဲမှုလျှော့ချရေး၊ စီးပွားရေးဖွံ့ဖြိုးတိုးတက်မှု ထိန်းသိမ်းထားနိုင်ရေးတို့ကို ဟန့်တားစေသော အခြေခံအဆောက်အအုံတွင် စိန်ခေါ်မှုများစွာနှင့် ရင်ဆိုင်နေခြင်းဖြစ်သည်။ ထို့ပြင် အသေးစား၊ အလတ်စားစီးပွားရေးလုပ်ငန်းများနှင့် အိမ်ထောင်စုများ အိမ်ရာဝယ်ယူခြင်းတို့အတွက် လိုအပ်သောငွေရေးကြေးရေးစနစ်နှင့် ဝန်ဆောင်မှုများ မလုံလောက်မှုတို့သည် မြန်မာပြည်သူများအား သင့်တော်သော အိမ်ရာထောက်ပံ့မှုနှင့် SME များ၏ စီးပွားရေးလုပ်ဆောင်မှုများ လှုံ့ဆော်ပေးခြင်းတို့ကို အဟန့်အတားဖြစ်စေသည်ဟု JICA က ထုတ်ပြန်ထားသည်။

ယခုထောက်ပံ့ပေးခဲ့သည့် စီမံကိန်းများနှင့် စီမံကိန်းအလိုက် ချေးငွေပမာဏများမှာ စိုက်ပျိုးရေးဝင်ငွေ တိုးတက်ဖွံ့ဖြိုးရေးစီမံကိန်းအတွက် ချေးငွေဂျပန်ယန်း ၃၀ ဒသမ ၄၆၉ ဘီလျံ (ဒေါ်လာ ၂၈၅ ဒသမ ၇၉ သန်းဝန်းကျင်)၊ အသေးစား၊ အလတ်စားစီးပွားရေးလုပ်ငန်းများအတွက် ဘဏ္ဍာရေးဆိုင်ရာ ဖွံ့ဖြိုးတိုးတက်ရေးစီမံကိန်း အဆင့် (၂) ချေးငွေ ဂျပန်ယန်း ၁၄ ဒသမ ၉၄၉ ဘီလျံ (ဒေါ်လာ ၁၄၀ ဒသမ ၂၂ သန်းဝန်းကျင်)၊ အိမ်ရာဘဏ္ဍာငွေကြေးဖွံ့ဖြိုးတိုးတက်ရေး စီမံကိန်းချေးငွေ ဂျပန်ယန်း ၁၅ ဘီလျံ (ဒေါ်လာ ၁၄၀ ဒသမ ၇၀ သန်းဝန်းကျင်)၊ ရန်ကုန်-မန္တလေး ရထားလမ်း အဆင့်မြှင့်တင်ရေးစီမံကိန်းအဆင့် (၂)၊ အပိုင်း (၁) ချေးငွေ ဂျပန်ယန်း ၅၆ ဒသမ ၆၂၂ ဘီလျံ (ဒေါ်လာ ၅၃၁ ဒသမ ၁၁ သန်းဝန်းကျင်) ဖြစ်ကြောင်း သိရသည်။

ဒေါ်လာ ၂၈၅ ဒသမ ၇၉ သန်းအသုံးပြုမည့် စိုက်ပျိုးရေးဝင်ငွေ တိုးတက်ဖွံ့ဖြိုးရေးစီမံကိန်း၏ ရည်ရွယ်ချက်မှ စုစုပေါင်းဟက်တာ နှစ်သန်းဝန်းကျင်ဖြင့် မြန်မာနိုင်ငံ၏ အကျယ်ပြန့်ဆုံး ဆည်ရေပေးဒေသဖြစ်သော စစ်ကိုင်းတိုင်းဒေသကြီးရှိ ရွှေဘိုဒေသ၏ ဆည်ရေပေးဆိုင်ရာ လုပ်ငန်းလိုအပ်သည့် ပစ္စည်းမျတားနှင့် လယ်ယာမြေမှတစ်ဆင့် ဈေးကွက်သို့ သွားလာရေးလွယ်ကူစေရန်အတွက် ဆက်သွယ်နိုင်မည့် အခြေခံအဆောက်အအုံ ဖွံ့ဖြိုးတိုးတက်ရေး၊ စိုက်ပျိုးပညာပေးရေး၊ စက်မှုလယ်ယာစနစ် အားဖြည့်ပေးရေး စသည့်လုပ်ငန်းများ ဆောင်ရွက်ရန်ဖြစ်သည်။

