ရခိုင်ပြည်နယ် ကျောက်တော်မြို့နယ်တွင် ကလေးငယ်နှစ်ဦး ရေနစ်သေဆုံးမှု ဖြစ်ပွား

ရခိုင်ပြည်နယ် ကျောက်တော်မြို့နယ်တွင် ကလေးငယ်နှစ်ဦး ရေနစ်သေဆုံးမှု ဖြစ်ပွား
Published 28 March 2018

ရခိုင်ပြည်နယ်၊ ကျောက်တော်မြို့နယ်၊ ဂုပ္ပီထောင့်ကျေးရွာတွင် ကလေးငယ်နှစ်ဦး ရေနစ်သေဆုံးမှုဖြစ်ရပ် မတ် ၂၇ ရက် မွန်းလွဲပိုင်းက ဖြစ်ပွားခဲ့ကြောင်း သိရသည်။

အဆိုပါ ကလေးငယ်နှစ်ဦးသည် နံနက်ပိုင်းက မိဘများနှင့်အတူ ရှင်ပြုပွဲသို့ သွားရောက်ခဲ့ကြောင်း၊ ယင်းမှ အိမ်သို့ပြန်လည်ရောက်ရှိလာခဲ့ပြီးနောက် အနီးရှိ ကုလားတန်မြစ်သို့ ရေဆင်းချိုးနေစဉ် ရေနစ်သေဆုံးခြင်းဖြစ်ကာ ရွာသားများမှ လိုက်လံရှာဖွေသဖြင့် အလောင်းအား ပြန်လည်တွေ့ရှိခဲ့ကြောင်းနှင့် အပေါက်ဝဆေးရုံသို့ ပို့ဆောင်ကာ စစ်ဆေးမှုများကို လုပ်ဆောင်လျက်ရှိကြောင်း၊ ဦးလှစိန်အောင်၏ သမီးများဖြစ်ကြောင်းလည်း ကျေးရွာအုပ်ချုပ်ရေးမှူးထံမှ သိရသည်။

ယင်းနှင့်ပတ်သက်ပြီး ကျေးရွာအုပ်ချုပ်ရေးမှူး ဦးကျော်စိန်လှက “ကလေးတွေက မနက်ပိုင်းမှာ ရှင်ပြုပွဲကိုသွားသေးတယ်။ အဲဒီကပြန်လာတော့ ကလေးအငယ်မလေးက ချောင်းထဲမှာဆင်းပြီး ရေကစားတယ်။ ရေချိုးတယ်ပေါ့။ အိမ်ကလည်း ချောင်းနဲ့နီးတော့ လွယ်လင့်တကူ ရေဆင်းချိုးလို့ရတဲ့ အနေအထားမှာရှိတယ်။ အဲဒီမှာ ရေနစ်သွားတယ်။ ညီမရေနစ်တော့ အစ်မဖြစ်သူက ဆင်းပြီးကူးတယ်။ အဲဒီမှာ နှစ်ယောက်စလုံးမြုပ်သွားတာပါပဲ။ အကြီးမလေးက ၁၃ နှစ်ပေါ့။ အငယ်မလေးက ၁၀ နှစ်လောက် ဖြစ်မယ်ထင်တယ်၊ အခုအလောင်းတွေနဲ့အတူ ကျွန်တော်တို့က အပေါက်ဝဆေးရုံကို ရောက်နေကြပါတယ်” ဟုပြောကြားသည်။

ကလေးနှစ်ဦး၏ အလောင်းအား ရွာသို့ပြန်လည်သယ်ယူနိုင်ရေးအတွက် ဆေးရုံတွင် စစ်ဆေးချက်များကို ပြုလုပ်နေကြောင်းနှင့် ခွင့်ပြုချက်ရပါက ပြန်လည်ယူဆောင်သွားမည်ဖြစ်ကြောင်းလည်း သိရသည်။

Most Read

Most Recent