သြင်္ကန်ကာလအတွင်း ရန်ကုန်ပြည်သူ့ဆေးရုံကြီး အရေးပေါ်ဌာနတွင် ဝန်ထမ်းအင်အားနှင့် ဆေးဝါးပစ္စည်းများ နှစ်ဆနီးပါး တာဝန်ချထားမည်

သြင်္ကန်ကာလအတွင်း ရန်ကုန်ပြည်သူ့ဆေးရုံကြီး အရေးပေါ်ဌာနတွင် ဝန်ထမ်းအင်အားနှင့် ဆေးဝါးပစ္စည်းများ နှစ်ဆနီးပါး တာဝန်ချထားမည်
Published 29 March 2018

သြင်္ကန်ကာလအတွင်း ရန်ကုန်ပြည်သူ့ ဆေးရုံကြီး အရေးပေါ်ဌာန၌ ပုံမှန်ရက်ထက် တက်ရောက်ကုသသည့် လူနာ အရေအတွက် များသဖြင့် ဝန်ထမ်းအင်အား၊ အလုပ်သမား အင်အားနှင့် ဆေးဝါးပစ္စည်းများ နှစ်ဆနီးပါး တိုးမြှင့် စီစဉ်ထားကြောင်း ရန်ကုန်ပြည်သူ့ဆေးရုံကြီးမှ ဆေးရုံအုပ် ဒေါက်တာခင်သိင်္ဂီမြင့်က ပြောကြားသည်။

နှစ်စဉ်နှစ်တိုင်း အရေးပေါ် ဆေးကုသမှုဌာနအနေဖြင့် အတာသြင်္ကန်ကာလတွင် ဆရာဝန်၊ သူနာပြုနှင့် အခြားဝန်ထမ်းများကို နှစ်ဆနီးပါး တိုးမြှင့်ချထားရန် စီစဉ်ထားကြောင်း သိရသည်။

“တစ်ရက်ကို ဝန်ထမ်း ၁၀၀ ကနေ ၁၅၀ ကြား တာဝန်ချသွားမှာ ဖြစ်တယ်”ဟု ၎င်းက ပြောကြားသည်။

နှစ်သစ်ကူး အတာသြင်္ကန်သည် မြန်မာလူမျိုးတိုင်း ပျော်ရွှင်စွာ တစ်နှစ်တစ်ခါ ဆင်နွှဲရသည့်ပွဲ ဖြစ်ကြောင်း၊ ထို့ကြောင့် အပျော်လွန်သူ၊ အရက်သေစာ သောက်စားကြသူများလည်း ရှိသည့်အတွက် ယခုကဲ့သို့ စီစဉ်ခြင်းဖြစ်ကြောင်း သိရသည်။ အရေးပေါ်ဌာနနှင့် ဆက်စပ်ဌာနများ ဖြစ်သည့် အရိုးရောဂါဌာန၊ ခွဲစိတ်စောင့်ကြည့် ကုသဌာန၊ ဓာတ်မှန်နှင့် ဓာတ်ခွဲဌာနများတွင်လည်း ဝန်ထမ်းအင်အား လုံလောက်စွာ ချထားနိုင်ရန် စာရင်းကောက်ယူနေပြီး ယင်းဌာနများ အပါအဝင် ဝန်ထမ်းအင်အား ၁၅၀ ဝန်းကျင် တာဝန်ချထားမည် ဖြစ်ကြောင်း သိရသည်။

အရေးပေါ်ဌာနအပြင် ဆေးပစ္စည်း ဌာနများတွင်လည်း လိုအပ်မည့် ဆေးပစ္စည်း စာရင်းများ ကောက်ယူနေပြီး စုဆောင်းမှုများ လုပ်ဆောင်နေကြောင်း ၎င်းက ပြောကြားသည်။

ထို့ပြင် အပူဒဏ်ကြောင့် ရောက်ရှိလာမည့် လူနာများအတွက်လည်း ဆေးဝါးအပြည့်အစုံ စီစဉ်ထားပြီး အရေးပေါ် ကုသရန်အတွက် သီးသန့်အခန်းများ ထားရှိကာ လိုအပ်သော Facility များထားရှိရန် ပြင်ဆင်ထားကြောင်း သိရသည်။

၂၀၁၆ ခုနှစ် သြင်္ကန်ကာလအတွင်း တစ်ရက်လျှင် ပျမ်းမျှလူနာ ၁၅၀ ခန့် ကုသခဲ့ရကြောင်း၊ တက်ရောက်ကုသသည့် လူနာများမှာ ယာဉ်တိုက်မှု၊ အချင်းချင်း ခိုက်ရန်ဖြစ်ပွားမှု နှင့်အခြားအကြောင်းအရာများကြောင့် တက်ရောက် ကုသခဲ့ကြောင်း သိရသည်။

ထို့ပြင် ယာဉ်တိုက်မှုကြောင့် ထိခိုက်ဒဏ်ရာရမှုမှာ အများဆုံးဖြစ်ပြီး တစ်ရက်လျှင် လူနာ ၄၀ မှ ၄၅ ယောက်အထိ တက်ရောက် ကုသခဲ့ရကြောင်း သိရသည်။ ယခင်နှစ် သြင်္ကန်ကာလအတွင်း ရန်ကုန်ဆေးရုံကြီး အရေးပေါ်ဌာနသို့ ရောက်ရှိလာသည့်လူနာ ၈၉၁ ဦးရှိပြီး ယင်းအရေအတွက်မှာ ၂၀၁၆ ခုနှစ် လူနာအရေအတွက်ထက် နှစ်ရာနီးပါး လျော့နည်းကြောင်း သိရသည်။

ထို့ပြင် ယာဉ်တိုက်မှုကြောင့် ရောက်ရှိလာသည့်လူနာဦးရေမှာ ၃၄၀ ဝန်းကျင်ရှိပြီး ခိုက်ရန်ဖြစ်ပွားမှုကြောင့် ရောက်ရှိလာသည့် လူနာဦးရေ ၁၃၀ ဝန်းကျင်ရှိကာ အသေအပျောက်နှုန်းမှာ ဆယ်ဂဏန်း ဝန်းကျင်သာရှိကြောင်း သိရသည်။

အရေးပေါ်ဌာနသို့ ပုံမှန်တက်ရောက် ကုသသည့် လူနာဦးရေမှာ ပြင်ပလူနာ အပါအဝင် ပျှမ်းမျှလူနာ ၄၀၀ မှ ၅၀၀ ကြားရှိပြီး ယင်းတက်ရောက် ကုသသည့် လူနာများထဲမှ လူနာ ၂၅၀ ဝန်းကျင်သည် ဆေးရုံတက်ရောက် ကုသနေရသည့် လူနာများဖြစ်ကြောင်း သိရသည်။

Most Read

Most Recent