ဒေါ်လာ ၁၄၀ ဒသမ ၂၂ သန်းဝန်းကျင် အသုံးပြုမည့် အသေးစား၊ အလတ်စားစီးပွားရေးလုပ်ငန်းများအတွက် ဘဏ္ဍာရေးဆိုင်ရာ ဖွံ့ဖြိုးတိုးတက်ရေးစီမံကိန်း (အဆင့် ၂) ၏ ရည်ရွယ်ချက်မှာ ကြားခံဘဏ္ဍာရေးအဖွဲ့အစည်းများမှတစ်ဆင့် အသေးစား၊ အလတ်စား စီးပွားရေးလုပ်ငန်းများအတွက် ငွေကြေးကူညီထောက်ပံ့ရန်နှင့် ကြားခံဘဏ္ဍာရေးအဖွဲ့အစည်းများတွင် စွမ်းဆောင်ရည်မြှင့်တင်ခြင်းကို ကူညီထောက်ပံ့ရန်ဖြစ်သည်။

ဒေါ်လာ ၁၄၀ ဒသမ ၇၀ သန်းဝန်းကျင် အသုံးပြုမည့် အိမ်ရာဘဏ္ဍာငွေကြေး ဖွံ့ဖြိုးတိုးတက်ရေးစီမံကိန်း၏ ရည်ရွယ်ချက်မှာ ဝင်ငွေနည်းပါးသူများနှင့် ဝင်ငွေအလယ်အလတ်ရှိသော အိမ်ထောင်စုများအတွက် အိမ်ရာအထောက်အပံ့ကို ကြားခံဘဏ္ဍာရေးအဖွဲ့အစည်းများမှတစ်ဆင့် အိမ်ရာချေးငွေများထောက်ပံ့ခြင်း၊ ကြားခံဘဏ္ဍာရေးအဖွဲ့အစည်းများနှင့် သက်ဆိုင်ရာအဖွဲ့အစည်းများ၏ စွမ်းဆောင်ရည်ကို အားဖြည့်ပေးခြင်းနှင့် အိမ်ရာဘဏ္ဍာငွေကြေးစနစ် ဖွံဖြိုးတိုးတက်လာစေခြင်းတို့မှတစ်ဆင့် မြှင့်တင်ပေးရန်ဖြစ်သည်။

ဒေါ်လာ ၅၃၁ ဒသမ ၁၁ သန်းဝန်းကျင် အသုံးပြုမည့် ရန်ကုန်-မန္တလေး ရထားလမ်း အဆင့်မြှင့်တင်ရေးစီမံကိန်း အဆင့် (၂)၊ အပိုင်း (၁) ၏ ရည်ရွယ်ချက်မှာ ရန်ကုန်နှင့် မန္တလေးမြို့ကြီးများသည် မြန်မာနိုင်ငံ၏ အဓိကစီးပွားရေးအချက်အချာ မြို့ကြီးများဖြစ်သည့် အားလျော်စွာ ရန်ကုန်-မန္တလေးမီးရထားလမ်း၏ တစ်စိတ်တစ်ဒေသဖြစ်သော တောင်ငူ-မန္တလေးလမ်းပိုင်း လွယ်ကူချောမွေ့စေရန် အရည်အသွေးမီသော စက်ပစ္စည်းများဖြင့် ခေတ်နှင့်အညီ ပြန်လည်ပြုပြင်ပေးရန်ဖြစ်ကြောင်း သိရသည်။

အဆိုပါချေးငွေများ၏ အတိုးနှုန်းသည် သက်သာသော ချေးငွေအမျိုးအစားများဖြစ်ပြီး နှစ်စဉ်အတိုးနှုန်း ၀ ဒသမ ၀၁ ရာခိုင်နှုန်း၊ နှစ်စဉ်အတိုင်ပင်ခံ ဝန်ဆောင်မှု ၀ ဒသမ ၀၁ ရာခိုင်နှုန်းဖြစ်ကာ ပြန်ဆပ်ရမည့်ကာလနှစ် ၄၀၊ ဆိုင်းငံ့ကာလ ၁၀ နှစ်ဖြစ်ကြောင်း JICA က ထုတ်ပြန်သည်။

Most Read

Most Recent