ရန်ကုန်တိုင်းအတွင်း ကောက်ခံမည့် ပစ္စည်းခွန်နှုန်းထား ၁၃ ရာခိုင်နှုန်းသည် ပမာဏများပြားသဖြင့် အခွန်ဌာနမှူးများနှင့် ညှိနှိုင်းကာ အခွန်ရှောင်မှုများဖြစ်ပေါ်နေသောကြောင့် ပြင်ဆင်ပေးရန် တိုင်းဒေသကြီးလွှတ်တော် ဘဏ္ဍာရေး၊ စီမံကိန်းနှင့် စီးပွားရေးကော်မတီဥက္ကဋ္ဌ ပြောကြား

ရန်ကုန်တိုင်းအတွင်း ကောက်ခံမည့် ပစ္စည်းခွန်နှုန်းထား ၁၃ ရာခိုင်နှုန်းသည် ပမာဏများပြားသဖြင့် အခွန်ဌာနမှူးများနှင့် ညှိနှိုင်းကာ အခွန်ရှောင်မှုများဖြစ်ပေါ်နေသောကြောင့် ပြင်ဆင်ပေးရန် တိုင်းဒေသကြီးလွှတ်တော် ဘဏ္ဍာရေး၊ စီမံကိန်းနှင့် စီးပွားရေးကော်မတီဥက္ကဋ္ဌ ပြောကြား
Published 30 March 2018

ရန်ကုန်တိုင်းအတွင်းကောက်ခံမည့် ပစ္စည်းခွန်နှုန်းထား ၁၃ ရာခိုင်နှုန်းသည် ပမာဏများပြားသဖြင့် အခွန်ဌာနမှူးများနှင့် ညှိနှိုင်းကာ အခွန်ရှောင်မှုများဖြစ်ပေါ်နေ သောကြောင့် ပြင်ဆင်ပေးရန် ရန်ကုန်တိုင်း ဒေသကြီးလွှတ်တော် ဘဏ္ဍာရေး၊ စီမံကိန်း နှင့် စီးပွားရေးကော်မတီဥက္ကဋ္ဌ ဒေါ်စန္ဒာမင်းက ဆွေးနွေးပြောကြားသည်။

မတ် ၂၉ ရက်တွင်ပြုလုပ်သည့် ဒုတိယအကြိမ် ရန်ကုန်တိုင်းဒေသကြီးလွှတ်တော် ဆဋ္ဌမပုံမှန်အစည်းအဝေး (၁၉) ရက်မြောက်တွင် ၂၀၁၈ ခုနှစ် ရန်ကုန်တိုင်းဒေသကြီး၏ အခွန်အခဥပဒေကြမ်းနှင့်စပ်လျဉ်းပြီး ဘဏ္ဍာရေးစီမံကိန်းနှင့် စီးပွားရေးကော်မတီဥက္ကဋ္ဌ ဒေါ်စန္ဒာမင်းက ဆွေးနွေးရာတွင် ထည့်သွင်းပြောကြားခဲ့ခြင်းဖြစ်သည်။

“ပစ္စည်းခွန်ကောက်ခံမှုနှင့် ပတ်သက်ပြီးတော့ ကော်မတီအနေနဲ့ ဆွေးနွေးသွားမှာ ဖြစ်ပါတယ်။ ၂၀၁၈ ခုနှစ် အခွန်အခဥပဒေကြမ်းမှာ ပါဝင်တဲ့ Apartment Tower, Residence ပစ္စည်းခွန်၊ ပလာဇာပစ္စည်းခွန်၊ ငှားရမ်းထားတဲ့မြေ၊ အဆောက်အအုံများပေါ်မှာ စည်းကြပ်တဲ့ ပစ္စည်းခွန်၊ စက်ရုံ၊ အလုပ်ရုံများ ပေါ်မှာ ကောက်ခံတဲ့ ပစ္စည်းခွန်၊ သာမန်လူ နေအဆောက်အအုံတွေပေါ်မှာ ကောက်ခံတဲ့ ပစ္စည်းခွန်နှုန်းထားတွေဟာ ၁၃ ရာခိုင်နှုန်း ဖြစ်နေလို့ ပမာဏ အလွန်များပြားပါသောကြောင့် မည်သူမျှ အခွန် ၁၃ ရာခိုင်နှုန်းကို ထမ်းဆောင်လိုခြင်း မရှိကြပါဘူး။ ဒါကြောင့်လည်း အခွန်ဌာနမှူးတွေနဲ့ ညှိနှိုင်းပြီးတော့ ပုဂ္ဂလိကပိုင်ပစ္စည်းခွန်၊ ကိုယ်ပိုင်ငှားရမ်းခတွေမှာ ခန့်မှန်းရရှိတဲ့ တစ်လငှားရမ်းခပေါ်တွေမှာ အမှန်တကယ် ငှားရမ်းခနှုန်းထားတွေကို မပြဘဲနှင့် ၁၃ ရာခိုင်နှုန်း မပေးဆောင်ရအောင် ရှောင်နေကြကြောင်းလည်း တွေ့ရှိနေရပါတယ်” ဟု ဒေါ်စန္ဒာမင်းက ပြောကြားသည်။

