w လူမှုကွန်ရက်တွင် ပျံ့နှံ့လျက်ရှိသော ပုဂံရှေးဟောင်းဇုန်ရှိ ဟိုတယ်လုပ်ငန်းခွင်မှာ ကြိုတင်ခွင့်ပြုချက်မရှိဘဲ လုပ်ဆောင်နေခြင်းဖြစ်ပြီး ရှေးဟောင်းသုတေသနမှ ဆောက်လုပ်ရေးလုပ်ငန်းများ ရပ်ဆိုင်းထားရန် တားမြစ်ချက်ထုတ်ပြန်ထား - Eleven Media Group <

လူမှုကွန်ရက်တွင် ပျံ့နှံ့လျက်ရှိသော ပုဂံရှေးဟောင်းဇုန်ရှိ ဟိုတယ်လုပ်ငန်းခွင်မှာ ကြိုတင်ခွင့်ပြုချက်မရှိဘဲ လုပ်ဆောင်နေခြင်းဖြစ်ပြီး ရှေးဟောင်းသုတေသနမှ ဆောက်လုပ်ရေးလုပ်ငန်းများ ရပ်ဆိုင်းထားရန် တားမြစ်ချက်ထုတ်ပြန်ထား

ပုဂံဒေသဖွံ့ဖြိုးရေးအလှူငွေအဖြစ် အခန်းတစ်ခန်းလျှင် ၅၀၀၀၀ ကျပ်နှုန်း အလှူငွေ ပေးသွင်းကာ ဆောက်လုပ်နေသည်ဟု လူမှုကွန်ရက်စာမျက်နှာများတွင် ပျံ့နှံ့လျက်ရှိသော ပုဂံရှေးဟောင်းဇုန်ရှိ ဟိုတယ်လုပ်ငန်းခွင်မှာ ကြိုတင်ခွင့်ပြုချက်မရှိဘဲ လုပ်ဆောင်နေခြင်းဖြစ်ပြီး ရှေးဟောင်းသုတေသနမှ ဆောက်လုပ်ရေးလုပ်ငန်းများ ရပ်ဆိုင်းထားရန် တားမြစ်ချက်ထုတ်ပြန်ထားကြောင်း သတင်းရရှိသည်။

မန္တလေးတိုင်းဒေသကြီး၊ ညောင်ဦးခရိုင်၊ ပုဂံမြို့သစ်၊ ရွှေတွင်းရပ်ကွက်ရှိ မြေဧရိယာ ၂၄ ဒသမ ၂၅ ဧကပေါ်တွင် ကြယ်သုံးပွင့်အဆင့်ရှိ အခန်း ၂၄၂ ခန်းပါ နှစ်ထပ်အဆောက်အအုံနှင့် ကြယ်လေးပွင့်အဆင့်ရှိ ဘန်ဂလိုအမျိုးအစား ၁၀၆ ခန်းတို့ကို မြတ်မင်းကုမ္ပဏီလီမိတက်မှ ဆောက်လုပ်နေခြင်းဖြစ်ပြီး ယင်းသို့ ခွင့်ပြုချက်မရှိဘဲ လုပ်ဆောင်နေမှုကို ရှေးဟောင်းသုတေသနနှင့် အမျိုးသားပြတိုက်ဦးစီးဌာန၊ ပုဂံဌာနခွဲမှ မတ် ၂၄ ရက်က ကွင်း ဆင်းစစ်ဆေးခဲ့ရာ အဆိုပါမြေဧကပေါ်တွင် အဆောက်အအုံ လေးလုံးအား ခွင့်ပြုချက်မရှိဘဲ ဆောက်လုပ်လျက်ရှိကြောင်း စစ်ဆေးတွေ့ရှိခဲ့သည်။ ယင်းအဆောက်အအုံ လေးလုံးမှာ ၂၀၁၆ ခုနှစ် ဧပြီ ၁၀ ရက် ရက်စွဲဖြင့် ရပ်ဆိုင်းထားရန် ညွှန်ကြားထားခဲ့ကြောင်း၊ ထို့ပြင် ၂၀၁၈ ခုနှစ် မတ် ၁၄ ရက်တွင် ထပ်မံတားမြစ်ထားသည့်လုပ်ငန်းများကိုလည်း ဆက်လက်ဆောင်ရွက်နေသည်ကို စစ်ဆေး တွေ့ရှိရသည်ဟု ထုတ်ပြန်တားမြစ်ချက်တွင် ဖော်ပြထားသည်။

