မန္တလေးမြို့ ကျုံးတောင်ဘက်ရှိ စတီးလက်ရန်းအကာနှင့် LED မီးသီးများ အသုံးပြုထားမှုအပေါ် ဘေးကင်းလုံခြုံမှုနှင့် အရည်အသွေးပိုင်းအား ကျွမ်းကျင်သူများ ဝေဖန်လျက်ရှိ

မန္တလေးမြို့ ကျုံးတောင်ဘက်ရှိ စတီးလက်ရန်းအကာနှင့် LED မီးသီးများ အသုံးပြုထားမှုအပေါ် ဘေးကင်းလုံခြုံမှုနှင့် အရည်အသွေးပိုင်းအား ကျွမ်းကျင်သူများ ဝေဖန်လျက်ရှိ
Published 28 March 2018

ကျုံးတောင်ဘက်ရှိ စတီးလက်ရန်း အကာများကို တွေ့ရစဉ်

မန္တလေးမြို့ ကျုံးတောင်ဘက်ရှိ စတီးလက်ရန်းအကာနှင့် LED မီးသီးများ အသုံးပြုထားမှုအပေါ် ဘေးကင်းလုံခြုံမှုနှင့် အရည်အသွေးပိုင်းအား ကျွမ်းကျင်သူများ ဝေဖန်လျက်ရှိကြောင်း သိရသည်။

စတီး (Stainless Steel) အား Grade 202၊ 304 နှင့် 316 ဟူ၍ ဂရိတ်သုံးမျိုး ခွဲခြားထားပြီး Grade 202 မှာ ဈေးအနိမ့်ဆုံးနှင့် အရည်အသွေး အညံ့ဆုံးဖြစ်ကြောင်း၊ Grade 202 အား လေလုံမိုးလုံ အရိပ်ရှိသော နေရာများတွင်သာ အသုံးပြုရန် ထုတ်လုပ်ထားခြင်းဖြစ်ပြီး အပြင်တွင် သုံးမည်ဆိုပါက Grade 304 ကိုသာ အသုံးပြုရမည် ဖြစ်ကြောင်း၊ ယခုကျုံးဘေးတွင် သုံးထားသည့် စတီးပစ္စည်းများမှာ တရုတ်မှလာသော Grade 202 အဆင့် စတီးချောင်းများဖြစ်ပြီး အရည်အသွေးညံ့သော စတီးချောင်းများ ဖြစ်နေကြောင်း ဦးတင်ယုက ပြောကြားသည်။

