w ငပလီကမ်းခြေ Public Area အများပြည်သူပိုင်မြေနေရာတွင် ဈေးဆိုင်ခန်းများဆောက်လုပ်ပြီး ဈေးရောင်းချမှုကြောင့် အပန်းဖြေသူများ နားခိုစရာနေရာ အခက်အခဲဖြစ်နေ - Eleven Media Group <

ငပလီကမ်းခြေ Public Area အများပြည်သူပိုင်မြေနေရာတွင် ဈေးဆိုင်ခန်းများဆောက်လုပ်ပြီး ဈေးရောင်းချမှုကြောင့် အပန်းဖြေသူများ နားခိုစရာနေရာ အခက်အခဲဖြစ်နေ

ရခိုင်ပြည်နယ် သံတွဲမြို့နယ် ငပလီမြို့ ငပလီကမ်းခြေ Public Area အများပြည်သူပိုင်မြေနေရာတွင် ဈေးဆိုင်ခန်းများ ဆောက်လုပ်ပြီး ဈေးရောင်းချမှုများကြောင့် လာရောက်အပန်းဖြေသူများ အပန်းဖြေနေရာ အခက်အခဲဖြစ်နေကြောင်း သိရသည်။

ငပလီကမ်းခြေ Public Area နှင့်ပတ်သက်၍ ၂၀၁၇ ခုနှစ် နိုဝင်ဘာလပိုင်းက ပြည်နယ်အစိုးရ၏ အစည်းအဝေးဆုံးဖြတ်ချက်အရ ငပလီကမ်းခြေ အများပြည်သူပိုင်ဆိုင်သည့်နေရာတွင် ဆောက်လုပ်ရောင်းချနေသည့် ဈေးဆိုင်ခန်းများအား ဖျက်သိမ်းပေးရန် ညွန်ကြားစာသုံးကြိမ်တိုင် ထုတ်ပြန်ထားပြီးဖြစ်သော်လည်း လိုက်နာမှုမရှိဘဲ ယနေ့အထိ ဖျက်သိမ်းဖယ်ရှားပေးခြင်းမရှိသဖြင့် Public Area နှင့်ပတ်သက်ပြီး ထုတ်ပြန်ချက်မှာ သက်ရောက်မှုမရှိသလို အစိုးရတစ်ရပ်အနေဖြင့် အကောင်အထည်ဖော် ဆောင်ရွက်နိုင်ခြင်းမရှိသဖြင့် အများပြည်သူ လာရောက်အပန်းဖြေမည့်နေရာ အခက်အခဲဖြစ်ပေါ်နေခြင်းဖြစ်ကြောင်း သံတွဲခရိုင် တောင်သူလယ်သမားသမဂ္ဂဥက္ကဋ္ဌက ပြောကြားသည်။

“ကျွန်တော်တို့က Public ကို Public အတိုင်းဖြစ်ဖို့အတွက်ကို လူပေါင်း ၂၀၀ ကျော်လောက် ကျွန်တော်တို့ ရခိုင်ပြည်နယ်အစိုးရဆီမှာ တရားဝင်လက်မှတ်ထိုးပြီး စာတင်ခဲ့တယ်။ အဲဒီလိုစာတင်တဲ့အချိန်မှာ ရခိုင်ပြည်နယ်အစိုးရက ၃၀-၁၁-၂၀၁၇ နေ့ကနေစပြီးတော့ သူတို့က ဒီ Public မှာရှိတဲ့ ဆိုင်ခန်းတွေကို ဖျက်သိမ်းဖို့ဆိုပြီးတော့ ရခိုင်ပြည်နယ်အစိုးရကနေ မြို့နယ်အဆင့်ကို စာထုတ်ပြန်ခဲ့တယ်။ ဒါပေမဲ့ ဒီနေ့ဒီအချိန်အထိ ၂၀၁၈ အခု သုံးလပိုင်းရောက်လာပြီ။ အကောင်အထည်ဖော် ဆောင်ရွက်ခြင်းမရှိဘူး။ ဒီလိုဆောင်ရွက်တာဟာ ရခိုင်ပြည်နယ်အစိုးရမှာပဲ အာဏာမရှိတာလား။ ဒေသမှာရှိတဲ့ ဒေသခံအာဏာပိုင်အဖွဲ့အစည်းထဲက မလိုက်နာနိုင်တာလား။ ဒေသမှာရှိတဲ့ အာဏာပိုင်အဖွဲ့အစည်းတွေကလည်း ဒီနေရာမှာရှိတဲ့ စီးပွားရေးလုပ်ငန်းရှင် ခရိုနီတွေကို မကျော်လွှားနိုင်တာလားဆိုတာကို ကျွန်တော်တို့က အဖြေသုံးချက်သွားတွေ့တယ်။ အဲဒီတော့ အစိုးရတစ်ရပ်အနေနဲ့ ဒီကိစ္စအသေးအဖွဲလေးတစ်ခုကိုတောင်မှ မဖြေရှင်းနိုင်ဘူးဆိုရင် ကျွန်တော်တို့ နိုင်ငံရေးအရ အုပ်ချုပ်နေတဲ့အစိုးရသည် ဘယ်လိုဟာမျိုးကိုကိုင်တွယ်ပြီး ဖြေရှင်းသွားမှာလဲ” ဟု သံတွဲခရိုင် တောင်သူလယ်သမားသမဂ္ဂဥက္ကဋ္ဌ ဦးညီလေးက ဆိုသည်။

