မြန်မာနိုင်ငံအတွင်း ဆေးလိပ်၊ ဆေးရွက်ကြီး သုံးစွဲမှုလျော့ကျပြီး မကူးစက်တတ်သောရောဂါများ လျော့နည်းကျဆင်းရေး အရှိန်မြှင့် လုပ်ဆောင်ရန် ကျန်းမာရေးဝန်ကြီးဌာနနှင့် The Union အဖွဲ့ တွေ့ဆုံဆွေးနွေး

မြန်မာနိုင်ငံအတွင်း ဆေးလိပ်၊ ဆေးရွက်ကြီး သုံးစွဲမှုလျော့ကျပြီး မကူးစက်တတ်သောရောဂါများ လျော့နည်းကျဆင်းရေး အရှိန်မြှင့် လုပ်ဆောင်ရန် ကျန်းမာရေးဝန်ကြီးဌာနနှင့် The Union အဖွဲ့ တွေ့ဆုံဆွေးနွေး
Published 29 March 2018

ကွမ်းယာဆိုင်တစ်ခုရှိ ဆေးလိပ်နှင့် ဆေးရွက်ကြီးထွက်ပစ္စည်းများကို တွေ့ရစဉ် (ဓာတ်ပုံ-ကြည်နိုင်)

မြန်မာနိုင်ငံအတွင်း ဆေးလိပ်ဆေးရွက်ကြီး သုံးစွဲမှုလျော့ကျပြီး ကင်ဆာရောဂါ အပါအဝင် မကူးစက်တတ်သောရောဂါများ လျော့နည်းကျဆင်းရေး အရှိန်မြှင့် လုပ်ဆောင်ရန် ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန ပြညထောင်စုဝန်ကြီးနှင့် The Union အဖွဲ့ တွေ့ဆုံ ဆွေးနွေးခဲ့ကြောင်း သိရသည်။

ဆွေးနွေးမှုတွင် မြန်မာနိုင်ငံအတွင်း ဆေးလိပ်၊ ဆေးရွက်ကြီး သုံးစွဲမှုလျော့ကျပြီး ကင်ဆာရောဂါဖြစ်ပွားမှု အပါအဝင် မကူးစက်တတ်သော ရောဂါများဖြစ်သည့် သွေးတိုး၊ နှလုံး၊ ဆီးချိုရောဂါ ဖြစ်ပွားမှုများ လျော့နည်းကျဆင်းရေးအတွက် အရှိန်မြှင့် လုပ်ဆောင်ရာတွင် ကင်ဆာရောဂါဖြစ်ပွားနေသည့် ရုပ်ပုံများဖြင့် ကျန်းမာရေးသတိပေးခြင်းကို စီးကရက်၊ ဆေးလိပ်ဘူးခွံများပေါ်တွင် နေရာယူမှု ၇၅ ရာခိုင်နှုန်းအထက်သို့ တိုးမြှင့်နိုင်ရေး၊ အများပြည်သူနှင့် သက်ဆိုင်သောနေရာများဖြစ်သည့် စာသင်ကျောင်း၊ ဆေးရုံတို့တွင် ဆေးလိပ်သောက်ခြင်းမှ ရှောင်ကြဉ်နိုင်ရန် အမျိုးသားအဆင့် တရားဝင် တားမြစ်ချက်များ ထုတ်ပြန်နိုင်ရေး၊ ဆေးလိပ်၊ ဆေးရွက်ကြီးထွက်ကုန်ပစ္စည်းများနှင့် ပတ်သက်သော အရောင်းမြှင့်တင်ခြင်း၊ ကြော်ငြာခြင်းလုပ်ငန်းများကို ယခုထက် ပိုမိုထိရောက်စွာ တားမြစ်နိုင်ရေး၊ ဆေးလိပ်နှင့် ဆေးရွက်ကြီးထွက်ကုန်ပစ္စည်းများ အပေါ်တွင် ယခုထက်ပိုမို၍ အကောက်ခွန်စည်းကြပ်နိုင်ရေး၊ ဆေးလိပ်ဆေးရွက်ကြီးဆိုင်ရာ ပစ္စည်းများ သုံးစွဲမှုကို ထိန်းချုပ်သည့် စနစ်ကြီးတစ်ခုလုံး ယခုထက်ပိုမိုအားကောင်း ထိရောက်စွာ ဆောင်ရွက်နိုင်ရေးနှင့် ဝန်ထမ်းများ၏ စဉ်ဆက်မပြတ် အရည်အသွေး မြှင့်တင်ရေးဆိုင်ရာ ကိစ္စများ ဆွေးနွေးခဲ့ကြောင်း သိရသည်။

ထို့ပြင် အာဆီယံနိုင်ငံများနည်းတူ ပြည်တွင်း၌ အီးစီးကရက်၊ ၎င်းနှင့်ဆက်စပ်ပစ္စည်း (အရည်) များကို ထုတ်လုပ်ခြင်း၊ တင်သွင်းခြင်းနှင့် ရောင်းချမှုအားလုံးကို လုံးဝပိတ်ပင်နိုင်ရန် ပြည်သူ့ကျန်းမာရေးဖောင်ဒေးရှင်းက ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနထံ အကြံပြုစာ ပေးပို့ထားကြောင်း သိရသည်။

ထိုသို့ဆောင်ရွက်ရန်အတွက် လက်ရှိဥပဒေများဖြစ်သော ဆေးလိပ်နှင့်ဆေးရွက်ကြီးထွက်ပစ္စည်းများ သောက်သုံးမှုထိန်းချုပ်ရေးဥပဒေ၊ အမျိုးသားအစားအသောက် ဥပဒေနှင့် အမျိုးသားဆေးဝါးဥပဒေတို့အရ လူ၏ကျန်းမာရေးနှင့် အသက်အန္တရာယ်ဖြစ်စေသော အီးစီးကရက်နှင့် အတူ ၎င်းနှင့်ဆက်စပ်ပစ္စည်း (အရည်) များကိုထုတ်လုပ်ခြင်း၊ တင်သွင်းခြင်းနှင့် ရောင်းချမှုအားလုံး လုံးဝပိတ်ပင်ရန် ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန၏ လုပ်ပိုင်ခွင့်အရ အမိန့်ကြော်ငြာစာ ထုတ်ပြန်နိုင်ရန် အကြံပြုမည်ဖြစ်ကြောင်း သိရသည်။

Most Read

Most Recent