လူမှုကွန်ရက် စာမျက်နှာတွင် ရေးသားဖော်ပြခဲ့မှုနှင့်စပ်လျဉ်းပြီး တပ်မတော်သား အမျိုးသားလွှတ်တော် ကိုယ်စားလှယ်များအစုအဖွဲ့အား အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီ လွှတ်တော်ကိုယ်စားလှယ် ဖြေရှင်းတောင်းပန်

လူမှုကွန်ရက် စာမျက်နှာတွင် ရေးသားဖော်ပြခဲ့မှုနှင့်စပ်လျဉ်းပြီး တပ်မတော်သား အမျိုးသားလွှတ်တော် ကိုယ်စားလှယ်များအစုအဖွဲ့အား အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီ လွှတ်တော်ကိုယ်စားလှယ် ဖြေရှင်းတောင်းပန်
Published 30 March 2018

လူမှုကွန်ရက်စာမျက်နှာတွင် ရေးသားဖော်ပြခဲ့မှုနှင့်စပ်လျဉ်းပြီး တပ်မတော်သား အမျိုးသားလွှတ်တော် ကိုယ်စားလှယ်များအစု အဖွဲ့အား အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီ  မွန်ပြည်နယ် မဲဆန္ဒနယ်အမှတ် (၁၂)  လွှတ်တော်ကိုယ်စားလှယ် ဒေါ်သီရိရတနာက  ဖြေရှင်းတောင်းပန်ခဲ့ကြောင်း သိရသည်။

အဆိုပါ ဖြေရှင်းတောင်းပန်စာ၌ မတ် ၂၃ ရက်တွင် နိုင်ငံတော်သမ္မတရွေးချယ်ခြင်းနှင့်စပ်လျဉ်း၍ နိုင်ငံတော်သမ္မတ အရည်အချင်းနှင့် ပြည့်စုံမှု ရှိမရှိ စိစစ်နိုင်ရေးအတွက် စိစစ်ရေးအဖွဲ့တွင် ရွေးကောက်ခံ အမျိုးသား လွှတ်တော်ကိုယ်စားလှယ်များအစုအဖွဲ့က ကိုယ်စားလှယ်တစ်ဦး ရွေးချယ်ပေးရေးနှင့် ပတ်သက်၍ ကျွန်မ၏ လူမှုကွန်ရက်စာမျက်နှာ Page တွင် ရေးသားဖော်ပြခဲ့မှုသည် အမျိုးသားလွှတ်တော်ဥက္ကဋ္ဌကြီးနှင့် တပ်မတော်သား အမျိုးသား လွှတ်တော်ကိုယ်စားလှယ်များအစုအဖွဲ့၏ ဂုဏ်သိက္ခာကို ညှိုနွှမ်းအောင် ပြုလုပ်ခြင်း၊ လွှတ်တော်နှင့် တပ်မတော်သား အမျိုးသားလွှတ်တော် ကိုယ်စားလှယ်များ အစုအဖွဲ့အကြား ဆက်ဆံရေးထိခိုက်အောင် တမင်ရည်ရွယ်ရေးသားခဲ့ခြင်း၊ အမျိုးသားလွှတ်တော်ဥက္ကဋ္ဌ၏ ဆောင်ရွက်ချက်များအား ပြည်သူလူထုအနေဖြင့် အထင်အမြင်လွဲမှား စေလိုခြင်းမဟုတ်ပါကြောင်းနှင့် ဤကဲ့သို့ သဘောထားမျိုး သက်ရောက်သွားခြင်းကိုလည်း အထူးစိတ်မကောင်းဖြစ်မိကြောင်း၊ သို့ဖြစ်ပါ၍ ကျွန်မ၏ လူမှုကွန်ရက်စာမျက်နှာ Page တွင် ရေးသားဖော်ပြခဲ့မှုနှင့်စပ်လျဉ်း၍ အမျိုးသားလွှတ်တော်ဥက္ကဋ္ဌကြီးနှင့်အတူ တပ်မတော်သား အမျိုးသားလွှတ်တော်ကိုယ်စားလှယ်များအစုအဖွဲ့အား အနူးအညွတ် တောင်းပန်အပ်ပါသည်ဟု ရေးသားထားသည်။

မတ် ၂၃ ရက်ကပြုလုပ်သည့် အမျိုးသားလွှတ်တော် အစည်းအဝေးတွင် သမ္မတစိစစ်ရေးအဖွဲ့အတွက် ကိုယ်စားလှယ်တစ်ဦး ရွေးချယ်ခါနီးတွင် ရွေးကောက်ခံကိုယ်စားလှယ်များအစုအဖွဲ့ အစည်းအဝေးပြုလုပ်ရန်ရှိသည့်အတွက် တပ်မတော်သားကိုယ်စားလှယ်များအား အစည်းအဝေးခန်းမမှ ပြန်လည်ထွက်ခွာနိုင်ကြောင်း အမျိုးသားလွှတ်တော်ဥက္ကဋ္ဌက ပြောကြားခဲ့ကြောင်း သိရသည်။

ယင်းပြောကြားမှုအပေါ်တွင် ဒေါ်သီရိရတနာက “ဒီနေ့ အမျိုးသားလွှတ်တော်မှာ နိုင်ငံတော်သမ္မတရွေးချယ်ခြင်းနဲ့ပတ်သက်ပြီး အရွေးကောက်ခံ အမျိုးသားလွှတ်တော် ကိုယ်စားလှယ်များ အစုအဖွဲ့အစည်းအဝေးကို ဆက်လက်ကျင်းပခဲ့ရာမှာ ပြည်သူ့အရွေး ကောက်ခံမဟုတ်သူများအစုအဖွဲ့ကို ထွက်ခွာနိုင်ပါပြီလို့ပြောလိုက်တဲ့အချိန် ပြည်သူ့အရွေးချယ်ခံဖြစ်ရတဲ့ ကိုယ်စားလှယ်ဘဝဟာ သိပ်ကို ဂုဏ်ယူစရာကောင်းတာပဲ (ဂုဏ်သိက္ခာရှိတာပဲ) လို့ ခံစားလိုက်ရပါတယ်။ ကျွန်မတို့သည် ရွေးကောက်ခံကိုယ်စားလှယ်များဖြစ်ပါသည်” ဟု ၎င်းက ရေးသားခဲ့ခြင်းဖြစ်သည်။

Most Recent