ငပလီမြို့ ဇီးဖြူကုန်းရပ်ကွက် Public Area အတွင်း ဆောက်လုပ်ရောင်းချနေသည့် ဈေးဆိုင်ခန်းများကို ရခိုင်ပြည်နယ် လယ်ယာစီမံခန့်ခွဲမှု အဖွဲ့အစည်းအဝေး ဆုံးဖြတ်ချက်အတိုင်း Public မြေဧရိယာအဖြစ်ထားရှိရန် နို့တစ်စာသုံးကြိမ်ထုတ်ပြီး ဖယ်ရှားပေးရန် ညွန်ကြားထားသော်လည်း လိုက်နာမှုမရှိသဖြင့် ပြန်လည်တင်ပြထားကြောင်း ငပလီမြို့အုပ်ချုပ်ရေးမှူး ဦးကျော်သူလှိုင်က ပြောကြားသည်။

“အုပ်ချုပ်ရေးကရော၊ စည်ပင်ကရော ဆောက်ပေးတာမဟုတ်ဘူး။ သူတို့သဘောနဲ့ သူတို့ဆောက်တဲ့ဟာ။ ခွင့်ပြုချက်လည်းမယူဘူး။ ပြီးရင် စည်ပင်ခွင့်ပြုချက်လည်းမရှိဘူး။ အစိုးရအဖွဲ့က တရားဝင်ခွင့်ပြုချက်မလာ၊ ခွင့်ပြုချက်မရှိဘဲ သူတို့နည်း သူတို့ဟန်နဲ့ ဆောက်တဲ့ဟာကို။ ကျွန်တော် တင်ပြထားတယ်။ နို့တစ်သုံးခါထွက်တယ်။ သုံးခါထွက်လည်း မဖယ်သွားဘူး။ မဖယ်တဲ့အကြောင်းအရာကို ဘယ်နေ့ဘယ်ရက်ကနေ ဘယ်နေ့ဘယ်ရက်အထိ ဖယ်ရှားပေးပါဆိုပြီး ကျွန်တော်တို့ လက်မှတ်ထိုးထားတယ်။ လိုက်နာမှုမရှိတဲ့အတွက် ကျွန်တော်တို့က ညွန်ကြားချက်ပြန်ပြီး နာခံရမှာဖြစ်တဲ့အတွက် အပေါ်ကိုတင်ပြထားတယ်” ဟု ငပလီမြို့အုပ်ချုပ်ရေးမှူး ဦးကျော်သူလှိုင်က ပြောကြားသည်။

အဆိုပါဈေးဆိုင်ခန်းများ ဖျက်သိမ်းဖယ်ရှားပေးရန် ဒေသခံပြည်သူ ၇၀ ကျော်က ၂၀၁၇ ခုနှစ် ဖေဖော်ဝါရီ ၂၇ ရက်က ဆန္ဒထုတ်ဖော် တောင်းဆိုခဲ့ခြင်းကြောင့် ရခိုင်ပြည်နယ် မြေယာစီမံခန့်ခွဲမှုအဖွဲ့ အစည်းအဝေးအမှတ်စဉ် (၃/၂၀၁၇) ဆုံးဖြတ်ချက်အပိုဒ် (၇) အပုဒ်ခွဲ (ဇ) အရ မူလရည်ရွယ်ချက်အတိုင်း Public မြေဧရိအဖြစ် ထားရှိသွားမည်ဖြစ်ပြီး လက်ရှိဆောက်လုပ်ရောင်းချနေသည့် ဆိုင်ခန်းများမှာ ပြည်နယ်အစိုးရအပါအ၀င် မြို့နယ်သက်ဆိုင်ရာအဖွဲ့အစည်းများ၏ ခွင့်ပြုချက်မရှိဘဲ ဆောက်လုပ်ရောင်းချနေခြင်းဖြစ်ကြောင်း သိရသည်။

“၁၁ လပိုင်းလောက်ကတော့ ဖျက်သိမ်းရဖို့ဆိုပြီး ကျွန်တော်တို့ဆီကို စာရောက်ပါ တယ်။ စာရောက်တဲ့အခါ ကျွန်တော်တို့ကလည်း ဒီမှာဆိုင်အဆောက်အအုံဆောက်တဲ့အခါ ကုန်ကျမှုတွေ၊ နစ်နာတွေ၊ ဆိုင်ခန်းဖိုးတောင် မကျေသေးတဲ့အတွက် အဲဒါကြောင့် ကျွန်တော်တို့ ပြည်နယ်အစိုးရကို အသနားခံစာတင်ထားတယ်” ဟု ဈေးဆိုင်ခန်းပိုင်ရှင်တစ်ဦးဖြစ်သူ ကိုသန်းရွှေမောင်က ဆိုသည်။

ငပလီမြို့ ငပလီကမ်းခြေဧရိယာအတွင်း အများပြည်သူပိုင် အပန်းဖြေနေရာ နှစ်ခုအနက် ဇီးဖြူကုန်းရပ်ကွက်ရှိ အများပြည်သူပိုင်နေရာတစ်ခုကို ဒေသခံအချို့ ကိုယ်ကျိုးစီးပွားအတွက် ဈေးဆိုင်ခန်းများ ဆောက်လုပ်ပြီး ဈေးရောင်းချမှုကြောင့် ပြည်တွင်းပြည်ပမှ လာရောက်အပန်းဖြေသူများ နားခိုစရာနေရာ အခက်အခဲဖြစ်ပေါ်နေခြင်းကြောင့် Public Area အတွင်း ကျူးကျော်ဆောက်လုပ်ရောင်းချနေသည့် ဈေးဆိုင်ခန်းများအား ဖယ်ရှားပေးရေး ဆန္ဒဖော်ထုတ်မှုတစ်ကြိမ်နှင့် သတင်းစာရှင်းလင်းပွဲနှစ်ကြိမ် ပြုလုပ်တောင်းဆိုပြီးဖြစ်ကြောင်း သိရသည်။

March 27, 2018














Copy Protected by Chetan's WP-Copyprotect.