မြန်မာ့နှစ်သစ်ကူးသြင်္ကန်ပွဲတော်ဆင်နွှဲရန် ထိုင်းရောက် မြန်မာရွှေ့ပြောင်းလုပ်သားများ နေရပ် မြန်မာနိုင်ငံသို့ ပြန်လာနေ

မြန်မာ့နှစ်သစ်ကူးသြင်္ကန်ပွဲတော်ဆင်နွှဲရန် ထိုင်းရောက် မြန်မာရွှေ့ပြောင်းလုပ်သားများ နေရပ် မြန်မာနိုင်ငံသို့ ပြန်လာနေ
Published 30 March 2018

ထိုင်းရောက်မြန်မာရွှေ့ပြောင်းလုပ်သားများ နေရပ် မြန်မာနိုင်ငံသို့ ပြန်လာနေကြသည်ကို တွေ့ရစဉ်

မြန်မာ့နှစ်သစ်ကူး သြင်္ကန်ပွဲတော် ဆင်နွှဲရန် ထိုင်းရောက် မြန်မာရွှေ့ပြောင်းလုပ်သားများ မြန်မာနိုင်ငံသို့ မတ်လနောက်ဆုံးပတ်က စတင်ကာ ပြန်လာနေကြပြီဖြစ်ကြောင်း သိရသည်။

ပြည်တွင်း၌ အလုပ်အကိုင်အခွင့်အလမ်းများ ရှားပါပြီး လုပ်ခလစာ နည်းပါးခြင်းကြောင့် အိမ်နီးချင်းထိုင်းနိုင်ငံသို့ သွားရောက် လုပ်ကိုင်နေကြသည့် မြန်မာရွှေ့ပြောင်းလုပ်သားများမှာ မတာသြင်္ကန်မတိုင်မီမတ်လ နောက်ဆုံးအပတ်မှစ၍ နေရပ်သို့ပြန်လာနေကြခြင်းဖြစ်သည်။

နေရပ်ပြန်လာသူအများစုမှာ သြင်္ကန်မတိုင်ခင်ရှင်ပြု၊ ရဟန်းခံ အလှူအတန်းပြုလုပ်ရန်နှင့် မိဘ ဘိုးဘွားများအား ကန်တော့ရန် အချိန်စော၍ပြန်လာခဲ့ကြသည်ဟု ဆိုသည်။ မတ် ၂၉ ရက်က ပြန်လာသည့် ထိုင်းနိုင်ငံ မဟာချိုင်ရှိ သစ်အချောထည် စက်ရုံတွင် အလုပ်လုပ်ကိုင်ခဲ့သူ ကိုတိုးက “ကျွန်တော်တို့က ထိုင်းမှာ အလုပ်လုပ်တာ သုံးနှစ်ရှိပါပြီ။ အဘွားကို သတိရတာရယ်၊ ရှင်ပြု၊ ရဟန်းဝတ်မှာရယ်ကြောင့် စောစောပြန်လာခဲ့ကြတာပါ”ဟု ဆိုသည်။

နေရပ်ပြန်လာသူအချို့မှာ ဗီဇာသက်တမ်း ကုန်ဆုံးသူများလည်းပါဝင်ပြီး အများစုမှာ ထိုင်းနိုင်ငံအတွင်း သုံးနှစ်နှင့်အထက် နေထိုင်အလုပ်လုပ်ကိုင်သူများ ပါဝင်ကြောင်း သိရသည်။

“မြန်မာ့ရိုးရာသြင်္ကန်ကို မခံစားရတာ ကြာပြီလေ။ ရွာမှာ သူငယ်ချင်းအပေါင်းအသင်းတွေနဲ့ ဆင်နွှဲမယ်ပေါ့။ ကျွန်တော်တို့ ရွာက သြင်္ကန်တစ်လလုံးစည်တာ။ ခုဆိုရင် သံလွင်မြစ်ကိုလည်း တံတားထိုးလိုက်ပြီဆိုတော့ အရင်နှစ်တွေထက် ပျော်စရာကောင်းမယ်လို့ မျှော်လင့်ပါတယ်” ဟု မတ် ၂၉ ရက် က ပြန်လာသည့် ဘီလူးကျွန်း၊ ချောင်းဆုံမြို့ နယ်၊ ကမာမိုရွာမှ ကိုအုန်းမြင့်က ဆိုသည်။

ယခင်နှစ်က ဧပြီ ၅ ရက်မှ မေ ၅ ရက် အထိ နှစ်သစ်ကူး သြင်္ကန်ပြန်ခွင့်ရက်အဖြစ် သတ်မှတ်ခဲ့ပြီး အသွားအပြန်တံဆိပ်တုံးထုခများကို အခမဲ့ခွင့်ပြုထားခဲ့ သော်လည်း ယခုနှစ်တွင် ထိုင်းအစိုးရအနေဖြင့် ကြေညာချက် တစ်စုံတစ်ရာ ထုတ်ပြန်ခြင်းမရှိသေးကြောင်း သိရသည်။

Most Read

Most Recent