နိုင်ငံတော်သမ္မတကြီး အနေဖြင့် နိုင်ငံရေးအကျဉ်းသားအားလုံးကို လွှတ်ပေးရန် မေတ္တာရပ်ခံကြောင်း ပုဒ်မသုံးခုဖြင့် တရားစွဲဆိုခံထားရသော ဒေါက်တာအေးမောင် ပြောကြား

နိုင်ငံတော်သမ္မတကြီး အနေဖြင့် နိုင်ငံရေးအကျဉ်းသားအားလုံးကို လွှတ်ပေးရန် မေတ္တာရပ်ခံကြောင်း ပုဒ်မသုံးခုဖြင့် တရားစွဲဆိုခံထားရသော ဒေါက်တာအေးမောင် ပြောကြား
Published 29 March 2018

ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဒေါက်တာအေးမောင်နှင့် စာရေးဆရာဝေဟင်အောင်အား ခုနစ်ကြိမ်မြောက် ရုံးထုတ်တွင် တွေ့ရစဉ်

နိုင်ငံတော်သမ္မတကြီးအနေဖြင့် နိုင်ငံရေးအကျဉ်းသားအားလုံးကို လွှတ်ပေးရန် မေတ္တာရပ်ခံကြောင်း ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဒေါက်တာအေးမောင်နှင့် စာရေးဆရာဝေဟင်အောင်တို့၏ ခုနစ်ကြိမ်မြောက် ရုံးထုတ်တွင် ဒေါက်တာအေးမောင်က ပြောကြားခဲ့ကြောင်း သိရသည်။

ရခိုင်ပြည်နယ် ရသေ့တောင်မြို့တွင် ပြုလုပ်သည့် စာပေဟောပြောပွဲတွင် ဟောပြောမှုကြောင့် ပုဒ်မသုံးခုဖြင့် တရားစွဲဆိုခံထားရသော ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဒေါက်တာအေးမောင်နှင့် စာရေးဆရာဝေဟင်အောင်အား မတ် ၂၈ ရက်က ခုနစ်ကြိမ်မြောက် ရုံးထုတ်စဉ် ထိုသို့ပြောကြားသည်။

ဒေါက်တာအေးမောင်က “၂၀၁၂ ကြားဖြတ်ရွေးကောက်ပွဲမှာ နိုင်တဲ့လူတွေလည်း ရှိတယ်ပေါ့။ ဒီတော့ ဖွဲ့စည်းအုပ်ချုပ်ပုံ အခြေခံဥပဒေကို လေးစားလိုက်နာဖို့ လိုတယ်ဆိုတဲ့ စကားရပ်နဲ့ ညီဖို့လိုတယ်။ ၄၄ ဦးပေါ့လေ။ အဲဒီမှာ ပြည်ထောင်စုလွှတ်တော်နဲ့ ကျွန်တော်တို့ ကြိုးစားခဲ့ရတာရှိတယ်။ အဲဒီမှာ ဒေါ်အောင်ဆန်းစုကြည် ကျွန်တော့်ကို ပြောတာရှိတယ်။ လွှတ်တော်ကို တက်ပေးပါ။ ဒေါက်တာအေးမောင်ရဲ့ အချိန်တွေ နှမြောဖို့ ကောင်းလိုက်တာဆိုတာလေးကို သတိရတယ်။ ဒီနေ့ ဦးဝင်းမြင့် နိုင်ငံတော်သမ္မတကြီးဖြစ်မယ်လို့ ကြားရတော့ ဝမ်းသာတယ်။ နိုင်ငံရေးအကျဉ်းသားတွေ အကြောင်းနဲ့ ဥပဒေအကြောင်းကို နားလည်တဲ့သူ ဖြစ်တယ်။ အဲဒါကြောင့် ကျွန်တော်တို့ အားလည်းကိုးတယ်။ နိုင်ငံရေးအကျဉ်းသားအားလုံးကို လွှတ်ပေးဖို့ ကျွန်တော်တို့ မေတ္တာရပ်ခံတယ်။ ကျွန်တော်တို့လို စစ်ဆေးခံရဆဲ ပုဂ္ဂိုလ်တွေကိုလည်းပေါ့၊ မိနစ် ၃၀ လောက်ပြောခဲ့တာတွေကိုလည်း ဆင်ခြင်ပြီးမှ ကျွန်တော်တို့သွားတဲ့ ဖက်ဒရယ်ပြည်ထောင်စု၊ လျှောက်ရမယ့် ပင်လုံမှာလည်း aအာင်မြင်ပါစေ။ ဖယ်ဒရယ်ပြည်ထောင်စုအခြေခံမူ ၃၇ ချက် ရပြီးပြီဖြစ်တယ်။ အဲဒီတော့ အကုန်လုံး ငြိမ်းငြိမ်းချမ်းချမ်းနဲ့ အမျိုးသားပြန်လည် ရင်ကြားစေ့ရေးကိုသာ ဆောင်ရွက်နိုင်မယ်ဆိုရင် ကျွန်တော်တို့လို ၅၀၅(ခ)၊ ၁၇ (၁) နဲ့စွဲထားတဲ့ အကျဉ်းသား အများကြီးရှိတယ်။ အဲဒါတွေကို သမ္မတဖြစ်တာနဲ့ လွှတ်ပေးနိုင်မယ်ဆိုလို့ရှိရင် ကျွန်တော်တို့လည်း ပင်လုံတက်လို့ရတာပေါ့ဗျာ။ အမျိုးသားပြန်လည်ရင်ကြားစေ့ရေးအတွက် သမ္မတကြီးအနေနဲ့ အများကြီး ဆောင်ရွက်နိုင်မယ်လို့ ကျွန်တော်တို့ မျှော်မှန်းတယ်။ သုံးနှစ်တာကာလကို အောင်အောင်မြင်မြင် ဖြတ်သန်းနိုင်ပါစေလို့ ဆုတောင်းတယ်။ ကျွန်တော်တို့ကိုယ်တိုင်က မဲပေးရမှာ။ အမှန်က ကျွန်တော်လွှတ်တော်ထဲမှာ မဲပေးနေခဲ့ရမှာ။ NLD အစိုးရကလည်း ရခိုင်ပြည်နယ် အေးချမ်းမှုကို ဆောင်ရွက်နိုင်ပါစေ။ မောင်တောကိစ္စ အပါအဝင် မြောက်ဦးကိစ္စတွေကိုလည်း ပြေငြိမ်းနိုင်မယ်ဆိုရင် NLD အစိုးရဟာ သားရွှေအိုးထမ်းလာတဲ့ကိန်း ဖြစ်သွားလိမ့်မယ်” ဟု တရားရုံးမှ ပြန်ထွက်လာစဉ် ပြောကြားသည်။

