လက်ပံတောင်းတောင် ကြေးနီစီမံကိန်းအနီး မြေယာသိမ်းဆည်းခံ ဝက်မှေးရွာဟောင်းမှဒေသခံများနှင့် လုံခြုံရေးရဲတပ်ဖွဲ့ဝင်များအကြား ရုန်းရင်းဆန်ခတ်ဖြစ်ပွားပြီး ဒေသခံအမျိုးသမီးနှစ်ဦး ဖမ်းဆီးခံရ

လက်ပံတောင်းတောင် ကြေးနီစီမံကိန်းအနီး မြေယာသိမ်းဆည်းခံ ဝက်မှေးရွာဟောင်းမှဒေသခံများနှင့် လုံခြုံရေးရဲတပ်ဖွဲ့ဝင်များအကြား ရုန်းရင်းဆန်ခတ်ဖြစ်ပွားပြီး ဒေသခံအမျိုးသမီးနှစ်ဦး ဖမ်းဆီးခံရ
Published 30 March 2018

ဝက်မှေးရွာဟောင်းမှ ဒေသခံများနှင့် လုံခြုံရေးရဲတပ်ဖွဲ့ဝင်များ အချင်းများနေသည်ကို တွေ့ရစဉ် (ဓာတ်ပုံ-ကောင်းခန့်လင်း)

စစ်ကိုင်းတိုင်းဒေသကြီး ယင်းမာပင်ခရိုင် ဆားလင်းကြီးမြို့နယ် လက်ပံတောင်းတောင်ကြေးနီစီမံကိန်းအနီး မြေယာသိမ်းဆည်းခံ ဝက်မှေးရွာဟောင်းမှ ဒေသခံများနှင့် လုံခြုံရေးရဲတပ်ဖွဲ့ဝင်များအကြား ရုန်းရင်းဆန်ခတ်ဖြစ်ပွားပြီး ဒေသခံအမျိုးသမီးနှစ်ဦး ဖမ်းဆီးခံရကြောင်း သိရသည်။

ယင်းကျေးရွာရှိ အိမ်ထောင်စုခုနစ်စုသည် ၎င်းတို့၏ သဘောဆန္ဒအရ ပြောင်းရွှေ့ရန်ကိစ္စနှင့်ပတ်သက်၍ လုံခြုံရေးရဲတပ်ဖွဲ့ဝင်များက ကားများဖြင့် ပစ္စည်းများကို ကူညီသယ်ဆောင်ရာမှ အစပြုကာ လုံခြုံရေးရဲတပ်ဖွဲ့ဝင်များနှင့် ကားများအား ကျေးရွာအတွင်း ဝင်ရောက်ခြင်းမပြုရန်အတွက် ကန့်ကွက်တားဆီးရာကနေ ရုန်းရင်းဆန်ခတ်ဖြစ်ပွားခဲ့ပြီး ဒေသခံအမျိုးသမီးနှစ်ဦး ဖမ်းဆီးခံခဲ့ရခြင်းဖြစ်ကြောင်း ဆက်လက်သိရသည်။

“မူးပြီးလဲနေတဲ့သူတောင် လဲရက်ကြီး အချုပ်ကားပေါ်ကို တင်သွားတာ။ မစန်းလှနဲ့ မသွဲ့သွဲ့ဝင်းနှစ်ယောက်ကတော့ အဖမ်းခံလိုက်ရတယ်။ ဘယ်ကိုဖမ်းခေါ်သွားတာလဲဆိုတော့ ဝမ်ပေါင်ကုမ္ပဏီထဲလို့ပြောတယ်။ အခင်းဖြစ်တဲ့နေရာမှာ သူတို့က ဒိုင်းကာတွေနဲ့ အတင်းတွန်းတယ်။ လဲနေတဲ့မစန်းလှက လဲပြီးသတိလစ်သွားတာ။ သတိလစ်တဲ့အတိုင်းကြီးကို အတင်းအချုပ်ကားပေါ်ကို ဆွဲပြီးခေါ်သွားတာ။ ဒါဟာ မိုက်ရိုင်းလွန်းအားကြီးတယ်။ ဒီမိုကရေစီစနစ်နဲ့ သူတို့အုပ်ချုပ်နေတဲ့စနစ်နဲ့ လုံးဝမှမအပ်စပ်ပါဘူး။ ပခုံးမှာ အပွင့်နှစ်ပွင့်နဲ့ ရဲကိုယ်တိုင်က ကျွန်မတို့ကမေးတော့ ဘယ်ခေါ်မှာလဲဆိုတော့ ဝမ်ပေါင်ခေါ်မှာတဲ့။ အတော်လေး တရုတ်ကိုအားကိုးတာပဲ။ ရဲတွေက တရုတ်ကိုကာကွယ်ပေးနေတာကိုး။ ကျွန်မတို့က ရွာကိုတည်ဆောက်ကြတဲ့သူတွေပါ။ ဖျက်ဆီးတဲ့သူတွေအပေါ်ကျတော့ အားပေးအားမြှောက်ကာကွယ်ဖို့တဲ့။ ဒါမျိုးသာဆိုရင် ကျွန်မတို့နိုင်ငံကြီး တိုးတက်ဦးမှာပါ” ဟု မြေယာသိမ်းဆည်းခံ ဝက်မှေးရွာဟောင်းမှ မဖြူဖြူဝင်းက ပြောကြားသည်။

