ရန်ကုန်-မော်လမြိုင်၊ ရန်ကုန်-ကျိုက်ထို-ကင်မွန်းစခန်း (ကျိုက်ထီးရိုး) ရထားခရီးစဉ်တို့ကို လေအေးစက်ပါ ဂျပန်တွဲဖြင့် ဌာနနှင့် အကျိုးတူ ပူးပေါင်းပြေးဆွဲရန် တင်ပြထားပြီး မေလအတွင်း စမ်းသပ်ပြေးဆွဲမည်

ရန်ကုန်-မော်လမြိုင်၊ ရန်ကုန်-ကျိုက်ထို-ကင်မွန်းစခန်း (ကျိုက်ထီးရိုး) ရထားခရီးစဉ်တို့ကို လေအေးစက်ပါ ဂျပန်တွဲဖြင့် ဌာနနှင့် အကျိုးတူ ပူးပေါင်းပြေးဆွဲရန် တင်ပြထားပြီး မေလအတွင်း စမ်းသပ်ပြေးဆွဲမည်
Published 28 March 2018

သီလဝါဆိပ်ကမ်းသို့ ရောက်ရှိနေသော လေအေးစက်ပါဂျပန်တွဲကို တွေ့ရစဉ်

မော်လမြိုင်-ရန်ကုန် ရထားလမ်းပိုင်းတွင် လေအေးစက်ပါ ဂျပန်တွဲဖြင့် ကျပ်သိန်းပေါင်း နှစ်သောင်းခွဲ ရင်းနှီးမြှုပ်နှံကာ ရန်ကုန်-ကျိုက်ထို-ကင်မွန်းစခန်း(ကျိုက်ထီးရိုး)၊ ကျိုက်ထို-မော်လမြိုင်ခရီးစဉ်တို့ကို မြန်မာ့မီးရထားနှင့် အကျိုးတူ ပူးပေါင်းပြေးဆွဲရန်၊ ကျိုက်ထိုဘူတာရှေ့ မြေငှားရမ်းမှုတို့ကို မွန်ပြည်နယ် အစိုးရ၏ ထောက်ခံချက်ဖြင့် မြန်မာ့မီးရထားရုံးချုပ်သို့ တင်ပြခဲ့ပြီး စမ်းသပ်ပြေးဆွဲမှုကို လာမည့်မေလအတွင်း စတင်မည်ဖြစ်ကြောင်း မြန်မာပြည်ဟိန်းမွန် ကုမ္ပဏီမှ သိရသည်။

“ကျွန်တော်တို့ ကုမ္ပဏီက ရင်းနှီးမှုငွေ ကျပ်သိန်းနှစ်သောင်းခွဲနဲ့ ဂျပန် West Corporation ကုမ္ပဏီကနေ Aircon RBE ရထား ၁၈ တွဲဝယ်တာ၊ သီလဝါဆိပ်ကမ်းကို ရောက်ရှိနေပါပြီ။ မြန်မာ့မီးရထားက သတ်မှတ်ထားတဲ့ စည်းကမ်းတွေနဲ့ အကျိုးတူပူးပေါင်းပြီး ရန်ကုန်-ကျိုက်ထို-ကင်မွန်းစခန်း (ကျိုက်ထီး ရိုးဘုရားဖူး) ခရီးစဉ်၊ ရန်ကုန်-ကျိုက်ထို-မော် လမြိုင်(အသွား-အပြန်) ခရီးစဉ်တို့ကို အချိန်တို၊ သက်သက်သာ စီးနိုင်ဖို့ မှန်းထားပါတယ်၊ ရန်ကုန်-မော်လမြိုင် ကိုးချောင်းဆက်လမ်း လုပ်နေတာ အခု ဘီးလင်းသိမ်ဆိပ်ထိ ရောက်နေပြီ၊ ဒီနှစ်ထဲမှ မော်လမြိုင် ရောက်ပါမယ်၊ လမ်းပြီးတဲ့ ရန်ကုန်-ကျိုက်ထို-ကင်မွန်းစခန်း (ကျိုက်ထီးရိုး) ကို မေလလောက်မှာစမ်းပြီး ပြေးဆွဲပါမယ်၊ အဲဒီတွက်ကျိုက်ထို ဘူတာမှာ လိုအပ်မယ့် နားနေဆောင်၊ ရပ်နားစခန်း၊ တည်းခိုခန်းအတွက် မြေနှစ်ဧက မြေငှားဖို့၊ ပူးပေါင်းပြေးဆွဲခွင့်ရဖို့ မြန်မာ့မီးရထားရုံးချုပ် (နေပြည်တော်)ကို မွန်ပြည်နယ်အစိုးရ ထောက်ခံချက်နဲ့ မတ် ၂၀ ရက်က တင်ပြထားပါတယ်” ဟု ဦးဝင်းထိန် (အုပ်ချုပ်မှု ဒါရိုက်တာ မြန်မာပြည်ဟိန်းမွန် ကုမ္ပဏီလီမိတက်) က ပြောကြားသည်။