“အခု ကျုံးဘေးမှာသုံးတဲ့ စတီးလက်ရန်းအကာတွေက တရုတ်ကလာတဲ့ ပစ္စည်းတွေဖြစ်ပြီး တရုတ်ပြည်မကြီး ဘက်ကလာတဲ့ စတီးမဟုတ်ဘဲ နယ်စပ်မြို့တွေဖြစ်တဲ့ ခွေးမှင် (ကူမင်းမြို့) ဘက်ကလာတဲ့ အရည်အသွေးညံ့တဲ့ စတီးတွေ ဖြစ်နေတယ်။ နောက်တစ်ခုက သူ့ရဲ့အထူက တော်တော်ပါးပါတယ်။ ဒီလိုမျိုး အများပြည်သူ သွားလာတဲ့နေရာမှာ တစ်ခုခုနဲ့ ထိခိုက်တာကြောင့် မပိန်၊ မရှုံ့အောင်ဖြစ်ဖို့ဆိုရင် သူ့ရဲ့အထူက အနိမ့်ဆုံး ၁ ဒသမ ၅ မီလီမီတာ အထူရှိတာကို သုံးရမှာဖြစ်ပေမယ့် အခုသူတို့သုံးတာထားက ၁ မီလီမီတာပဲ ရှိတယ်။ တစ်ခုခုနဲ့ ဆောင့်မိတာမျိုး၊ ရိုက်မိတာမျိုးဖြစ်ရင် ပိန်သွားနိုင်တယ်။ ရေရှည်မခံဘူးပေါ့ဗျာ။ အရည်အသွေးကောင်းတဲ့ စတီးကို အစကတည်းက သုံးလိုက်ရင် နှစ်ဆယ်ချီခံပါတယ်။ အခု ကျုံးဘေးစတီး လက်ရန်းကတော့ ဘယ်အချိန်လောက်ထိ ခံမလဲဆိုတာ စောင့်ကြည့်ရမှာပေါ့။ စည်ပင်အနေနဲ့ တတ်ကျွမ်းတဲ့ ပညာရှင်တွေနဲ့ တိုင်ပင်ပြီးမှ လုပ်ရင်ပိုကောင်းပါတယ်။ ယိုးဒယားလုပ်ဆိုရင် သူတို့က အာမခံ တစ်ခါတည်းပေးတယ်။ ဒီတရုတ်ပစ္စည်းကတော့ ဘာအာမခံမှ မပါပါဘူး။ နောက်တစ်ခုက အခုကျုံးဘေးလက်ရန်း ဒီဇိုင်းက အရွယ်ငယ်တဲ့ ကလေးတွေဆို အောက်ကနေ ငုံ့ထွက်သွားလို့ရတယ်။ ဒါက  အန္တရာယ်ရှိတယ်။ အလျားလိုက်သုံးမယ့်အစား ဒေါင်လိုက်သုံးတာက ပိုအန္တရာယ်ကင်းမှာဖြစ်ပါတယ်။ အခုလုပ်ထားတဲ့ပုံစံက အကာအရံ လောက်ပဲရှိတယ်။ ဘေးမကင်းသလို ရေရှည်ခံဖို့လည်း ခဲယဉ်းမယ်လို့ မြင်ပါတယ်” ဟု ဦးတင်ယုက ပြောကြားသည်။

ဘတ်ဂျက်ပိုငွေမှတစ်ဆင့် ကျုံးပတ်ဝန်းကျင် စတီးလက်ရန်းများတွင် ဈေးသက်သာသော LED Strip Light (LED မီးတန်းရှည်များ) များ တပ်ဆင်ထားကြောင်း တွေ့ရပြီး အဆိုပါ LED Strip Light များ၏ ဈေးနှုန်းသည် ပေတစ်ရာလျှင် ကျပ်နှစ်သောင်းသာ ကုန်ကျသည်ဟု မြို့တော်ဝန်က ၎င်း၏ Facebook အကောင့်တွင် ဖော်ပြထားသည့်အတွက် ဈေးနှုန်းချိုသာ လွန်းနေသောကြောင့် အရည်အသွေးပိုင်းကို သံသယဝင်မိကြောင်း လျှပ်စစ်အင်ဂျင်နီယာ တစ်ဦးဖြစ်သူ ဦးညီက ပြောကြားသည်။

