တရုတ်နိုင်ငံတွင် ဖမ်းဆီးခံရသည့် မြန်မာနိုင်ငံသားများအား အစိုးရကကူညီပေးရန် ကချင်ပြည်နယ်လွှတ်တော်တွင် အဆိုတင်သွင်း

တရုတ်နိုင်ငံတွင် ဖမ်းဆီးခံရသည့် မြန်မာနိုင်ငံသားများအား အစိုးရကကူညီပေးရန် ကချင်ပြည်နယ်လွှတ်တော်တွင် အဆိုတင်သွင်း
Published 30 March 2018

တရုတ်နိုင်ငံတွင် ဖမ်းဆီးခံရသည့် မြန်မာနိုင်ငံသားများကို အစိုးရကကူညီပေးရန် မတ် ၂၉ ရက်က ကျင်းပသည့် ဒုတိယအကြိမ် ကချင်ပြည်နယ်လွှတ်တော် ၁၁ ကြိမ်မြောက်အစည်းအဝေး ဒုတိယနေ့တွင် အဆိုတင်သွင်းခဲ့ကြောင်း သိရသည်။

ယင်းအဆိုကို မိုးမောက်မြို့နယ် မဲဆန္ဒနယ် အမှတ် (၁) မှ ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဦးနေဝင်းက “တရုတ်ပြည်သို့ဝင်ရောက်နေသော ရွှေ့ပြောင်းအလုပ်သမားများအား ဝင်ခွင့်စာအုပ်ရှိသော်လည်း မူးယစ်ဆေးဝါးသုံးစွဲခြင်းရှိ မရှိ ဆီးစစ်၍ ဥပဒေမဲ့ဖမ်းဆီးခံနေရခြင်းများ၊ ငွေကြေးများဖြင့် ပြန်လည်ရွေးယူစေခြင်းများကို တစ်ဖက်နိုင်ငံ အစိုးရတာဝန်ရှိသူတို့ဖြင့် နားလည်မှုသဘောတူဆွေးနွေး၍ နိုင်ငံသားများအား ကာကွယ်စောင့်ရှောက်ပေးရန် ပြည်နယ်အစိုးရအား တိုက်တွန်းကြောင်း}”ခေါင်းစဉ်ဖြင့် အဆိုတင်ခဲ့ခြင်းဖြစ်သည်။

ဦးနေဝင်းက “တရုတ်နိုင်ငံ နယ်စပ်မြို့တွေဖြစ်တဲ့ ထိန်ချုံး၊ ကူရုံး၊ ကျန်ဟောင်၊ ရွှေလီ၊ ကျယ်ခေါင်မြို့များကို စာအုပ်အနီ တရားဝင်ပြုလုပ်သွားနေကြတာ နှစ်ပေါင်းများစွာကြာခဲ့ပါပြီ။ အဲဒီလို သွားနေတဲ့သူတွေကို ခုချိန်မှာ နယ်စပ်ရဲတပ်ဖွဲ့များက မူးယစ်ဆေးဝါးသုံးစွဲမှုရှိ မရှိ စစ်ဆေးပြီး ဆေးပေါ်သည်ပြော၍ မြန်မာနိုင်ငံသားများအား ဥပဒေမဲ့ဖမ်းဆီးကာ လမ်းဖောက်ရာကုမ္ပဏီများသို့ အလုပ်ကြမ်းများ ခိုင်းစေခဲ့ကြောင်း သိရပါတယ်။ မိုးမောက်မြို့နယ်က လွန်ခဲ့တဲ့လပိုင်းက ရှစ်ယောက် အဖမ်းခံရပါတယ်။ အောက်မြန်မာနိုင်ငံက လူဦးရေက ဒီထက်များမယ့် အခြေအနေရှိပါတယ်။ တရုတ်ငွေလေးထောင်ကနေ ခုနစ်ထောင်အထိ ပေးခဲ့ကြရပါတယ်။ တရုတ်နိုင်ငံအောက်ခြေရဲတွေရဲ့ တရားမဲ့ငွေရှာနေတဲ့ လုပ်ငန်းတစ်ခုလို့ မြင်ပါတယ်။ အထက်ကရဲတပ်ဖွဲ့တွေကိုမေးတော့ မသိပြန်ဘူးဖြစ်နေတယ်။ အခုမြစ်ကြီးနားမြို့မှာလည်း နှစ်နိုင်ငံဆက်ဆံရေးရုံး ဖွင့်လှစ်ထားပြီးဖြစ်ပါတယ်။ အဲဒါကြောင့် လွှတ်တော်မှာ တစ်ဖက်နိုင်ငံ အစိုးရတာဝန်ရှိသူတို့ဖြင့် နားလည်မှု သဘောတူဆွေးနွေး၍ နိုင်ငံသားများအား ကာကွယ်စောင့်ရှောက်ပေးရန် ပြည်နယ်အစိုးရအား တိုက်တွန်းကြောင်း အဆိုတင်သွင်းခဲ့ခြင်းဖြစ်ပါတယ်” ဟု လွှတ်တော်တွင် တင်ပြခဲ့သည်။