ဒေါက်တာအေးမောင်နှင့် စာရေးဆရာ ဝေဟင်အောင်အား ဇန်နဝါရီ ၁၅ ရက်က ရသေ့တောင်မြို့၌ ပြုလုပ်သည့် (၂၃၃) နှစ်မြောက် ရခိုင်အချုပ်အခြာအာဏာကျဆုံးခြင်း အထိမ်းအမှတ် စာပေဟောပြောပွဲတွင် ဟောပြောမှုဖြင့် နိုင်ငံတော်ပုန်ကန်မှုပုဒ်မ ၁၂၂၊ နိုင်ငံတော်အကြည်ညိုပျက်စေမှု ၅၀၅ (ခ) (ဂ)၊ မတရားအသင်းနှင့် ဆက်သွယ်မှု ၁၇ (၁) တို့ဖြင့် အမှုဖွင့်ခဲ့ပြီး ဇန်နဝါရီ ၁၆ ရက် ညနေပိုင်းက စာရေးဆရာ ဝေဟင်အောင်ကို ဖမ်းဆီးကာ ဇန်နဝါရီ ၁၈ ရက်က ဒေါက်တာအေးမောင်အား ဖမ်းဆီးခဲ့သည်။

မတ် ၂၈ ရက် ရုံးချိန်းနှင့်ပတ်သက်၍ စာရေးဆရာဝေဟင်အောင်၏ အစ်ကိုဖြစ်သူ ဦးသိန်းဝင်းက “ကျွန်တော်တို့ အကျိုးဆောင် ရှေ့နေတွေက ဖြစ်စဉ်တစ်ခုတည်းအပေါ်မှာ အမှုသုံးမှုစွဲထားတဲ့ကိစ္စကို တစ်မှုတည်းဖြစ်အောင် လျှောက်ထားတာရှိတယ်။ မြို့နယ်က အမှုကိုလည်း ခရိုင်မှာ တစ်ခါတည်းစစ်နိုင်အောင် ရုံးပြောင်းလျှောက်ထားတာ ရှိပါတယ်။ ခရိုင်မှာတော့ သက်သေမရောက်တဲ့အတွက် မစစ်ဖြစ်ဘူး။ မြို့နယ်မှာက သက်သေရောက်ပေမယ့် ခရိုင်မှာပေါင်းရင် ပြန်စစ်ရမှာဖြစ်တဲ့အတွက် မစစ်ဘဲ ရုံးပြောင်းလျှောက်တဲ့ကိစ္စကိုသာ လုပ်ဆောင်ခဲ့ပါတယ်။ စွဲထားတဲ့တရားလိုကလည်း တစ်ယောက်တည်းဆိုတော့ ခရိုင်မှာပေါင်းစစ်လိုက်ရင် မြန်ဆန်မှာမယ်လို့ မြင်ပါတယ်” ဟု ပြောကြားသည်။

စာရေးဆရာ ဝေဟင်အောင်ကလည်း “မြောက်ဦးဖြစ်စဉ်မှာ ရုပ်ပျက်ဆင်းပျက် ဖြစ်တယ်လို့မြင်တယ်။ ဒါကြောင့် မြောက်ဦးဖြစ်စဉ်မှာ ကလေးတွေကို လွှတ်ပေးဖို့လိုတယ်။ သေသွားတဲ့လူတွေအတွက်လည်း အကောင်းဆုံးဖြစ်အောင် အစိုးရက တောင်းပန်ဖို့လိုတယ်” ဟု ပြောကြားသည်။

“ကျွန်တော်တို့ရဲ့ လွှတ်တော်ဥက္ကဋ္ဌ သမ္မတဖြစ်မှာကို ဝမ်းသာတယ်။ ၁၉၇၃ စကားရပ်များ အစားထိုးတဲ့ ဥပဒေအရ ကျွန်တော်တို့က ရခိုင်ပြည်နယ်လွှတ်တော်ဘက်ကို ပယ်ဖျက်ပေးဖို့တင်ဖို့ ရှိပါတယ်။ အမှုသုံးခုလုံးကိုပေါ့။ နှစ်ပေါင်း ၇၀ မျှော်မှန်းထားတဲ့ပင်လုံကို ဖြစ်နိုင်ရင် ကျွန်တော်တို့ တက်ချင်တာပေါ့” ဟု ဒေါက်တာအေးမောင်က တရားရုံးသို့ ရောက်ရှိစဉ် ပြောကြားသည်။

Most Read

Most Recent