<

FPNCC အနေဖြင့် အစိုးရ၏ တရားဝင်ဖိတ်ကြားလွှာရရှိပါက ၂၁ ရာစုပင်လုံ တတိယအစည်းအဝေးသို့ အဖွဲ့ဝင်အားလုံး တက်ရောက်သွားမည်ဖြစ်ကြောင်း FPNCC ထုတ်ပြန်

ပြည်ထောင်စု နိုင်ငံရေးဆွေးနွေးညှိနှိုင်းရေးကော်မတီ (FPNCC) အနေဖြင့် အစိုးရ၏ တရားဝင် ဖိတ်ကြားလွှာရရှိပါက ၂၁ ရာစု ပင်လုံတတိယအစည်းအဝေးသို့ အဖွဲ့ဝင် အားလုံး စုံစုံညီညီ တက်ရောက်သွားမည်ဖြစ်ပြီး လုံခြုံရေးအာမခံချက်ရှိရေး တရုတ်နိုင်ငံက ကူညီပေးရန် မြောက်ပိုင်းတိုင်းရင်းသား လက်နက်ကိုင်အဖွဲ့များ ပူးပေါင်းဖွဲ့စည်းထားသည့် FPNCC က မတ် ၂၈ ရက်တွင် ကြေညာချက် ထုတ်ပြန်သည်။

FPNCC ၏ ဒုတိယအကြိမ် အမြဲတမ်း ကော်မတီအစည်းအဝေးကို မတ် ၂၆ ရက်မှ ၂၈ ရက်ထိ “၀” သွေးစည်းညီညွတ်ရေးပါတီ ဌာနချုပ်ဖြစ်သည့် ပန်ခမ်း (ပန်ဆန်း) မြို့တွင် ပြုလုပ်ခဲ့ပြီးနောက် အဆိုပါကြေညာချက်အား ထုတ်ပြန်ခြင်းဖြစ်သည်။

အဆိုပါ ထုတ်ပြန်ချက်တွင် သမ္မတသစ်အဖြစ် ရွေးချယ်ခံရသော ဦးဝင်းမြင့်အား FPNCC မှ ကြိုဆိုပြီး သမ္မတသစ်၏ ဦးဆောင်မှုအောက်တွင် မြန်မာနိုင်ငံ၏ ငြိမ်းချမ်းရေးကို ဆောလျင်စွာ အကောင်အထည်ဖော်နိုင်ရန် မျှော်လင့်ကြောင်း ဖော်ပြထားသည်။

FPNCC အစည်းအဝေး၌ အဖွဲ့ဝင် အဖွဲ့အစည်း အသီးသီးမှ မျက်မှောက်ပြည်တွင်း နိုင်ငံရေးအခြေအနေနှင့် ငြိမ်းချမ်းရေးဖြစ်စဉ် တိုးတက်မှု အလားအလာအပေါ် ဆွေးနွေးသုံးသပ်မှုများ ပြုလုပ်ခဲ့ပြီး မြန်မာနိုင်ငံ၏ ငြိမ်းချမ်းရေးဖြစ်စဉ်တွင် တရုတ်ပြည်သူ့သမ္မတနိုင်ငံ၏ အပြုသဘောဆောင်သော ပါဝင်မှုသည် ပိုမိုအရေးပါလာပြီး ကင်းကွာ၍မရနိုင်ဟု ထင်မြင်ယူဆကြကြောင်းလည်း ထုတ်ပြန်ချက်တွင် ပါရှိသည်။

ထို့ပြင် အစည်းအဝေးတွင် ၂၁ ရာစု ပင်လုံ တတိယအစည်းအဝေးအပေါ် မည်သို့သဘောထားရှိသည်ကို သေချာဆွေးနွေးသုံးသပ်ပြီး FPNCC အနေဖြင့် အစိုးရ၏ တရားဝင်ဖိတ်ကြားလွှာကို လက်ခံရရှိပါက FPNCC အဖွဲ့ဝင်အားလုံး စုံစုံညီညီ တက်ရောက်သွားမည်ဖြစ်ပြီး အစည်းအဝေး တက်ရောက်သည့်အခါ လုံခြုံရေးအာမခံချက်ရှိရန်အတွက် တရုတ်ပြည်သူ့သမ္မတနိုင်ငံအနေဖြင့် ခရီးစဉ်အတွက် ဆက်လက်ကူညီ ထောက်ပံ့ပေးပါရန် မေတ္တာရပ်ခံကြောင်း ထုတ်ပြန်ချက်၌ တောင်းဆိုထားသည်။

သို့ရာတွင် FPNCC အနေဖြင့် ဖိတ်ကြားခြင်းမပြုဘဲ တစ်ဖွဲ့ချင်းဖိတ်ကြားပါက တက်ရောက်မည်မဟုတ်ကြောင်း “၀” သွေးစည်းညီညွတ်ရေးပါတီ လားရှိုးဆက်ဆံရေးရုံးဒုတိယ တာဝန်ခံ ဦးညီရန်းက မတ် ၂၈ ရက် ညပိုင်းတွင် ပြောကြားသည်။

FPNCC အဖွဲ့ဝင်များမှာ “၀” သွေးစည်းညီညွတ်ရေးပါတီ (UWSP/UWSA)၊ မိုင်းလားအဖွဲ့ (NDAA)၊ ကချင်လက်နက်ကိုင်အဖွဲ့ (KIO/KIA)၊ ရှမ်းပြည်တိုးတက်ရေးပါတီ (SSPP/SSA)၊ ရခိုင်လက်နက်ကိုင်အဖွဲ့ (AA)၊ တအန်းလက်နက်ကိုင်အဖွဲ့ (TNLA) နှင့် ကိုးကန့်လက်နက်ကိုင်အဖွဲ့ (MNDAA) တို့ ဖြစ်ကြသည်။

March 29, 2018














Copy Protected by Chetan's WP-Copyprotect.