ယင်းအဆိုကို မိုးမောက်မြို့နယ် မဲဆန္ဒနယ်အမှတ် (၂) မှ ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဦးထွန်းစိန်က ထောက်ခံခဲ့သဖြင့် ဆွေးနွေးရန် လွှတ်တော်၏ သဘောထားကိုရယူရာ လွှတ်တော်က သဘောတူခဲ့သည်။

နယ်စပ်ဒေသဖြစ်သည့် မန်ဝိန်းကြီးတွင် နေထိုင်သည့် မန်စီမြို့နယ် မဲဆန္ဒနယ်အမှတ် (၂) မှ ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဦးစိုင်းအေးမင်းက “မြန်မာပြည်ကနေ အလုပ်သွားလုပ်ကြတာတော့ အများကြီးရှိနေပါတယ်။ အကြောင်းအမျိုးမျိုးကြောင့် တရုတ်နိုင်ငံရဲတွေက ဖမ်းဆီးတာကိုလည်း ခံနေကြရတယ်လို့ သိရတယ်။ စားသောက်ဆိုင်၊ လယ်ယာလုပ်ငန်း၊ တောင်သူလုပ်ငန်းတွေမှာ သွားလုပ်ကြတာတွေရှိနေတယ်။ တချို့လည်း ကလေးတွေ ၁၈ နှစ် မပြည့်သေးတာတွေပေါ့။ တရုတ်နိုင်ငံမှာ ဒုက္ခရောက်ရင်က ကူညီပေးတဲ့အဖွဲ့လည်း မရှိသေးဘူး။ ကိုယ့်ဆွေမျိုးမိတ်ဆွေတွေနဲ့ ညှိပြီးဖြေရှင်းကြရတာပေါ့။ မနက်ဖြန်မှာ အဆိုကို ပါဝင်ဆွေးနွေးသွားမှာပါ” ဟုပြောကြားသည်။

ကချင်ပြည်နယ် မြစ်ကြီးနားမြို့၊ စုပေါင်းရုံးတွင် တရုတ်-မြန်မာ နှစ်နိုင်ငံချစ်ကြည်ရေးရုံးကို မတ် ၆ ရက်က ဖွင့်လှစ်ခဲ့ပြီး နယ်စပ်ဖြတ်ကျော်မှုခင်းများ၊ လူကုန်ကူးမှုများ တားဆီးရေးနှင့် မူးယစ်ဆေးဝါးပြဿနာများ တားဆီးဖြေရှင်းနိုင်ရန်နှင့် နှစ်ဦးနှစ်ဖက် အကျိုးစီးပွားကိုရည်ရွယ်၍ စီးပွားရေးလုပ်ငန်း၊ ကုန်သွယ်ရေးလုပ်ငန်းနှင့် ဟိုတယ်နှင့်ခရီးသွားလုပ်ငန်းများ တိုးတက်စေရန်အတွက် ဖွင့်လှစ်ရခြင်းဖြစ်ကြောင်း ကချင်ပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာခက်အောင်က ပြောကြားထားသည်။

Most Read

Most Recent