ယင်းသို့ ခွင့်ပြုချက်မရှိ လုပ်ဆောင်နေမှုနှင့်ပတ်သက်၍ “ရှေးဟောင်းယဉ်ကျေးမှု အမွေအနှစ်များ ကာကွယ်ထိန်းသိမ်းရေး ဥပဒေအရ လုပ်မယ်ဆို ကြိုတင်ခွင့်ပြုချက်ယူရပါတယ်။ ပထမတစ်ချက်အနေနဲ့ ကြိုတင် ခွင့်ပြုချက် ယူမထားပါဘူး။ လူနေထိုင်တဲ့မြို့ပြဧရိယာထဲမှာ မဟုတ်တာက ဒုတိယအချက်ပေါ့။ နောက်တစ်ချက်က ဒါဟာ ကမ္ဘာ့ရှေးဟောင်း အမွေအနှစ်ဇုန်ထဲမှာ ပါရှိနေတာကလည်း အချက်တစ်ခုပေါ့။ နောက်တစ်ခုက ခုလို ဟိုတယ်ကြီးတွေကို ခွင့်ပြုလို့မရသေးဘဲ ကမ္ဘာ့အမွေအနှစ် တင်ထားတဲ့အချိန်မှာ ထိန်းထိန်းသိမ်းသိမ်း လုပ်ရမယ့်အခါမျိုး ဖြစ်နေတာပေါ့။ အဲ့ဒီအချက်တွေကြောင့် လုပ်ထုံးလုပ်နည်းနဲ့အညီ လောလောဆယ်မှာ ဘာမှဆက်မလုပ်ဖို့ စာထုတ်တားမြစ်ထားတာပါ။တရားစွဲတာမျိုးတော့ ဘာမှမလုပ်သေးပါဘူး။ အထက်အဆင့်ဆင့်ကို တင်ပြဖို့ရှိပါတယ်” ဟု ရှေးဟောင်းသုတေသနနှင့် အမျိုးသားပြတိုက်ဦးစီးဌာန၊ ပုဂံဌာနခွဲ ညွှန်ကြားရေးမှူး ဦးအောင်အောင်ကျော်က ပြောကြားခဲ့သည်။

“တိုင်းဒေသကြီးခွင့်ပြုထားတာကလည်း လုပ်ထုံးလုပ်နည်းနဲ့အညီ ဆောင်ရွက်နိုင်ရန်အတွက် ကန့်ကွက်ရန်မရှိကြောင်းလို့ ရေးထားတာပါ။ လုပ်ထုံးလုပ်နည်းနဲ့အညီ လုပ်ဖို့ရာအတွက် ညွှန်ကြားထားပြီးသားပဲ။ အဲဒီတော့ ကာယကံရှင်တွေအနေနဲ့ လုပ်ထုံးလုပ်နည်းနဲ့အညီ လုပ်ဖို့ရာတော့ လိုတာပေါ့။ အဲဒီလို မလုပ်တဲ့အတွက် ကျွန်တော်တို့က တားမြစ်ရတာပါ။ ဌာနအနေနဲ့တော့ ၂၀၁၂ ခုနှစ်က တည်းက ခွင့်မပြုထားဘူး။ မနှစ်ကတော့ သူတို့လုပ်ငန်းခွင်စတင်ပြီး အဆောက်အအုံတွေ စလုပ်ဆောင်ဖို့ ကြိုးစားလာလို့ တားမြစ်ထားခဲ့ပါတယ်” ဟု ဦးအောင်အောင်ကျော်က ဆက်လက်ပြောကြားသည်။

“ပုဂံကို ကမ္ဘာ့အမွေအနှစ်စာရင်း တင်သွင်းထားပြီး အခုချိန်မှာက အစစ်ဆေးခံကာလဖြစ်နေပါတယ်။ အဲဒီလိုကာလမှာ ထိန်းထိန်းသိမ်းသိမ်းနဲ့ လုပ်ဖို့ရာလိုတာပေါ့။ ကမ္ဘာ့ရှေးဟောင်း အမွေအနှစ်ကို အနှောင့်အယှက်မဖြစ်စေဘဲ ဆောင်ရွက်သင့်ပါတယ်။ အဲဒါတွေကို ၀ိုင်းဝန်း ကူညီပေးကြဖို့ မေတ္တာရပ်ခံ ချင်ပါတယ်”ဟု ဦးအောင်အောင်ကျော်က ဆိုသည်။

အဆိုပါဆောက်လုပ်နေသော ဟိုတယ် လုပ်ငန်းခွင်နှင့်ပတ်သက်၍ ဆောက်လုပ်ခွင့်အား ရှေးဟောင်း သုတေသနဌာနသို့ ၂၀၁၂ ခုနှစ်က ခွင့်ပြုချက်လာရောက် တောင်းခံတင်ပြခဲ့ခြင်းဖြစ်ပြီး ယင်းအချိန်ကတည်းက ခွင့်ပြုမထားခဲ့ကြောင်း သိရသည်။

ပုဂံရှေးဟောင်းယဉ်ကျေးမှု နယ်မြေတွင် ယင်းကဲ့သို့ ခွင့်ပြုချက်မရှိဘဲ လုပ်ဆောင်နေသည့် ဟိုတယ်လုပ်ငန်းခွင်များနှင့် စေတီပုထိုးများပေါ်သို့ တက်ရောက်ခွင့်ပိတ်ပင်ကာ နေ၀င်ချိန်ကြည့်ရှုရန် ပြုလုပ်ထားသည့် လူ လုပ် ကုန်းမြင့်များအပေါ် ဝေဖန်မှုများ မြင့်တက်လျက်သည်။

March 29, 2018














Copy Protected by Chetan's WP-Copyprotect.