ယခုဘဏ္ဍာနှစ်အတွင်း ပြည်ပသို့ ရော်ဘာတင်ပို့မှု၏ ၆၅ ရာခိုင်နှုန်းကျော်ကို မူဆယ်နှင့် ချင်းရွှေဟော် နယ်စပ်ကုန်သွယ်ရေးစခန်းများမှတစ်ဆင့် တရုတ်နိုင်ငံသို့ တင်ပို့ထားခြင်းဖြစ်

ယခုဘဏ္ဍာနှစ်အတွင်း ပြည်ပသို့ ရော်ဘာတင်ပို့မှု၏ ၆၅ ရာခိုင်နှုန်းကျော်ကို မူဆယ်နှင့် ချင်းရွှေဟော် နယ်စပ်ကုန်သွယ်ရေးစခန်းများမှတစ်ဆင့် တရုတ်နိုင်ငံသို့ တင်ပို့ထားခြင်းဖြစ်
Published 30 March 2018

၂၀၁၇-၂၀၁၈ ဘဏ္ဍာနှစ်အတွင်း ပြည်ပသို့ ရော်ဘာတင်ပို့မှု၏ ၆၅ ရာခိုင်နှုန်းကျော်ကို မူဆယ်နှင့် ချင်းရွှေဟော် နယ်စပ်ကုန်သွယ်ရေးစခန်းများမှတစ်ဆင့် တရုတ်နိုင်ငံသို့ တင်ပို့ထားခြင်းဖြစ်ကြောင်း စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနမှ သိရသည်။

ယခုဘဏ္ဍာနှစ်တွင် ရော်ဘာတင်ပို့မှု၏ ၆၅ ရာခိုင်နှုန်းကျော်သည် မူဆယ် ၁၀၅ မိုင် ကုန်သွယ်ရေးဇုန်နှင့် ချင်းရွှေဟော် ကုန်သွယ်ရေးစခန်းတို့မှ တင်ပို့လျက်ရှိပြီး ၂၀၁၇-၂၀၁၈ ဘဏ္ဍာနှစ်အတွင်း မြန်မာနိုင်ငံမှ ရော်ဘာအများဆုံးတင်ပို့သည့် နိုင်ငံငါးခုမှာ တရုတ်နိုင်ငံ၊ မလေးရှားနိုင်ငံ၊ ဂျပန်နိုင်ငံ၊ ကိုရီးယားနိုင်ငံနှင့် ထိုင်းနိုင်ငံတို့ဖြစ်ကြောင်း သိရသည်။

၂၀၁၇-၂၀၁၈ ဘဏ္ဍာနှစ် မတ် ၂ ရက်အထိ ပြည်ပသို့ ရော်ဘာတန်ချိန် ၀ ဒသမ ၁၃၆ သန်းကျော်တင်ပို့ထားပြီး တန်ဖိုး အမေရိကန်ဒေါ်လာ ၁၇၉ သန်းအထိရရှိထားခြင်းဖြစ်သည်။

လက်ရှိအချိန်တွင် ကမ္ဘာ့ရော်ဘာဈေးနှုန်း ကျဆင်းနေခြင်းကြောင့် ပြည်တွင်းရော်ဘာဈေးနှုန်းမှာလည်း ကျဆင်းနေခြင်းဖြစ်ပြီး လက်ရှိပြည်တွင်း ရော်ဘာဈေးနှုန်းသည် တစ်ပေါင်လျှင် ၇၆၀ ကျပ်သာရှိကြောင်း မြန်မာနိုင်ငံ ရော်ဘာစိုက်ပျိုးထုတ်လုပ်သူများအသင်းမှ သိရသည်။

ပြည်တွင်း၌ တစ်နှစ်လျှင် ရော်ဘာတန်ချိန် စုစုပေါင်းနှစ်သိန်းခန့်ထွက်ရှိပြီး ရာခိုင်နှုန်း ၉၀ ကျော်ကို ပြည်ပသို့တင်ပို့နေခြင်းဖြစ်ကြောင်း၊ ကျန်ရှိသည့် ရှစ်ရာခိုင်နှုန်းခန့်ကိုသာ ပြည်တွင်း၌ အသုံးပြုလျက်ရှိပြီး အဓိကတင်ပို့နေသည့်နိုင်ငံမှာ တရုတ်နိုင်ငံဖြစ်သည်။

