တရုတ်-မြန်မာစီးပွားရေးစြင်္ကံစီမံကိန်းအတွင်းရှိ အခြေခံအဆောက်အအုံ၊ စက်မှုဇုန်များ၊ မြို့ပြစီမံကိန်းများ၊ စိုက်ပျိုးရေးဇုန်များ တည်ဆောက်ရာတွင် ပြည်တွင်းပြည်ပရင်းနှီးမြှုပ်နှံမှုများ ဖိတ်ခေါ်ဆောင်ရွက်မည်

တရုတ်-မြန်မာစီးပွားရေးစြင်္ကံစီမံကိန်းအတွင်းရှိ အခြေခံအဆောက်အအုံ၊ စက်မှုဇုန်များ၊ မြို့ပြစီမံကိန်းများ၊ စိုက်ပျိုးရေးဇုန်များ တည်ဆောက်ရာတွင် ပြည်တွင်းပြည်ပရင်းနှီးမြှုပ်နှံမှုများ ဖိတ်ခေါ်ဆောင်ရွက်မည်
Published 29 March 2018

တရုတ်-မြန်မာ စီးပွားရေးစြင်္ကံစီမံကိန်းအတွင်းရှိ အခြေခံ အဆောက်အအုံ၊ စက်မှုဇုန်များ၊ မြို့ပြစီမံကိန်းများ၊ စိုက်ပျိုးရေးဇုန်များ စသည်ဖြင့် ကဏ္ဍများ တည်ဆောက်ရာ၌ ပြည်တွင်းပြည်ပ ရင်းနှီးမြှုပ်နှံမှုများ ဖိတ်ခေါ် ဆောင်ရွက်မည်ဖြစ်ကြောင်း ရင်းနှီးမြှုပ်နှံမှုနှင့် ကုမ္ပဏီများ ညွှန်ကြားမှုဦးစီးဌာနမှ သိရသည်။

အဆိုပါ စီးပွားရေးစြင်္ကံစီမံကိန်းသည် OBOR စီမံကိန်း၏ အဓိက အစိတ်အပိုင်းတစ်ခု ဖြစ်ကြောင်း သိရသည်။

“ခြုံပြောရရင် တရုတ်နိုင်ငံက မြန်မာနယ်နိမိတ်ကစပြီး ရန်ကုန်အထိ စြင်္ကံတွေ ဆောက်ဖို့ရှိတယ်။ အဲဒီအထဲမှာ ကဏ္ဍတွေ အများကြီးပါတယ်။ စီးပွားရေးစြင်္ကံလို့ ပြောတဲ့အတွက်ကြောင့် သူက လမ်းသက်သက် အခြေခံအဆောက်အအုံ သက်သက်မဟုတ်ဘူး။ အဲဒီမှာ စြင်္ကံနဲ့ ဆက်စပ်ပြီး မြို့ပြတွေ ပေါ်လာတာရှိမယ်။ စိုက်ပျိုးရေးဇုန်တွေ ပေါ်လာတာရှိမယ်၊ စက်မှုဇုန်တွေ ပေါ်လာတာ ရှိမယ်၊ နောက်ပြီး အိုင်တီနဲ့ ပတ်သက်တဲ့ လုပ်ငန်းတွေ ပေါ်လာတာရှိမယ်။ ကုန်သွယ်မှုနဲ့ ဆက်စပ်ပြီး Logistics ပေါ့၊ ထောက်ပံ့ပို့ ဆောင်ရေးဆိုင်ရာ အခြေခံအဆောက်အအုံတွေ ပေါ်လာတာ ရှိမယ်။ နယ်စပ်ကုန်သွယ်ရေးနဲ့ ပတ်သက်တာတွေ ခရီးသွားကဏ္ဍနဲ့ ပတ်သက်တာတွေ ပါလာတာရှိမယ်။ ခြုံပြောရရင်တော့ OBOR ရဲ့ခေါင်းစဉ်အောက်ထဲမှာ တရုတ်-မြန်မာ စီးပွားရေးစြင်္ကံ တည်ဆောက်သွားဖို့ ရှိတယ်။ အဲဒီကို ပြီးခဲ့တဲ့လမှာ ပြည်ထောင်စုဝန်ကြီး ဦးဆောင်ပြီး သွားပါတယ်။ နှစ်နိုင်ငံနှစ်ဖက် ညှိနှိုင်းတာ အားလုံးပြီးပြတ်တဲ့ အဆင့်ပေါ့၊ လက်မှတ်ထိုးတဲ့ အဆင့်ကိုတော့ မရောက်သေးဘူး။ နှစ်နိုင်ငံ အကြီးအကဲတွေ ဆက်လက် ညှိနှိုင်းပြီးတော့မှ အကောင်အထည် ဖော်သွားမှာ ဖြစ်ပါတယ်”ဟု ရင်းနှီးမြှုပ်နှံနှင့် ကုမ္ပဏီများ ညွှန်ကြားမှုဦးစီးဌာနမှ ညွှန်ကြားရေးမှူးချုပ် ဦးအောင်နိုင်ဦးက ပြောကြားသည်။

“နံပါတ်တစ် ဒီစြင်္ကံရဲ့ အကျိုးဆက်ပေါ့၊ ရထားလမ်းတွေ ကားလမ်းတွေ ဆိပ်ကမ်းတွေ ပေါ်လာမယ်၊ လုပ်တဲ့အပိုင်းမှာလည်း တရုတ်ကချည်း အားလုံးလာလုပ်တာ မဟုတ်ပါဘူး။ နိုင်ငံသားတွေလည်း ပါမယ်။ အခြားရင်းနှီးမြှုပ်နှံမှုတွေကိုလည်း ဖိတ်ခေါ်ပြီးတော့ အားလုံး ပူးပေါင်း ဆောင်ရွက်သွားမှာ ဖြစ်ပါတယ်”ဟု ၎င်းက ဆက်လက်ပြောကြားသည်။

မြန်မာနိုင်ငံအစိုးရနှင့် တရုတ်ပြည်သူ့သမ္မတနိုင်ငံ အစိုးရတို့အကြား စီးပွားရေးစြင်္ကံံလမ်း တည်ထောင်ရေးဆိုင်ရာ နားလည်မှုစာချွန်လွှာ (မူကြမ်း) အတွက် အပြီးသတ်ညှိနှိုင်းမှု ပြုလုပ်ခဲ့ပြီဖြစ်ကြောင်း စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီးဌာနက ဖေဖော်ဝါရီ ၉ ရက်တွင် သတင်းထုတ်ပြန်သည်။

ဖေဖော်ဝါရီ ၆ ရက်တွင် တရုတ်နိုင်ငံ ပေကျင်းမြို့၌ Chine-Myanmar-Economic Corridor MoU လက်မှတ်ရေးထိုး ညှိနှိုင်းအစည်းအဝေးနှင့် Bank of China သို့ သွားရောက်ကာ တာဝန်ရှိသူများနှင့် ဆွေးနွေးမှုပြုခဲ့ကြောင်း ရင်းနှီးမြှုပ်နှံမှုနှင့် ကုမ္ပဏီများ ညွှန်ကြားမှုဦးစီးဌာန၏ တရားဝင် Facebook တွင် သတင်းဖော်ပြမှုအရ သိရသည်။

Most Read

Most Recent