“LED Strip Light တပ်မယ်ဆိုရင် သတိထားရမည့် အချက်တွေ အများကြီးရှိပါတယ်။ ဒီမီးတွေက ပြင်ပမိုးထဲရေထဲမှာ တပ်ဆင်ရတာ ဖြစ်တဲ့အတွက် ရာသီဥတုဒဏ်ခံနိုင်ဖို့ အများကြီး အရေးကြီးပါတယ်။ နိုင်ငံတကာမှာတော့ ဒါမျိုးတပ်မယ်ဆိုရင် ရေလုံအောင်လုပ်တဲ့ IP နှုန်း 65 ကို အနိမ့်ဆုံးထား တပ်ရပါတယ်။ စင်ကာပူမှာဆိုရင် IP 65 ရှိတဲ့ LED မီးတန်း ၁၅ ပေအရှည်တပ်မယ်ဆိုရင် ခြောက်သောင်းခွဲလောက် ကုန်ပါတယ်။ ဒီမှာက ပေတစ်ရာမှ နှစ်သောင်းဆိုတော့ ဘယ်လိုအရည်အသွေးမျိုးရှိတဲ့ LED မီးတန်းဖြစ်မလဲ ဆိုတာ တော်တော်သံသယဖြစ်ဖို့ ကောင်းပါတယ်။ နောက်တစ်ခုကတော့ ဒီလိုမီးတွေကို တပ်ဆင်ရာမှာ လူအများ အလွယ်တကူ ထိကိုင်လို့ရတဲ့ မြင်သာတဲ့တပ်ဆင်မှုမျိုး (Exposed Installation) ကို ရှောင်ကြဉ်ရသလို Up-Light Position (မျက်လုံးကို တိုက်ရိုက်အလင်းရောက်စေခြင်း) ကိုလည်း ရှောင်ကြဉ်ရပါတယ်။ Concealed Installation (လူများ မမြင်သာပဲ အလင်းပေးစေခြင်း) ကိုပဲ သုံးပြီး လက်ရန်းမှာ တစ်ခါတည်း ထည့်သွင်းမြှုပ်နံှနည်းနဲ့ တပ်ဆင်ရမှာ ဖြစ်ပါတယ်။ လက်ရန်းတွေစပြီး ဒီဇိုင်းထုတ်ကတည်းက တစ်ခါတည်း ထည့်သွင်းလုပ်ဆောင်ရတာဖြစ်ပြီး နောက်မှ လိုက်လုပ်မယ် ဆိုရင်တော့ အကုန်အကျ ပိုများပါတယ်။ ဒီလို ပြင်ပလူအများနဲ့ ထိတွေ့နေတဲ့နေရာ (Public Area) တွေမှာ လျှပ်စစ်လို  သေစေလောက်အောင် အန္တရာယ်များတဲ့ ကိစ္စမျိုးကို ငါ့မှာပိုက်ဆံ ဘယ်လောက်ပိုတယ်ကွာ ဒါနဲ့ရအောင်လုပ်မယ် ဆိုတာမျိုးထက် စပြီးမလုပ်ခင်ကတည်းက ကြိုတင်ပြီး သက်ဆိုင်ရာ နယ်ပယ်မှာ ကျွမ်းကျင်တဲ့ပညာရှင် (အမှန်တကယ်ပညာရှင်) တွေကို သေသေချာချာ တိုင်ပင်ပြီးမှ လုပ်သင့်တယ်လို့ အကြံပေးချင်ပါတယ်” ဟု ဦးညီက ပြောကြားသည်။

မန်းသီတာဥယျာဉ်အား မူလအစက မန်းစည်ပင်မှ တာဝန်ယူ တည်ဆောက်ရန် စီစဉ်ထားသော်လည်း တပ်မတော်က တာဝန်ယူ တည်ဆောက်သွားမည် ဆိုသဖြင့် ဥယျာဉ်တည်ဆောက်ရန် ရရှိသော ဘတ်ဂျက်ငွေအား ကျုံးလက်ရန်း ကာရံခြင်းနှင့် ပလက်ဖောင်း ပြုပြင်ရန်အတွက် ပြောင်းလဲသုံးစွဲလိုက်ခြင်း ဖြစ်ကြောင်း မန်းစည်ပင်မှ သတင်းထုတ်ပြန်ထားပြီး အဆိုပါ စတီးလက်ရန်းများ ကာရံခြင်းကိစ္စနှင့် စပ်လျဉ်း၍ မန္တလေးမြို့တော် စည်ပင်သာယာရေး ကော်မတီသို့ သွားရောက်မေးမြန်းသော်လည်း မြို့တော်ဝန်မှာ အစည်းအဝေးများ တက်ရောက်နေသောကြောင့် မေးမြန်းခွင့်မရခဲ့ပေ။

Most Read

Most Recent