တစ်ကမ္ဘာလုံးရှိ အရှားပါးဆုံး လိပ်မျိုးစိတ် ၂၅ မျိုးတွင်ပါဝင်သော မြန်မာ့လိပ်မျိုးစိတ် သုံးမျိုးကို အရေးကြီး ထိန်းသိမ်းစောင့်ရှောက်မှုများ ပြုလုပ်

တစ်ကမ္ဘာလုံးရှိ အရှားပါးဆုံး လိပ်မျိုးစိတ် ၂၅ မျိုးတွင်ပါဝင်သော မြန်မာ့လိပ်မျိုးစိတ် သုံးမျိုးကို အရေးကြီး ထိန်းသိမ်းစောင့်ရှောက်မှုများ ပြုလုပ်
Published 28 March 2018

အရှားပါးဆုံးလိပ်မျိုးစိတ် ၂၅ မျိုးတွင် ပါဝင်သော မြန်မာ့လိပ်မျိုးစိတ်များကို ထိန်းသိမ်းစောင့်ရှောက်မှုများ ပြုလုပ်စဥ ်(ဓာတ်ပုံ- WCS Myanmar)

တစ်ကမ္ဘာလုံးရှိ အရှားပါးဆုံး လိပ်မျိုးစိတ် ၂၅ မျိုးတွင် ပါဝင်သော မြန်မာ့လိပ်မျိုးစိတ် သုံးမျိုးကို အရေးကြီး ထိန်းသိမ်းစောင့်ရှောက်မှုများ ပြုလုပ်နေကြောင်း သိရသည်။

“ဒီလိပ်မျိုးစိတ် သုံးမျိုးက ကမ္ဘာပေါ်က အရှားပါးဆုံး လိပ်မျိုးစိတ် ၂၅ မျိုးမှာပါနေတာပေါ့။ မြန်မာ့ကြယ်လိပ်ဆိုရင် ၁၉၉၉-၂၀၀၀ ခုနှစ်လောက်မှာ တရုတ်ပြည်ကို တရားမဝင် တင်ပို့ရောင်းချတာ အရမ်းများခဲ့တော့ သဘာဝတောထဲမှာ လုံးဝမကျန်သလောက်နီးပါးကို မျိုးသုဉ်းသွားတယ်။ ၂၀၀၁-၂၀၀၂ ခုနှစ်လောက်မှာ လုံးဝကို မျိုးပြုတ်သွားတာ။ ဒါပေမဲ့ ၂၀၁၀ ပြည့်နှစ်လောက်က စပြီးတော့ အခုဒီဘက် ခုနစ်နှစ်၊ ရှစ်နှစ်ကို သားပေါက်နှုန်း အရမ်းကောင်းတော့ မြန်မာတစ်နိုင်ငံလုံးမှာ မြန်မာ့ကြယ်လိပ်အကောင်ရေ ၁၀၀၀၀ ကျော် ဖြစ်လာပြီ။ ၂၀၁၃ ခုနှစ်ကစပြီး ၂၀၁၈ ခုနှစ်အထိ သဘာဝတောထဲကို ပြန်လွှတ်ပေးနိုင်တဲ့ အကောင်ရေ ၂၂၀၀ ရှိပြီး တိုက်လိပ်ကတော့ ချင်းတွင်း မြစ်ထဲမှာ သဘာဝအတိုင်း နှစ်စဉ်လာဥနေတဲ့ လိပ်မကြီးတွေက ငါးကောင်လောက်ပဲရှိတယ်။ အဲဒီ ငါးကောင်ကနေ ဥချတဲ့ ဥကျင်းတွေ တစ်နှစ်ကို ခုနစ်ကျင်းလောက်ရတယ်။ အဲဒီဥတွေကို ၂၀၀၆ ခုနှစ်လောက်ကစပြီး ထမံသီဘေးမဲ့တော ဝန်ထမ်းတွေနဲ့ပေါင်းပြီး သောင်ပြင်တွေမှာ လိပ်ဥတွေကို ထိန်းသိမ်းစောင့်ရှောက်ပြီး သားဖောက်ပေးတယ်။ အခုဆိုရင် မြန်မာနိုင်ငံမှာ တိုက်လိပ် အကောင်ရေ ၈၀၀ ကျော် ရှိနေပြီ။ သဘာဝထဲကို ပြန်လွှတ်ပေးတာ အကောင်ရေ ၉၇ ကောင် ပြန်လွှတ်ပေးနိုင်ပြီ။ မြန်မာ့တိုက်လိပ်ဟာဆိုရင် ကမ္ဘာပေါ်မှာ ဒုတိယအရှားပါးဆုံး ငါးကောင်ပဲ  ကျန်တာကနေ  အခုလို အကောင်ရေ ၉၀၀ နီးပါး ပြန်ဖြစ်လာအောင် ထိန်းသိမ်းရတာပေါ့။ ရခိုင်တောင်လိပ်က ရှားတော့ရှားတယ်။ ဒါပေမယ့် မျိုးတုန်းလုနီး အခြေအနေတော့ မရောက်သေးဘူး။ သဘာ၀ တောထဲမှာ ရှိနေတုန်းပေါ့။ ရှားပါးစာရင်းဝင်ဖြစ်လို့ သဘာဝတောထဲမှာ သူတို့တွေ နေထိုင်ကျက်စားမှုကို ထိန်းသိမ်းကာကွယ်ရေး အဓိက လုပ်ပေးနေတယ်” ဟု လိပ်မျိုးဆက် ရှင်သန်ရေးအဖွဲ့မှ ဒါရိုက်တာ ဒေါက်တာဒေါ်ကလျာက ပြောကြားသည်။

 

Most Read

Most Recent