<

လက်ရှိတွင် ပဲဈေးနှုန်းမှာ ထက်ဝက်ခန့်ကျဆင်းနေပြီး အိန္ဒိယမှ ပဲပြန်လည်ဝယ်ယူရန် အချိန်ကြာမြင့်မည်ဖြစ်ကြောင်း ပဲနှမ်းအသင်းဥက္ကဋ္ဌ ပြောကြား

ပဲခူးတိုင်းဒေသကြီး အုတ်တွင်းမြို့နယ်တွင် မတ်ပဲများ နုတ်သိမ်းနေသည်ကို ဖေဖော်ဝါရီလအတွင်းက တွေ့ရစဉ် (ဓာတ်ပုံ-ဇော်ဝင်းချစ်)

လက်ရှိတွင် ပဲဈေးနှုန်းမှာ ထက်ဝက်ခန့်ကျဆင်းနေပြီး အိန္ဒိယမှ ပဲပြန်လည်ဝယ်ယူရန် အချိန်ကြာမြင့်မည်ဖြစ်ကြောင်း မြန်မာနိုင်ငံ ပဲကုန်သည် နှမ်းကုန်သည်များအသင်းဥက္ကဋ္ဌ ဦးထွန်းလွင်က ပြောကြားသည်။

ပြီးခဲ့သည့် ၂၀၁၇ ခုနှစ် ပဲသစ် စတင်ထွက်ရှိချိန်တွင် ဖြစ်ပေါ်ခဲ့သည့် ပဲဈေးနှုန်းမှာ မတ်ပဲတစ်တန်လျှင် ကျပ်ကိုးသိန်းနှင့် ပဲစင်းငုံ တစ်တန်လျှင် ကျပ်ရှစ်သိန်းဝန်းကျင် ပေါက်ဈေးရှိကြောင်း ဘုရင့်နောင်ကုန်စည်ဒိုင်၏ ပဲကုန်သည်များထံမှ သိရသည်။

“အခုပဲဈေးနှုန်းက ပြီးခဲ့တဲ့နှစ် ပဲသစ်ပေါ်တဲ့ဈေးနှုန်းထက် ထက်ဝက်လောက်ကို ဈေးကကျတယ်။ ဒီနှစ်ကို အိန္ဒိယက မတ်ပဲနဲ့ ပဲတီစိမ်းကို တန်ချိန်သုံးသိန်းနဲ့ ပဲစင်းငုံက တန်ချိန်နှစ်သိန်းဝယ်မယ်လို့ အရင်ကကြေညာထားပြီး ၀ယ်ပီးသားပဲတွေကရှိတော့ အခုပဲ ၀ယ်ယူမှုကိုရပ်တယ်ဆိုပြီး ကြေညာလိုက်တယ်။ အရင်ကြေညာထားတဲ့အတိုင်း အိန္ဒိယက ပုံမှန်ဝယ်ယူသွားမယ်ဆိုရင် ပဲဈေးနှုန်းက အထိုက်အလျောက် ပြန်တက်သွားဖို့ရှိတယ်” ဟု မြန်မာနိုင်ငံ ပဲကုန်သည် နှမ်းကုန်သည်များအသင်းမှ အတွင်းရေးမှူး ဦးမင်းကိုဦးက ပြောကြားသည်။

ရန်ကုန်တိုင်းဒေသကြီး (ဘုရင့်နောင် ကုန်စည်ဒိုင်) က ထုတ်ပြန်သည့် ပဲဈေးနှုန်းမှာ ၂၀၁၈ ခုနှစ် မတ်လနောက်ဆုံးပတ်၌ ဖြစ်ပေါ်နေသည့် ပေါက်ဈေးအနေဖြင့် မတ်ပဲ SQ တစ်တန်လျှင် ကျပ် ၅၈၅၀၀၀၊ FAQ တစ်တန်လျှင် ကျပ် ၄၄၇၀၀၀ နှင့် ပဲစင်းငုံ တစ်တန်လျှင် ကျပ် ၃၈၀၀၀၀ ပေါက်ဈေးဖြင့် အရောင်းအ၀ယ်ပြုလုပ်လျက်ရှိကြောင်း ဘုရင့်နောင်ကုန်စည်ဒိုင်မှ ထုတ်ပြန်သည့် ဈေးနှုန်းများအရ သိရသည်။

FOB ဈေးနှုန်းများအနေဖြင့်လည်း လက်ရှိတွင် မတ်ပဲ (2017 Crop) FAQ တစ်တန်လျှင် ဒေါ်လာ ၃၆၀-၃၈၀၊ မတ်ပဲ SQ တစ်တန်လျှင် ဒေါ်လာ ၄၆၀-၄၈၀၊ အခွံချွတ် (အလုံး/အခြမ်း) တစ်တန်လျှင် ဒေါ်လာ ၅၁၅-၅၄၅ နှင့် အခွံပါ (အခြမ်း) တစ်တန်လျှင် ဒေါ်လာ ၄၅၀-၄၇၅ အကျဈေးဖြင့် အရောင်းအ၀ယ်ပြုလုပ်လျက်ရှိသည်။

ပဲစင်းငုံ (2018 Crop) FAQ အနီ တစ်တန်လျှင် ဒေါ်လာ ၂၉၀-၃၁၀၊ FAQ ဖြူနီ တစ်တန်လျှင် ဒေါ်လာ ၂၉၀-၃၁၀ ပေါက်ဈေးရှိကြောင်း သိရသည်။

“အိန္ဒိယဘက်ကတော့ ဒီလကုန်ပြီးနောက်ပိုင်းမှာ ကြေညာချက်ထုတ်ပြန်မယ်လို့ ပြောတယ်။ ဒီရက်ပိုင်းအတွင်း စောင့်ကြည့်ရမယ်။ သူတို့ဘက်က တုံ့ပြန်မှုမရှိဘူးဆိုရင်တော့ ကျွန်တော်တို့ဘက်က ထပ်ပြီးကြိုးစားသွားရမယ်။ ပြီးခဲ့တဲ့လတုန်းက အိန္ဒိယကို ပြည်ထောင်စုဝန်ကြီးနဲ့သွားခဲ့တော့ သူတို့ဘက်က မတ်ပဲပြန်ဝယ်ယူမှုက အချိန်တော်တော် ကြာဦးမယ်ဆိုတာသိတယ်။ အဲဒီအတွက် တောင်သူတွေကိုလည်း အခြားပဲပြောင်းစိုက်ဖို့ ထုတ်ပြန်ချက်တွေ ထုတ်ပေးခဲ့ပါတယ်။ မတ်ပဲအစား ပဲတီစိမ်းပြောင်းစိုက်တဲ့ တောင်သူတွေအတွက် တော်တော်အဆင်ပြေသွားပါတယ်။ အရင်နှစ်ဒီလိုအချိန်မှာ မတ်ပဲတစ်တန်ကို ဆယ်သိန်းဝန်းကျင်ရှိတယ်။ အခုဈေးနဲ့ဆိုရင် ထက်ဝက်လောက်ဈေးတွေ ကျသွားတယ်” ဟု မြန်မာနိုင်ငံ ပဲကုန်သည် နှမ်းကုန်သည်များအသင်းဥက္ကဋ္ဌ ဦးထွန်းလွင်က ပြောကြားသည်။

March 29, 2018














Copy Protected by Chetan's WP-Copyprotect.