နိုင်ငံတော်သမ္မတသစ် ဦးဝင်းမြင့်အနေဖြင့် ဒီမိုကရေစီဖက်ဒရယ်ပြည်ထောင်စု ထူထောင်နိုင်ရန် အင်တိုက်အားတိုက် ဆောင်ရွက်နိုင်မည်ဟု ယုံကြည်ကြောင်း PNLO ထုတ်ပြန်

နိုင်ငံတော်သမ္မတသစ် ဦးဝင်းမြင့်အနေဖြင့် ဒီမိုကရေစီဖက်ဒရယ်ပြည်ထောင်စု ထူထောင်နိုင်ရန် အင်တိုက်အားတိုက် ဆောင်ရွက်နိုင်မည်ဟု ယုံကြည်ကြောင်း PNLO ထုတ်ပြန်
Published 29 March 2018

နိုင်ငံတော်သမ္မတသစ် ဦးဝင်းမြင့်အနေဖြင့် တိုင်းရင်းသားပြည်သူတစ်ရပ်လုံး လိုလားတောင့်တလျက်ရှိသော ဒီမိုကရေစီရေး၊ အမျိုးသားတန်းတူရေးနှင့် ကိုယ်ပိုင်ပြဋ္ဌာန်းခွင့်ကို အပြည့်အ၀ အာမခံသည့် ဒီမိုကရေစီဖက်ဒရယ်ပြည်ထောင်စု ထူထောင်နိုင်ရန် အင်တိုက်အားတိုက် ဆောင်ရွက်နိုင်မည်ဟု ယုံကြည်ကြောင်း NCA လက်မှတ်ရေးထိုးထားသည့် ပအိုဝ်းအမျိုးသားလွတ်မြောက်ရေးအဖွဲ့ချုပ် (PNLO) က မတ် ၂၈ ရက်တွင် ကြေညာချက် ထုတ်ပြန်သည်။

နိုင်ငံတော်သမ္မတသစ် ဦးဝင်းမြင့်သည် စစ်မှန်သော ပြည်တွင်းငြိမ်းချမ်းရေးနှင့် အမျိုးသားပြန်လည်သင့်မြတ်ရေးကို ဦးတည်ပြီး ပြည်ထောင်စုညီညွတ်ရေးကိုရယူ၍ နိုင်ငံရေးအစိုးရလက်ထက်တွင် နိုင်ငံရေးပြဿနာများကို နိုင်ငံရေးနည်းလမ်းဖြင့် ငြိမ်းချမ်းစွာ ဖြေရှင်းနိုင်ရန် ဦးဆောင်ဦးရွက်ပြုနိုင်မည့်သူ တစ်ဦးဖြစ်သည်ဟုလည်းကောင်း၊ တိုင်းရင်းသားပြည်သူတစ်ရပ်လုံး လိုလားတောင့်တလျက်ရှိသော ဒီမိုကရေစီရေး၊ အမျိုးသားတန်တူရေးနှင့် ကိုယ်ပိုင်ပြဋ္ဌာန်းခွင့်ကို အပြည့်အ၀ အာမခံသည့် ဒီမိုကရေစီဖက်ဒရယ်ပြည်ထောင်စု ထူထောင်နိုင်ရန် အင်တိုက်အားတိုက် ဆောင်ရွက်နိုင်မည်ဟုလည်းကောင်း၊ ယနေ့ကြုံတွေ့ရလျက်ရှိသော အထွေထွေ အကျပ်အတည်းများကို သက်ဆိုင်ရာအင်အားစုများ၊ ခေါင်းဆောင်များအားလုံးက ပြည်ထောင်စုစိတ်ဓာတ်ကို အခြေခံ၍ စုပေါင်းဦးဆောင်ကျော်လွှား လွန်မြောက်နိုင်ရေးအတွက် ပြည်သူနှင့်အတူ လျှောက်လမ်းမည့် နိုင်ငံတော်သမ္မတဖြစ်သည်ဟုလည်းကောင်း ယုံကြည်စွာဖြင့် နိုင်ငံတော်သမ္မတဦးဝင်းမြင့်အား ဂုဏ်ပြုကြိုဆိုကြောင်း ကြေညာချက်တွင် ဖော်ပြထားသည်။

