<

ကချင်ပြည်နယ် ဖားကန့်တွင် ကျပ်သိန်းပေါင်း ၂၄၀၀ တန်ဖိုးရှိ မူးယစ်ဆေးဝါးများ ဖမ်းမိ

ကချင်ပြည်နယ် ဖားကန့်တွင် ကျပ်သိန်းပေါင်း ၂၄၀၀ တန်ဖိုးရှိ မူးယစ်ဆေးဝါးများကို မတ် ၂၆ ရက်က ဖမ်းဆီးခဲ့ကြောင်း သိရသည်။

မိုးညှင်းအခြေစိုက် မူးယစ်တပ်စု (၃) မှ ရဲအုပ်နိုင်ဝင်း ဦးစီးအဖွဲ့နှင့် ဖားကန့် (ဆိပ်မူ) ရဲကင်းစခန်းမှ ရဲအုပ်အောင်ဇင်ကျော်တို့ ပူးပေါင်းပါဝင်သည့်အဖွဲ့သည် ဖားကန့်မြို့နယ် ဆိပ်မူကျေးရွာအုပ်စု ဘွန်နန်ကျေးရွာအနီး ဆိုင်းအောင်-ဘွန်နန်သွား ကားလမ်းပေါ်တွင် စောင့်ဆိုင်းနေစဉ် အိုက်ပလောင်း(ခ)ဇော်ကလန်း မောင်းနှင်လာသည့် ဆိုင်ကယ်ကို ရပ်တန့်စစ်ဆေးရာ စိတ်ကြွဆေးပြား ၁၈၀၀ (ကာလတန်ဖိုး ကျပ်သိန်း ၉၀) နှင့် လက်ကိုင်ဖုန်းတစ်လုံးဖမ်းမိကာ ဖားကန့်မြို့မရဲစခန်းတွင် မယ (ပ) ၆၆၊ မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေသော ဥပဒေပုဒ်မ ၁၉(က)၊ ၂၁ ဖြင့် အမှုဖွင့်အရေးယူခဲ့သည်။

ယင်းဖြစ်စဉ်နှင့်ပတ်သက်၍ ကွင်းဆက်များကို စစ်မေးရာတွင် (၁၉ နှစ်) အရွယ်ရှိ ဦးမိုစန်းလျို၏ သားဖြစ်သူ ရဝေအောင် (ခ) လီအားချန်သည် ဖားကန့်မြို့နယ် ဆိပ်မူကျေးရွာတံတားအနီးတွင် မူးယစ်ဆေးဝါးများ လာရောက်ပို့ဆောင်မည်ဖြစ်ကြောင်း သိရသဖြင့် ဆိပ်မူကျေးရွာဘက်မှ ရဝေအောင် (ခ) လီအားချန် မောင်းနှင်လာသော ဆိုင်ကယ်ကို ရပ်တန့်စစ်ဆေးရာ စိတ်ကြွဆေးပြား ၁၂၀၀၀ (ကာလတန်ဖိုး ကျပ်သိန်းပေါင်း ၆၀၀) နှင့် လက်ကိုင်ဖုန်းတို့ကို ဖမ်းဆီးမိပြီး နေအိမ်အား ဆက်လက်ရှာဖွေရာ စိတ်ကြွဆေးပြား ၃၂၀၀၀ (ကာလတန်ဖိုး ကျပ်သိန်းပေါင်း ၁၆၀၀)၊ ဘိန်းဖြူအလေးချိန် ၁၁၀ ဂရမ်ခန့် (ကျပ်သိန်းပေါင်း ၁၁၀) ကို ရှာဖွေတွေ့ရှိကာ ဖားကန့်မြို့မရဲစခန်းတွင် မယ (ပ) ၆၇/၂၀၁၈၊ မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေသော ဥပဒေပုဒ် ၁၉ (က) ဖြင့် အမှုဖွင့်ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