ထို့ပြင် လုံခြုံရေးရဲတပ်ဖွဲ့ဝင်များက ယင်းကျေးရွာအတွင်း ဝင်ရောက်နေချိန်တွင် မြေယာသိမ်းဆည်းခံ ဝက်မှေးရွာဟောင်းမှ ဒေသခံများကလည်း သံပုံးတီးကာကျေးရွာအတွင်း လုံခြုံရေးရဲတပ်ဖွဲ့ဝင်များကို မဝင်ရောက်နိုင်ရေးအတွက် ကန့်ကွက်တားဆီးပြီး နှင်ထုတ်ခဲ့သော်လည်း ရဲအင်အားသုံး၍ ဝင်ရောက်ခဲ့ကြောင်း၊ ဒေသခံများက ဝမ်ပေါင်ကုမ္ပဏီဘက်မှ တာဝန်ရှိသူများနှင့် ညှိနှိုင်းနေစဉ် ယင်းကဲ့သို့ ဒေသခံနှစ်ဦး ဖမ်းဆီးခံခဲ့ရခြင်းဖြစ်ကြောင်း ဒေသခံကျေးရွာသားတစ်ဦးဖြစ်သည့် ကိုအောင်ဇော်ဦးက ပြောကြားသည်။

“အခုပြောင်းရွှေ့မယ့် ဖျက်ထားတဲ့အိမ်တွေကို သူတို့ဘက်က ရွာထဲကိုဝင်ပြီး ကားတွေနဲ့သယ်ချင်တာ။ ကျွန်တော်တို့ရွာရဲ့ထုံးစံအရ အရင်ပြောင်းရွှေ့သွားတဲ့ အိမ်တွေတုန်းကလည်း ရွာထဲကို ကားတွေအဝင်မခံခဲ့ဘူး။ ကျွန်တော်တို့ဘက်က ရဲတပ်ဖွဲ့ဝင်တွေနဲ့ညှိတယ်။ အခုပြောင်းကြမယ့် အိမ်တွေရဲ့ နောက်ကနေဝင်ပြီး သယ်ကြဖို့ပြောတယ်။ အဲဒါလည်းမရဘူး။ ရဲအင်အားအလုံးအရင်းနဲ့ တားနေတဲ့ ကျွန်တော်တို့ရွာက အမျိုးသမီးတွေကိုတွန်းပြီးတော့ မတရားဖမ်းဆီးသွားတာ။ သတိလစ်နေတဲ့ အမျိုးသမီးကို အချုပ်ကားပေါ်ကို အတင်းဆွဲပြီး ဖမ်းခေါ်သွားတာဟာ လူသားချင်းကိုယ်ချင်းစာနာစိတ် လုံးဝမရှိဘူး” ဟု ၎င်းက ဆက်လက်ပြောကြားသည်။

လက်ပံတောင်းတောင်ကြေးနီစီမံကိန်းအနီး မြေယာသိမ်းဆည်းခံ ဝက်မှေးရွာဟောင်းမှ ဒေသခံများနှင့် လုံခြုံရေးရဲတပ်ဖွဲ့ဝင်များအကြား ရုန်းရင်းဆန်ခတ်ဖြစ်ပွားခဲ့ပြီးနောက် လုံခြုံရေးရဲတပ်ဖွဲ့ဝင်များဘက်က ယင်းကျေးရွာ၏ အဓိကလမ်းမကြီးပေါ်တွင် အဓိကရုဏ်းလက်နက်များ၊ ဒိုင်းကာများ၊ လေးခွများ၊ နံပါတ်တုတ်များ ကိုင်ဆောင်ကာ လုံခြုံရေးအပြည့်အ၀ ရယူထားပြီးနောက် ပြောင်းရွှေ့မည့်သူများ၏ ပစ္စည်းများကိုကားဖြင့် သယ်ဆောင်နေကြောင်း သိရသည်။

ဝက်မှေးရွာဟောင်းတွင် အိမ်ခြေပေါင်း ၁၀၀ ကျော်ရှိခဲ့ပြီး ကျေးရွာသစ်ဆီသို့ ကနဦး ပြောင်းရွှေ့ကြသည့် အိမ်ခြေ ၆၀ ကျော်ရှိခဲ့ကြောင်း၊ ယနေ့တွင် အိမ်ခုနစ်အိမ်မှာ ၎င်းတို့သဘောဆန္ဒအရ ပြောင်းရွှေ့ပြောင်းသွားပြီးဖြစ်ကြောင်း ယင်းကျေးရွာတွင် ကျန်ရှိသည့် အိမ်ခြေ ၃၀ ကျော်ရှိကြောင်း သိရသည်။

အဆိုပါဖြစ်စဉ်နှင့် ပတ်သက်၍ သက်ဆိုင်ရာရဲတပ်ဖွဲ့ဘက်မှ တာဝန်ရှိသူများနှင့် သက်ဆိုင်ရာ အထွေထွေအုပ်ချုပ်ရေးမှူးအဖွဲ့တို့အား တွေ့ဆုံမေးမြန်းခဲ့သော်လည်း ယင်းဖြစ်စဉ်အား တစ်ဦးတစ်ယောက်မျှ ပြန်လည်ဖြေကြားခြင်းမရှိဘဲ နောက်ပိုင်းမှသာ ဖြေကြားပေးမည်ဖြစ်ကြောင်း ပြန်လည်ဖြေကြားသည်။

Most Read

Most Recent