အသစ်တက်လာမည့် သမ္မတကြီးသည် တရားဥပဒေစိုးမိုးရေးကို အဓိကထားဆောင်ရွက်မည်ဟု ယုံကြည်ပြီး သတင်းလွတ်လပ်ခွင့်ရရှိရေး တရားစွဲခံထားရသည့် မြန်မာသတင်းထောက်နှစ်ဦး တောင်းဆို

အသစ်တက်လာမည့် သမ္မတကြီးသည် တရားဥပဒေစိုးမိုးရေးကို အဓိကထားဆောင်ရွက်မည်ဟု ယုံကြည်ပြီး သတင်းလွတ်လပ်ခွင့်ရရှိရေး တရားစွဲခံထားရသည့် မြန်မာသတင်းထောက်နှစ်ဦး တောင်းဆို
Published 29 March 2018

အသစ်တက်လာမည့် သမ္မတကြီးအနေဖြင့် တရားဥပဒေစိုးမိုးရေးကို အဓိကထား ဆောင်ရွက်မည်ဟု ယုံကြည်ပြီး သတင်းလွတ်လပ်ခွင့် ရရှိရေးနှင့် ၎င်းတို့ မတရားခံနေရသည့်ကိစ္စများကို အမြန်ဆုံး ဖြေရှင်းပေးရန် တောင်းဆိုကြောင်း တရားစွဲဆိုခံထားရသည့် ရိုက်တာသတင်းဌာနမှ မြန်မာသတင်းထောက် ကိုဝလုံးက ပြောကြားသည်။

မြန်မာနိုင်ငံအစိုးရ လျှို့ဝှက်ချက်အက်ဥပဒေပုဒ်မဖြင့် တရားစွဲဆိုခံထားရသည့် ရိုက်တာသတင်းဌာန၏ မြန်မာသတင်းထောက်နှစ်ဦးဖြစ်သော ကိုဝလုံး (ခ) ကိုသက်ဦးမောင်နှင့် ကိုကျော်စိုးဦး (ခ) ကိုမိုးအောင်တို့ နှစ်ဦးကို မတ် ၂၈ ရက်က ဆက်လက်ရုံးထုတ် စစ်ဆေးသည့် မြောက်ပိုင်းခရိုင် တရားရုံးရုံးချိန်းတွင် သတင်းထောက် ကိုဝလုံးက ယင်းသို့ ပြောကြားခဲ့ခြင်းဖြစ်သည်။

“ကျွန်တော်တို့မျှော်လင့်တာက ကျွန်တော်တို့နိုင်ငံမှာ တရားဥပဒေစိုးမိုးရေးကို လက်ရှိတက်လာမယ့် သမ္မတကြီးအနေနဲ့ ဆောင်ရွက်ပေးနိုင်ဖို့ အထူးဒီနေရာကနေ တိုက်တွန်းပါတယ်။ ဘာလို့လဲဆိုတော့ ကျွန်တော်တို့ ခုဖမ်းဆီးခံထားရတာသည် မတရားတဲ့ပုဒ်မတွေနဲ့ ဖမ်းဆီးထားတာဖြစ်တယ်။ ကျွန်တော်တို့ကို ထောင်ချောက်ဆင်ပြီးတော့ ဒီနေရာမှာ ဖမ်းလာပြီးတော့ တရားရင်ဆိုင်ခိုင်းနေတာ ဖြစ်ပါတယ်။ ဒီကိစ္စနဲ့ပတ်သက်ပြီး ကျွန်တော်တို့ ရင်ဆိုင်နေရတဲ့ အခြေအနေတွေ တရားမျှတမှုဖြစ်အောင် ကျွန်တော်တို့ သတင်းသမားတွေ သတင်းသမား အလုပ်လုပ်တဲ့အခါမှာ အခုတက်လာတဲ့ သမ္မတကြီးအနေနဲ့ ဒါတွေကို အထူးအလေးထားပြီး ဆောင်ရွက်ဖို့လိုပါတယ်။ ဒီကနေ့ဟာ ကျွန်တော်တို့ နိုင်ငံအတွက် အပြောင်းအလဲဖြစ်တဲ့နေ့ ဖြစ်ပါတယ်။ အခုတက်လာမယ့် သမ္မတသစ်ကလည်း တရားဥပဒေစိုးမိုးရေးကို အဓိကထား ဆောင်ရွက်မယ်ဆိုတာမျိုးကို ကျွန်တော်မျှော်လင့်ပါတယ်။ ယုံလည်းယုံကြည်ပါတယ်။ အဲဒီတော့ အခုဒီနေရာမှာ ကျွန်တော်တို့ ရင်ဆိုင်နေရတာသည် တရားသဖြင့် ရင်ဆိုင်ရတဲ့ အခြေအနေမှာ မရှိပါဘူး။ ကျွန်တော်တို့ သတင်းသမားအလုပ် သတင်းသမားလုပ်ရင်းနဲ့ ဒီလိုရင်ဆိုင်နေရတဲ့အပေါ်မှာ ကျွန်တော်တို့ ကိစ္စတွေနဲ့ ပတ်သက်ပြီးတော့ လက်ရှိတက်လာမယ့် နိုင်ငံတော်သမ္မတကြီး အနေနဲ့ အရေးယူ ဆောင်ရွက်ပေးဖို့ ကျွန်တော်တောင်းဆိုချင်တာ ဖြစ်ပါတယ်။ ကျွန်တော်တို့ တရားမျှတမှုကို အလိုရှိပါတယ်။ သတင်းလွတ်လပ်ခွင့်ကို အပြည့်အ၀ လိုချင်ပါတယ်” ဟု သတင်းထောက်ကိုဝလုံးက တရားရုံးမှ ထွက်လာစဉ် ပြောကြားသည်။

Most Read

Most Recent