ရော်ဘာကို မြန်မာနိုင်ငံတောင်ပိုင်းဒေသများအနက် မွန်ပြည်နယ်နှင့် ကရင်ပြည်နယ်တို့သည် ရော်ဘာအများဆုံးစိုက်ပျိုးသည့် ဒေသများဖြစ်သည်။ ကျန်တိုင်းဒေသကြီးများဖြစ်သည့် ရန်ကုန်တိုင်း၊ ပဲခူးတိုင်း၊ တနင်္သာရီတိုင်းများတွင်လည်း စိုက်ပျိုးသည်။

မွန်ပြည်နယ်တွင် ရော်ဘာစိုက်ဧက ငါးသိန်းနီးပါးရှိပြီး ကရင်ပြည်နယ်တွင် ရော်ဘာစိုက်ဧက ၂၇၀၀၀၀ နီးပါးရှိကြောင်း၊ တစ်နိုင်ငံလုံးအတိုင်းအတာစိုက်ပျိုးမှုမှာ ဧက ၁၆ သိန်းခန့်ရှိကြောင်း သိရသည်။

မြန်မာနိုင်ငံ၏ ရော်ဘာကဏ္ဍသည် ရော်ဘာစိုက်ပျိုးသည့် အခြားနိုင်ငံများဖြစ်သည့် ထိုင်း၊ အင်ဒိုနီးရှား၊ မလေးရှား၊ ဗီယက်နမ်နိုင်ငံများနှင့် နှိုင်းယှဉ်ပါက အထွက်နှုန်းရော အရည်အသွေးပါ နိမ့်ကျနေသေးသည့်အတွက် နိုင်ငံတကာဈေးကွက်တွင် ဈေးကောင်းမရရှိခြင်း၊ ဈေးအနှိမ်ခံရခြင်းတို့နှင့် ရင်ဆိုင်ကြုံတွေ့နေရကြောင်း မြန်မာ့ရော်ဘာကဏ္ဍ ဖွံ့ဖြိုးတိုးတက်ရေးနှီးနှောဖလှယ်ဆွေးနွေးပွဲ (Myanmar Rubber Forum 2018) တွင် ဒုတိယသမ္မတ ဦးဟင်နရီဗန်ထီးယူက ပြောကြားသည်။

ရော်ဘာသည် ကမ္ဘာတစ်ဝန်း အရေးကြီးသည့် စက်မှုကုန်ကြမ်းသီးနှံတစ်ခုဖြစ်ပြီး ကမ္ဘာပေါ်တွင် သံနှင့်သံမဏိလုပ်ငန်းပြီးလျှင် ဒုတိယအကြီးမားဆုံး စက်မှုလုပ်ငန်းဖြစ်ကြောင်း၊ ရော်ဘာသည် ကုန်ပစ္စည်းအမျိုးမျိုး ထုတ်လုပ်သည့်နေရာတွင် မရှိမဖြစ်အသုံးပြုရသော စက်မှုကုန်ကြမ်းတစ်ခုဖြစ်ပြီး ကမ္ဘာ့အကြီးမားဆုံးတာယာလုပ်ငန်းများ၏ ဝယ်လိုအားများကြောင့် ရော်ဘာသည် နိုင်ငံခြားဝင်ငွေရရှိစေသည့် အဖိုးတန်ကုန်ပစ္စည်းတစ်ခုလည်းဖြစ်ကြောင်း၊ မြန်မာနိုင်ငံအနေဖြင့် ရော်ဘာကို အဓိကဦးစားပေး စက်မှုကုန်ကြမ်းသီးနှံအဖြစ် သတ်မှတ်ထားပြီး ရော်ဘာလုပ်ငန်း စဉ်ဆက်မပြတ် တိုးတက်မှုရရှိနေရေး အားစိုက်ဆောင်ရွက်သွားကြရန် ၎င်းက ပြောကြားသည်။

Most Read

Most Recent