ကမ္ဘာအေးဘုရားလမ်း နဝဒေးရုပ်ရှင်ရုံရှေ့တွင် ယာဉ်တစ်စီး မြေအောက် ကေဘယ်လ်ကြိုး ဆက်ရန်တူးထားသည့် မြောင်းအတွင်းသို့ ပြုတ်ကျ

ကမ္ဘာအေးဘုရားလမ်း နဝဒေးရုပ်ရှင်ရုံရှေ့တွင် ယာဉ်တစ်စီး မြေအောက် ကေဘယ်လ်ကြိုး ဆက်ရန်တူးထားသည့် မြောင်းအတွင်းသို့ ပြုတ်ကျ
Published 16 August 2017

မရမ်းကုန်းမြို့နယ်၊ နဝဒေး ရုပ်ရှင်ရုံရှေ့ ကမ္ဘာအေးဘုရားလမ်းမပေါ်တွင် မြေအောက်ကေဘယ်လ်ကြိုး ဆက်ရန်တူးထားသည့် မြောင်းအတွင်းသို့ ကိုယ်ပိုင်ယာဉ်တစ်စီး ပြုတ်ကျမှု သြဂုတ် ၁၅ရက် ညပိုင်းက ဖြစ်ပွားခဲ့ကြောင်း သိရသည်။

သြဂုတ် ၁၅ရက်၊ ည ၉ နာရီကျော်ခန့်တွင် Toyota Wish ခဲရောင် ကိုယ်ပိုင်ယာဉ်သည် မရမ်းကုန်းမြို့နယ်၊ ကမ္ဘာအေး ဘုရားလမ်းအတိုင်း ရှစ်မိုင်ဘက်မှ ကမ္ဘာအေးဘုရားဘက်သို့ မောင်းနှင်လာခဲ့ကြောင်းသိရသည်။

ထိုသို့ မောင်းနှင်လာစဉ် နဝဒေးရုပ်ရှင်ရုံရှေ့ရှိ မြေအောက်ကေဘယ်လ်ကြိုး ဆက်ရန်တူးထားသည့် မြောင်းနားအရောက်တွင် အဆိုပါ မြောင်းအတွင်းသို့ ယာဉ်မှာ ဘေးတစ်စောင်း အနေအထားဖြင့် ပြုတ်ကျသွားခဲ့ကြောင်း သိရသည်။

“ကားက ရှစ်မိုင်ကနေ လာတာလို့သိရတယ်။ ရုပ်ရှင်ရုံရှေ့ လည်းရောက်ရော အရှိန်လွန်တာ လား၊ ဘေးကားနဲ့ ငြိပြီး ပြုတ်ကျတာလားဆိုတာကတော့ ယာဉ်မောင်းပဲ သိပါမယ်။ ဖြစ်တဲ့ချိန်က ကိုးနာရီကျော်ဝန်းကျင်ဖြစ်ပြီး ကားကိုဆယ်ယူလိုက်ပါတယ်”ဟု အခင်း ဖြစ်ပွားသည့် ရပ်ကွက်မှ အုပ်ချုပ်ရေးအဖွဲ့ဝင်တစ်ဦးကပြောကြားသည်။

ထိုသို့ ဖြစ်ပွားခဲ့သည့် ယာဉ်ပေါ်တွင် အမျိုးသားနှစ်ဦး၊ အမျိူးသမီးနှစ်ဦးနှင့်အသက် ၂ နှစ်အရွယ် ကလေးငယ်တစ်ဦးတို့ပါဝင်ကြောင်း အဆိုပါရပ်ကွက်အုပ်ချုပ်ရေး အဖွဲ့ဝင်တစ်ဦးထံမှ စုံစမ်းသိရှိရသည်။

ယာဉ်ပေါ်တွင် ပါရှိသည့် ဒေါ်...(၇၀)နှစ်မှာ အခင်းဖြစ်ပွားချိန်တွင် သတိမေ့သွားခဲ့ပြီး ဒေါ် ...(၄၆)နှစ်မှာ ဖူးရောင်ဒဏ်ရာရရှိခဲ့ ကြောင်း၊ ထို့ပြင် အမျိုးသားနှစ်ဦး နှင့် အသက် ၂ နှစ်အရွယ် ကလေးငယ်မှာလည်း ထိခိုက်ဒဏ်ရာ အနည်းငယ်ရရှိခဲ့သဖြင့် မြောက်ဥ က္ကလာပဆေးရုံသို့ တင်ပို့ထားရကြောင်း သိရသည်။

မြောင်းအတွင်းသို့ ယာဉ်ပြုတ်ကျခဲ့သဖြင့် သက်ဆိုင်ရာ မီးသတ်တပ်ဖွဲ့မှ တာဝန်ရှိသူများ၊ မြန်မာ့ ကြယ်ဖြူ လူမှုကယ်ဆယ်ရေးအဖွဲ့မှ တာဝန်ရှိသူများနှင့်သက်ဆိုင်ရာ အခြားတာဝန်ရှိသူများမှ လာရောက် ကူညီဆောင်ရွက်ပေးခြင်းများ ပြုလုပ်ခဲ့ကြောင်း သိရသည်။

ထိုသို့ ယာဉ်ပြုတ်ကျခဲ့ သည့် မြေအောက်ကေဘယ်လ်ကြိုး ဆက်သည့်မြောင်းမှာ ဖောက်လုပ်ထားသည်မှာ သုံးလခန့်ကြာမြင့်ပြီ ဖြစ်ကြောင်း ကမ္ဘာအေးဘုရားလမ်းပေါ်တွင် ယင်းကဲ့သို့ မြောင်းများ စုစုပေါင်း ၇ မြောင်းခန့်ရှိကြောင်း သိရသည်။

အဆိုပါဖြစ်စဉ်အား သက်ဆိုင်ရာရဲစခန်းမှ ဆက်လက် စစ်ဆေးလျက်ရှိကြောင်း သိရသည်။

Most Read

Most Recent