ထို့ပြင် ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော်တွင် နိုင်ငံရေးဆွေးနွေးမှုများနှင့်အတူ တည်ဆောက်လျက်ရှိသော ငြိမ်းချမ်းရေးဖြစ်စဉ်၊ နိုင်ငံရေးပြုပြင်ပြောင်းလဲမှုဖြစ်စဉ်၊ စီးပွားရေးပြုပြင်ပြောင်းလဲမှုဖြစ်စဉ်များ အောင်မြင်စေရေးနှင့် ဒီမိုကရေစီဖက်ဒရယ် ပြည်ထောင်စု ထူထောင်နိုင်ရေးတို့သည် ပအိုဝ်းပြည်သူများ အပါအဝင် ပြည်ထောင်စုဖွား သွေးချင်းညီအစ်ကိုမောင်နှမများအားလုံးတို့၏ ပြင်းပြသောဆန္ဒများဖြစ်ကြောင်း၊ အမျိုးသားပြန်လည်သင့်မြတ်ရေးနှင့် ပြည်ထောင်စုညီညွတ်ရေးကို ရယူနိုင်မှသာလျှင် အထက်ပါ ရည်မှန်းချက်များအပြင် ယနေ့ ပြည်ထောင်စုကြီး ရင်ဆိုင်ကြုံတွေ့နေရလျက်ရှိသော အထွေထွေ အကျပ်အတည်းများမှလည်း ကျော်လွှားလွန်မြောက်နိုင်မည်ဖြစ်ကြောင်း ကြေညာချက်တွင် ပါရှိသည်။

ဤကဲ့သို့ အခြေအနေမျိုးတွင် နိုင်ငံတော်သမ္မတသစ် ဦးဝင်းမြင့်အား ပြည်သူလူထု၏ ဆန္ဒဖြင့် အဆင့်ဆင့် ရွေးချယ်တင်မြှောက်ခြင်းကို ပအိုဝ်းအမျိုးသားလွတ်မြောက်ရေး အဖွဲ့ချုပ် (PNLO) က ဝမ်းမြောက်ဝမ်းသာ ဂုဏ်ပြုကြိုဆိုကြောင်း၊ နိုင်ငံတော်သမ္မတသစ် ဦးဝင်းမြင့်သည် ၁၉၉၀ ပြည့်နှစ် ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲကြီးတွင် လည်းကောင်း၊ ၂၀၁၂ ခုနှစ် ကြားဖြတ်ရွေးကောက်ပွဲတွင်လည်းကောင်း၊ ၂၀၁၅ ခုနှစ် ပါတီစုံ ဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲကြီးတွင်လည်းကောင်း ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်အဖြစ် သုံးကြိမ်ဆက်တိုက် ရွေးကောက်တင်မြှောက်ခံရပြီး ဒုတိယအကြိမ် ပြည်သူ့လွှတ်တော်သက်တမ်းတွင် ၂၀၁၈ ခုနှစ် မတ်လအထိ ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌအဖြစ် တာဝန်ယူ ဆောင်ရွက်ခဲ့သူဖြစ်ကြောင်း၊ အကျပ်အတည်းများစွာကြားမှ အဆင့်ဆင့်သော တာဝန်များကို ဆောင်ရွက်နိုင်ခဲ့သည့်အပြင် ပြည်သူ့လွှတ်တော်ကိုယ်စားပြုကော်မတီ (CRPP) အပါအဝင် တိုင်းရင်းသားခေါင်းဆောင် ကိုယ်စားလှယ်များနှင့်လည်း အတူတကွ လက်တွဲဆောင်ရွက်ခဲ့သူတစ်ဦးဖြစ်ကြောင်း ထုတ်ပြန်ချက်အရ သိရသည်။

ဦးဝင်းမြင့်သည် နိုင်ငံတော်သမ္မတအဖြစ် မတ် ၂၈ ရက်တွင် ကျင်းပသော ပြည်ထောင်စုလွှတ်တော်၌ ရွေးချယ်တင်မြှောက်ခံရခြင်းဖြစ်သည်။

Most Read

Most Recent