သြင်္ကန်သံချပ်ပါ စာသားကြောင့် နိုင်ငံတော် အကြည်ညို ပျက်စေမှု ပုဒ်မ ၅၀၅ (ခ) ဖြင့် ဖမ်းဆီးခံရသူ ကိုအောင်ထက်အား တောင်ငူမြို့နယ် တရားရုံးက အာမခံပေး

သြင်္ကန်သံချပ်ပါ စာသားကြောင့် နိုင်ငံတော် အကြည်ညို ပျက်စေမှု ပုဒ်မ ၅၀၅ (ခ) ဖြင့် ဖမ်းဆီးခံရသူ ကိုအောင်ထက်အား တောင်ငူမြို့နယ် တရားရုံးက အာမခံပေး
Published 16 August 2017

ပုဒ်မ ၅၀၅ (ခ)ဖြင့် ဖမ်းဆီးခံထားရသူ ကိုအောင်ထက်အား တောင်ငူမြို့နယ် တရားရုံးသို့ ရုံးထုတ်လာစဉ် (ဓာတ်ပုံ-ဇော်ဝင်းချစ်)

သြင်္ကန်သံချပ်ပါ စာသားများကြောင့် တောင်ပိုင်းတိုင်း စစ်ဌာနချုပ်မှ ဒုတိယဗိုလ်မှူးကြီး တစ်ဦးက တရားလိုလုပ်ကာ အမှုဖွင့်၍ နိုင်ငံတော် အကြည်အညိုပျက်စေမှု ပုဒ်မ ၅၀၅ (ခ)ဖြင့် ဖမ်းဆီးခံထားရသူ တောင်ငူမြို့ ကေတုအိုးေ၀ တော်လှန်သံချပ်အဖွဲ့မှ ဦးဆောင်သူ ကိုအောင်ထက်အား တောင်ငူမြို့နယ် တရားရုံးမှာ သြဂုတ် ၁၅ ရက် ရုံးချိန်းတွင် အာမခံ ပေးလိုက်ကြောင်း သိရသည်။

“ရှင်းရှင်းပြောရရင်တော့ ဒီအာမခံပေးတာတွေ လျှောက်တာတွေကတော့ ၅၀၅ (ခ)ကတော့ ပေးခွင့်မရှိဘူး။ ဒါပေမဲ့ ကျွန်တော့် ရှေ့နေတွေက သူတို့ရဲ့ကြိုးစားမှုကြောင့် အာမခံရလာတယ်။ သူတို့ဆွဲထားတဲ့အပေါ် မှာအချိန်မရွေးလည်း သူတို့က အာမခံသိမ်းခွင့်ရှိနေတယ်။ ဘယ်အချိန်သူတို့အာမခံရုပ် ဖို့အတွက် ခရိုင်တွေမြို့နယ်တွေ အဆင့်တက်မယ်ဆိုတာ မသိဘူး။ အဲဒီအပေါ်ပဲ မူတည်တယ်။ ကျွန်တော်ကတော့ ကျွန်တော့်ဘက်က မှန်တဲ့အတွက် အဆုံးထိ ရင်ဆိုင်သွားမှာပဲ။ ၅၀၅ (ခ)ကတော့ လိုသုံးပုဒ်မပဲ။ ဒီ ၂၀၀၈ ဖွဲ့စည်းပုံနဲ့ ပတ်သက်လို့ကတော့ ၅၀၅ (ခ) က တော့ သူတို့လိုသုံးပဲ၊ အဲဒီပုဒ်မကတော့ လုံး၀ မရှိသင့်တဲ့ပုဒ်မပဲ” ဟု အာမခံဖြင့်ပြန်လွတ်လာသော ကိုအောင်ထက်က ပြောကြားသည်။