ထို့ပြင် ငှားရမ်းသည့်သူများမှာ ငှားရမ်းခငွေအပေါ်တွင် အခွန်ပေးဆောင်ရကြောင်း၊ ကုန်သည်လုပ်ငန်းခွန်၊ လုပ်ငန်းလိုင်စင်ခွန်တွေ၊ ရာဖြတ်လိုင်စင်ခွန်များ စုစုပေါင်း တစ်နှစ်လျှင် ကျပ်သိန်း ၆၀ ခန့် အစိုးရသို့ အခွန်ဆောင်နေရသည်ကို တွေ့ရှိရကြောင်း၊ ပေးရသည့် အခွန်ထမ်းများသည် အခွန်ပမာဏများ ပြားမှုကြောင့် ဥပဒေချိုးဖောက်မှုများ အလိုလိုဖြစ်ပေါ်နေသည်ကို တွေ့ရှိရကြောင်း၊ ၎င်းပစ္စည်း ခွန်ကောက်ခံနေမှုအတွက် မူလပြဋ္ဌာန်းထားသည့် ၁၉၉၀ ခုနှစ် စည်ပင်သာယာဥပဒေ၊ နည်းဥပဒေများ ဖျက်သိမ်းပြီးဖြစ်သည့်အတွက် ရုံးတွင်းအမိန့်ကြော်ငြာစာများဖြင့်သာ ကောက်ခံနေသည့် ကိစ္စရပ်တစ်ခုဖြစ်နေသည့်အတွက် အခွန်ထမ်းပြည်သူများ အမှန်တကယ် ထမ်းဆောင်နိုင်သော ဝန်ထုပ်ဝန်ပိုး မဖြစ်စေနိုင်သည့် ပစ္စည်းခွန်ရာခိုင်နှုန်းအသစ်ကို ပြဋ္ဌာန်းပေးရန် လိုအပ်ပါသဖြင့် ယခုပြဋ္ဌာန်းထားသည့် ပစ္စည်းခွန် ၁၃ ရာခိုင်နှုန်အား ပြင်ဆင်ပေးနိုင်ရန် ခေတ္တခဏ ဆိုင်းငံ့ ထားရန်နှင့် အတည်ပြုခြင်း မပြုလုပ်သေးကြောင်း ဘဏ္ဍာရေးနှင့် စီးပွားရေးကော်မတီ ဥက္ကဋ္ဌ ဒေါ်စန္ဒာမင်းက ပြောကြားသည်။

“၂၀၁၈ ခုနှစ် ရန်ကုန်တိုင်းဒေသကြီးရဲ့ အခွန်အခဥပဒေကြမ်းမှာပါဝင်တဲ့ နောက်ဆက်တွဲ (က) နဲ့ ဖော်ပြထားသော မြေယာခွန်နှုန်းထားများကို ပြင်ဆင်ချက်အနေဖြင့် ဆွေးနွေးသွားမှာဖြစ်ပါတယ်။ ထိုမြေယာခွန်နှုန်းထားများဟာ လွန်ခဲ့တဲ့နှစ်ပေါင်းများစွာကမှ ပြဋ္ဌာန်းထားတဲ့ မြေယာခွန်နှုန်းထားတွေ ဖြစ်နေတာကို တွေ့ရှိရပါတယ်။ ခေတ်ကာလနဲ့ လျော်ညီတဲ့ အခွန်နှုန်းထားတွေ မဟုတ်တော့ကြောင်းလည်း တွေ့ရှိရပါတယ်။ သို့သော် မြေယာခွန်နှုန်းထားအသစ်တွေကို ပြန်လည်သတ်မှတ်ဖို့အတွက်ကို ဖွဲ့စည်းပုံအခြေခံဥပဒေဇယား (၁) အရ ပြည်ထောင်စုမှသာ ပြင်ဆင်ပြောင်းလဲခွင့်ရှိပါသောကြောင့် သက်ဆိုင်ရာ တိုင်းနှင့်ပြည်နယ်များမှာရှိတဲ့ မြေယာခွန်နှုန်းထားများကို ပြည်ထောင်စုမှ ပြန်လည်ပြင်ဆင်ပြီးမှသာ ၎င်းပြင်ဆင်ချက် ဥပဒေကြမ်းကို လွှတ်တော်မှ အတည်ပြုပေးပါရန် တင်ပြအပ်ပါတယ်” ဟု ဒေါ်စန္ဒာမင်းက ပြောကြားသည်။

Most Read

Most Recent