စမ်းသပ်ပြေးမှု (Survey) ပြုလုပ်ရာတွင် ကုန်ကျမည့် စက်သုံးဆီ၊ ခရီးစဉ်လိုက်ကြာချိန်၊ မြေပြင်ပြေးဆွဲမှု အခြေနေတို့ပေါ် မူတည်၍ လက်မှတ်ဈေးနှုန်း၊ မော်လမြိုင်-ရန်ကုန်မြို့တွင်းကို ခြောက်နာရီခန့်နှင့် ရောက်ရှိရန် ရည်မှန်းထားပြီး မှန်လုံအဝေးပြေး ယာဉ်လိုင်းများထက် ကုန်ကျငွေ မများစေဘဲ အောင်မင်္ဂလာအဝေးပြေး ကားဝင်းမှ ရန်ကုန်မြို့တွင်းသို့ သွားရမည့်အချိန် လျော့နည်းကာ ငွေသက်သာမှု၊ ရထား၏ သက်သာချောင်ချိစွာ စီးနင်းလိုက်ပါမှုတို့ကို ရထားစီး ခရီးသည်များအတွက် မျှော်မှန်းထားကြောင်း ဦးဝင်းထိန်က ဆက်လက် ပြောကြားသည်။

မှန်လုံအဝေးပြေးကား စီးရာတွင် အသက်ကြီးသူများ အနေနှင့် အပေါ့ပါး အခက်အခဲ၊ လေအေးစက်ဒဏ် မခံနိုင်မှု၊ အောင်မင်္ဂလာ အဝေးပြေးဝင်းမှ မြို့ထဲသို့ ထပ်မံကုန်ကျမည့် ငွေကြေး၊ အချိန်သက်သာမှုရှိခြင်း၊ အချိန်မရွေး စားသောက်နိုင်ခြင်းတို့ကြောင့် ရထားကို စီးလိုကြောင်း၊ သို့သော် ရထား၏တုန်ခါမှု၊ လမ်းပိုင်းအားနည်းမှု၊ ရထားလက်မှတ် ဝယ်ယူရာတွင် ကျပ်စွန်းအပေါ် အပြည့်ပေးနေရမှု၊ ဘူတာရုံသို့ အခေါက်အခါခါ သွားနေရခြင်း၊ ညပိုင်းရထားတွင် သထုံတွင်အကြာကြီးရပ်ကာ မရမ်းချောင်စစ်ဆေးရေး ဂိတ်ရှောင်ကုန်တင်ချိန် ကြန့်ကြာမှုတို့ကို၊ ကြပ်မတ်လိုက်ပြီး အချိန်မှန်ဆိုက်ရောက်ပါက ရထားကို စီးလိုကြောင်း မော်လမြိုင်မြို့ခံ အငြိမ်းစားတစ်ဦးက ဆိုသည်။

မော်လမြိုင်-ရန်ကုန် မီးရထားလမ်းပိုင်း -၁၇၆ မိုင်ကို ၁၉၀၅ ခုနှစ်က ပြေးဆွဲပြီး လက်ရှိ-၃၆၊ ၉၀အစုန် (မော်လမြိုင်-ရန်ကုန်)၊ ၁၇၆ အစုန်(ထားဝယ်-ရန်ကုန်) နှင့် ၈၉၊ ၃၅ အဆန်(ရန်ကုန်-မော်လမြိုင်)၊ ၁၇၅အဆန် (ရန်ကုန်-ထားဝယ်)တို့ ပြေးဆွဲလျက်ရှိရာ ပြေးဆွဲချိန် ရှစ်နာရီခွဲခန့်ကြာပြီး အထူးတန်း လက်မှတ်ခသည် မှန်လုံယာဉ်ကားခနှင့် တူညီပြီး အချိန်မရွေး စီးနင်းနိုင်မှုကြောင့် ရန်ကုန်-မော်လမြိုင် ခရီးသွားများသည် ရထားကို စီးနင်းမှု နည်းပါးကြောင်း သိရသည်။

 

Most Read

Most Recent