၂၀၁၇ ခုနှစ် ဧပြီ ၁၃ ရက် သြင်္ကန်အကြိုနေ့၌ တောင်ငူခရိုင် ဗကသအဖွဲ့မှ ဗစ်တာ (ခ) ဝေယံသိန်းနှင့် ကိုအောင်ထက် ၃၇ နှစ် (ဘ)ဦးဖုန်းမောင် ၁၃ ရပ်ကွက်၊ တောင်ငူမြို့နေသူနှစ်ဦး၊ ဦးဆောင်သော “ဝ/၁၀ မျိုးဆက်သစ် ဗကသကျောင်းသားလူငယ် အင်အားစု ကေတုအိုးေ၀ တော်လှန်ရေးသံချပ်” အဖွဲ့အင်အား ၁၅ ဦးခန့်တို့မှ တောင်ငူမြို့ပေါ်ရှိ ဖျော်ဖြေရေးမဏ္ဍပ်များတွင် သံချပ်ပါ စာသားဖျော်ဖြေမှုနှင့် ပတ်သက်၍ တောင်ပိုင်းတိုင်း စစ်ဌာနချုပ်မှ ဒုတိယဗိုလ်မှူးကြီး ထွန်းမင်းအောင် ဦးစီးအရာရှိ (ပထမတန်း)စစ်ရေးက ဇွန် ၁၉ ရက်က တောင်ငူမြို့နယ် တရားရုံးတွင် တရားလိုလုပ် တိုင်တန်းခဲ့ပြီးနောက် တောင်ငူမြို့နယ်တရားရုံးမှ ရာကြီးမှု အမှတ် (၂၄၅၄/၂၀၁၇) ဖြင့် လက်ခံစစ်ဆေးခဲ့သည်။

ထိုသို့လက်ခံစစ်ဆေးခဲ့ပြီးနောက် ရာဇသတ်ကြီးပုဒ်မ ၅၀၅(ခ) ကိုကျူးလွန်ကြောင်းနှင့် စွဲချက်ရှိသည်ကို ထုချေရှင်းလင်းရန် သြဂုတ် ၁ ရက်တွင် တရားရုံးသို့ ဆင့်ခေါ်ခဲ့ရာ ကိုဗစ်တာမှာ တရားရုံးသို့ လာရောက်ခဲ့ခြင်း မရှိပဲ တရားရုံးသို့ လာရောက်ခဲ့သည့် ကိုအောင်ထက် တစ်ဦးထဲအား၊ ပုဒ်မ၅၀၅ (ခ)မှာ အာမခံပေး၍မရသော အမှုဖြစ်သည်ဟုဆိုကာ သြဂုတ် ၁ ရက်တွင် ဖမ်းဆီးခဲ့သည်။ ထိုသို့ဖမ်းဆီးခဲ့ပြီးနောက် ဒုတိယအကြိမ်ရုံးချိန်း သြဂုတ် ၁၅ ရက် မွန်းလွဲ ၁ နာရီခွဲခန့်တွင် ကိုအောင်ထက်အား အာမခံပေးခဲ့ခြင်းဖြစ်သည်။

နိုင်ငံတော် အကြည်ညိုပျက်စေမှု ပုဒ်မ ၅၀၅ (ခ) ဖြင့် ဖမ်းဆီးခံရသူ ကိုအောင်ထက်အား သြဂုတ် ၁၅ ရက် ရုံးထုတ်ချိန်တွင် ရန်ကုန်၊ မန္တလေး၊ ပဲခူး၊ တောင်ငူတို့မှ ဗကသကျောင်းသားများနှင့် မန္တလေးမြို့မှ နိုင်ငံရေး အကျဉ်းသားဟောင်း အချို့တို့မှ လာရောက် ဝန်းရံအားပေးခဲ့ကြပြီး ကိုအောင်ထက်အား ရဲအချုပ်ကားဖြင့် တရားရုံးအချုပ်သို့ ခေါ်ဆောင်လာစဉ်နှင့် တရားရုံးသို့ ရုံးထုတ်စဉ်တွင် ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေအား အနီရောင် ကြက်ခြေခတ်ထားသော စတစ်ကာများကပ်၍ သွေးသစ္စာသီချင်းများ သံပြိုင်သီဆိုခြင်း၊ ကိုအောင်ထက်အား လွှတ်ပေးရန်ဟူသော ဗီနိုင်ဆိုင်းဘုတ်များ ကိုင်ဆောင်ခဲ့ကြကြောင်း သိရသည်။

Most Read

Most Recent