ဦးဝင်းမြင့် မြန်မာနိုင်ငံ၏ ၁၀ ဦးမြောက် သမ္မတဖြစ်လာ

ဦးဝင်းမြင့် မြန်မာနိုင်ငံ၏ ၁၀ ဦးမြောက် သမ္မတဖြစ်လာ
Published 28 March 2018

မတ် ၂၈ ရက်တွင် ကျင်းပသော ပြည်ထောင်စုလွှတ်တော်၌ နိုင်ငံတော်သမ္မတ ရွေးချယ်တင်မြှောက်ပွဲသို့ တက်ရောက်လာသည့် ဦးဝင်းမြင့်အား တွေ့ရစဉ် (ဓာတ်ပုံ - စည်သူ)

နိုင်ငံတော်သမ္မတအဖြစ် ရွေးချယ်တင်မြှောက်ခံရသည့် ဦးဝင်းမြင့်သည် မြန်မာနိုင်ငံ လွတ်လပ်ရေးရပြီးနောက်ပိုင်း  မြန်မာနိုင်ငံ၏  ၁၀ ဦး (ဒဿမ)မြောက် သမ္မတဖြစ်လာမည် ဖြစ်သည်။

ယနေ့ (မတ် ၂၈ ရက်) တွင် ကျင်းပသော ပြည်ထောင်စုလွှတ်တော်၌ နိုင်ငံတော်သမ္မတ ရွေးချယ်တင်မြှောက်ပွဲကို ကျင်းပခဲ့ရာ နိုင်ငံတော်သမ္မတ ရွေးချယ်တင်မြှောက်ရေးအဖွဲ့ဝင် လွှတ်တော်ကိုယ်စားလှယ်များက လျှို့ဝှက်ဆန္ဒမဲလက်မှတ် အသုံးပြု၍ နိုင်ငံတော်သမ္မတအား ရွေးချယ်ခဲ့သည်။

ထိုသို့မဲပေးခဲ့ရာ၌ လွှတ်တော်ကိုယ်စားလှယ် ၆၃၆ ဦးရှိပြီး နိုင်ငံတော်သမ္မတလောင်းများဖြစ်သည့် ဒုတိယသမ္မတအဖြစ် ရွေးချယ်ခံထားရသော ဦးဝင်းမြင့်က ၄၀၃ မဲ၊ ဒုတိယသမ္မတ ဦးမြင့်ဆွေက  ၂၁၁ မဲ ၊ ဒုတိယသမ္မတ  ဦးဟင်နရီဗန်ထီးယူက ၁၈ မဲ နှင့် ပယ်မဲ ၄ မဲ ရရှိခဲ့သဖြင့် ထောက်ခံမဲများသော ဦးဝင်းမြင့် အား နိုင်ငံတော်သမ္မတအဖြစ် ရွေးချယ်တင်မြှောက်ကြောင်း ပြည်ထောင်စုလွှတ်တော်နာယက ကကြေညာခဲ့သည်။

မြန်မာနိုင်ငံ၏ နဝမမြောက် နိုင်ငံတော်သမ္မတ ဦးထင်ကျော်သည် သမ္မတတာဝန်မှ မတ် ၂၁ ရက်တွင် နှုတ်ထွက်သွားသောကြောင့် သမ္မတနေရာမှာ လစ်လပ်လျက်ရှိသဖြင့် ယခုကဲ့သို့ ပြန်လည်ရွေးချယ်တင်မြှောက်ခြင်းဖြစ်သည်။

ဦးဝင်းမြင့်သည် ၁၉၅၁ ခုနှစ် နိုဝင်ဘာ ၈ ရက်တွင် ဧရာဝတီတိုင်းဒေသကြီး ဓနုဖြုမြို့နယ် ညောင်ချောင်းကျေးရွာ၌ မွေးဖွားခဲ့ခြင်းဖြစ်ပြီး ရန်ကုန်ဝိဇ္ဖာနှင့် သိပ္ပံတက္ကသိုလ်မှ B.SC(Geology)ဘွဲ့ရရှိခဲ့ကာ နောက်ပိုင်းတွင် H.G.P.,R.L ထပ်မံရရှိခဲ့၍ ၁၉၈၅ ခုနှစ်မှစတင်ပြီး အထက်တန်းတရားလွှတ်တော်ရှေ့နေအဖြစ် လုပ်ကိုင်ခဲ့သည်။

ထို့နောက် ဦးဝင်းမြင့်သည် နိုင်ငံရေး လောကတွင် အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်ပါတီသို့ ဝင်ရောက်လှုပ်ရှားဆောင်ရွက်မှုများကြောင့် ဖမ်းဆီးထိန်းသိမ်းခံခဲ့ရပြီး အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်တွင် ဓနုဖြူမြို့နယ် စည်းရုံးရေးအဖွဲ့၏ အတွင်းရေးမှူး၊ ဧရာဝတီတိုင်းစည်းရုံးရေးအဖွဲ့အတွင်းရေးမှူး၊ ဗဟိုအလုပ်အမှုဆောင်အဖွဲ့ဝင် စသည်ဖြင့် အဆင့်ဆင့်သော ပါတီတာဝန်များကို ထမ်းဆောင်ခဲ့ပြီး လက်ရှိတွင် ပါတီဗဟိုအလုပ်အမှုဆောင်အဖွဲ့ ၊ အတွင်းရေးမှူးအဖွဲ့ဝင်အဖြစ် တာဝန်ထမ်းဆောင်လျက် ရှိသည်။

၂၀၁၂ ခုနှစ် ကြားဖြတ်ရွေးကောက်ပွဲတွင် ဦးဝင်းမြင့်သည် အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်ပါတီကိုယ်စားပြု၍ ပုသိမ်မဲဆန္ဒနယ်မှ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်အဖြစ် ရွေးကောက်ခံခဲ့ရသည်။

၂၀၁၅ ခုနှစ် အထွေထွေ ရွေးကောက်ပွဲတွင် ဦးဝင်းမြင့်သည် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီ ကိုယ်စားပြု၍ တာမွေ မဲဆန္ဒနယ်မှ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်အဖြစ် ထပ်မံရွေးချယ်ခံရပြီး ဒုတိယအကြိမ်ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ အဖြစ်ရွေးချယ်ခံခဲ့ရကာ ၂၀၁၈ ခုနှစ် မတ် ၂၁ ရက်တွင် ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌတာဝန်မှ နုတ်ထွက်ခဲ့သည်။

ယင်းနောက် ရွေးကောက်ခံ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်များအစုအဖွဲ့က ဦးဝင်းမြင့်အား ဒုတိယသမ္မတအဖြစ် ရွေးချယ်ခဲ့ပြီး ယခုအခါ နိုင်ငံတော်သမ္မတအဖြစ် ရွေးချယ်တင်မြှောက်ခံရခြင်း ဖြစ်သည်။

Most Read

Most Recent