ယင်းဖြစ်စဉ်နှင့်ပတ်သက်၍ မိုးညှင်းမူးယစ်တပ်ဖွဲ့စု ၃ မှ ဒုရဲမှူး အောင်ဆွေဦးက “အခုဖြစ်စဉ်ကတော့ ဆိုင်ကယ်နဲ့သယ်တာကနေတစ်ဆင့် မိတာပေါ့။ အခုဖြစ်စဉ်ကတော့ ပမာဏများတယ်လို့ ပြောလို့ရပါတယ်။ ရှမ်းပြည်မြောက်ပိုင်းက မန္တလေးလမ်းကြောင်းအတိုင်း ရောက်လာတာပါ။ မိုးကောင်းလမ်းနဲ့ အင်းတော်ကြီးလမ်းပိုင်းကတော့ အခွင့်သာတဲ့နေရာကနေ သယ်ကြတဲ့သဘောပါ။ အစစ်အဆေးများရင် ရှောင်နေတာပေါ။ လက်ကြီးတွေအများကြီးမိရင် ဖားကန့်လိုနေရာမျိုးက ဆေးရှာရခက်သွားတဲ့အထိ ရှိပါတယ်။ ဖမ်းမိတဲ့တရားခံတွေ ရဲထွက်ဆိုချက်တွေအရ ဖော်ထုတ်နေတာတွေ ရှိပါတယ်” ဟုဆိုသည်။

ကချင်ပြည်နယ်အတွင်းသို့ ၀င်ရောက်လာသော မူးယစ်ဆေးဝါးလမ်းကြောင်း ခြောက်ခုရှိပြီး ယင်းတို့မှာ ဘိန်းဖြူ၊ ဘိန်းမည်း၊ စိတ်ကြွဆေးပြားများမှာ ရှမ်းပြည်နယ် ကွတ်ခိုင်-နန်းခမ်း-ဗန်းမော်-၀ိုင်းမော်-မြစ်ကြီးနား-ဖားကန့်လမ်းကြောင်း၊ လွယ်ဂျယ်-ဗန်းမော်- ၀ိုင်းမော်-မြစ်ကြီးနား-ဖားကန့်လမ်းကြောင်း၊ ရှမ်းပြည်နယ်နှင့် မန္တလေးတိုင်းမှ ၀င်ရောက်လာသည့် မူးယစ်ဆေးဝါးများမှာ စစ်ကိုင်းတိုင်း အင်းတော်မြို့ကိုဖြတ်၍ မိုးညှင်း-မိုးကောင်း-ဖားကန့်လမ်းကြောင်း၊ မူဆယ်မြို့မှ တရုတ်ပြည် ရွှေလီကိုကူး၍ ရွှေလီ-ကန်ပိုင်တည်-၀ိုင်းမော်-မြစ်ကြီးနား-ဖားကန့်လမ်းကြောင်း၊ ဘိန်းစိမ်းအများစုသယ်သည့် ချင်းတွင်းအထက် ဟုမ္မလင်း -ဆယ်ဇင်း-တာမခံ-ဖားကန့်လမ်းကြောင်း၊ ဆဒုံး-၀ိုင်းမော်-မြစ်ကြီးနား-ဖားကန့်လမ်းကြောင်းတို့ဖြစ်သည်။

၂၀၁၇ ခုနှစ် ဇန်န၀ါရီ ၁ ရက်မှ ဒီဇင်ဘာ ၁၂ ရက်အထိ အမှုပေါင်း ၃၂၅၀၊ တရားခံ ကျား ၃၇၆၆ ဦး၊ မ ၅၃၀ နှင့် စုစုပေါင်း ၄၂၉၆ ဦးအထိ စံချိန်တင်ဖမ်းဆီးနိုင်ခဲ့သည်။

ကချင်ပြည်နယ်တွင် ၂၀၁၂ ခုနှစ်တွင် မူးယစ်ဆေးဝါးအမှု ၁၁၃၈ မှု (တရားခံ ၁၆၉၆ ဦး)၊ ၂၀၁၃ ခုနှစ်တွင် ၁၅၀၂ မှု (တရားခံ ၂၂၉၉ ဦး)၊ ၂၀၁၄ ခုနှစ်တွင် အမှုပေါင်း ၁၈၉၀ (တရားခံ ကျား ၂၃၆၅ ဦး၊ မ ၃၈၄ ဦး စုစုပေါင်း ၂၇၄၉ ဦး)၊ ၂၀၁၅ ခုနှစ်တွင် အမှုပေါင်း ၁၆၇၁ မှု၊ (တရားခံ ကျား ၁၈၄၇ ဦး မ ၂၉၅ ဦး စုစုပေါင်း ၂၁၄၂ ဦး)၊ ၂၀၁၆ ခုနှစ်တွင် ၁၅၂၉မှု၊ (တရားခံပေါင်း ၂၀၉၀) တို့ကို အရေးယူခဲ့ကြောင်း သိရသည်။

 

March 27, 2018














Copy Protected by Chetan's WP-Copyprotect.