အိန္ဒိယနိုင်ငံ၌ တပ်မတော် (ရေ) မှ ဆင်ဖြူရှင် ဖရီးဂိတ်နှင့် ကမ်းလွန်ကင်းလှည့်ရေယာဉ် အင်းလေး ပါဝင်သည့် မြန်မာ-အိန္ဒိယ ရေတပ်လေ့ကျင့်ခန်း ၂၀၁၈ (IMNEX-18) ပြုလုပ်နေ

အိန္ဒိယနိုင်ငံ၌ တပ်မတော် (ရေ) မှ ဆင်ဖြူရှင် ဖရီးဂိတ်နှင့် ကမ်းလွန်ကင်းလှည့်ရေယာဉ် အင်းလေး ပါဝင်သည့် မြန်မာ-အိန္ဒိယ ရေတပ်လေ့ကျင့်ခန်း ၂၀၁၈ (IMNEX-18) ပြုလုပ်နေ
Published 27 March 2018

တပ်မတော် (ရေ) မှ ဆင်ဖြူရှင် ဖရီးဂိတ် နှင့် ကမ်းလွန်ကင်းလှည့်ရေယာဉ် အင်းလေး တို့ ပါဝင်လေ့ကျင့်နေသည့် မြန်မာ-အိန္ဒိယ ရေတပ်လေ့ကျင့်ခန်း ၂၀၁၈ India and Myanmar Navy Exercise 2018 (IMNEX-18) ကို အိန္ဒိယနိုင်ငံ Vishakhapatnam ဆိပ်ကမ်းမြို့၌ ပြုလုပ်နေပြီဖြစ်ကြောင်း အိန္ဒိယသတင်းဌာနများတွင် ဖော်ပြမှုအရ သိရသည်။

Indiatoday သတင်းဌာန အပါအဝင် အိန္ဒိယသတင်းဌာနများ၌ ဖော်ပြမှုအရ မြန်မာ-အိန္ဒိယ ရေတပ် လေ့ကျင့်ခန်း ၂၀၁၈ (IMNEX-18) လေ့ကျင့်မှုတွင် အဆင့်နှစ်ဆင့် ပါဝင်မည်ဖြစ်ပြီး ပထမအဆင့်ဖြစ်သည့် ဆိပ်ကမ်းအဆင့် လေ့ကျင့်မှုကို Vishakhapatnam  ဆိပ်ကမ်းမြို့၌ မတ် ၂၅ ရက်မှ ၃၀ ရက်အထိ လေ့ကျင့်မည်ဖြစ်ကြောင်း သိရသည်။

ဒုတိယအဆင့် လေ့ကျင့်ခန်းဖြစ်သည့် ပင်လယ်ပြင်စစ်ရေးလေ့ကျင့်မှုကိုမူ မတ် ၃၁ ရက်မှ ဧပြီ ၃ ရက် အထိ လေ့ကျင့်မည်ဖြစ်ပြီး အိန္ဒိယနိုင်ငံ အရှေ့ဘက်ကမ်းရိုးတန်းတစ်လျှောက်တွင် လေ့ကျင့်မည်ဟု သတင်းများတွင် ဖော်ပြထားသည်။

တပ်မတော် (ရေ) မှ အဆိုပါ စစ်ရေယာဉ် နှစ်စင်းအနေဖြင့် မတ် ၆ ရက်မှ ၁၃ ရက်အထိ အိန္ဒိယနိုင်ငံ ပို့ဘလဲယားဆိပ်ကမ်းတွင် ပြုလုပ်ခဲ့သည့် MILANO -18 ရေတပ် လေ့ကျင့်ခန်း အစီအစဉ်တွင်လည်း ပါဝင်လေ့ကျင့်ခဲ့ပြီး ယင်းလေ့ကျင့်မှုတွင် အိန္ဒိယရေတပ် အပါအဝင် နိုင်ငံပေါင်း ၁၆ နိုင်ငံမှ စစ်ရေယာဉ် ၂၈ စင်း ပူးပေါင်းလေ့ကျင့်ခဲ့ကြောင်း သိရသည်။

ယခုပြုလုပ်နေသည့် မြန်မာ-အိန္ဒိယ ရေတပ်လေ့ကျင့်ခန်း ၂၀၁၈ အနေဖြင့် နှစ်နိုင်ငံ ရေတပ်များအကြား ဆိပ်ကမ်းနှင့် ပင်လယ်ပြင်နှစ်ခုလုံးတွင် ပရော်ဖက်ရှင်နယ်  အပြန်အလှန်ဆက်ဆံမှု အားကောင်းလာစေရန် ရည်ရွယ်ထားသည်။

ယခုလေ့ကျင့်မှုသည် ရေတပ်နှစ်တပ်ကြား ပူးတွဲစစ်ဆင်ရေး စွမ်းရည်များရရှိနိုင်မည့် လုပ်ငန်းစဉ်ကို စတင်ခြင်းဖြစ်သည်။

မြန်မာ-အိန္ဒိယ  ရေတပ်လေ့ကျင့်ခန်း ၂၀၁၈ တွင် တပ်မတော် (ရေ) မှ ပြည်တွင်းထုတ် စစ်ရေယာဉ် များဖြစ်သည့် ဆင်ဖြူရှင် ဖရီးဂိတ်နှင့် ကမ်းလွန်ကင်းလှည့်ရေယာဉ် အင်းလေးတို့ပါဝင်ပြီး အိန္ဒိယရေတပ်မှလည်း Stealth စစ်ရေယာဉ်များဖြစ်သည့် ရေငုပ်သင်္ဘောတိုက်ဖျက်ရေး ဖရီးဂိတ်စစ်ရေယာဉ် INS Sahyadri ၊ ကော်ဗက်စစ်ရေယာဉ် INS Kamorta တို့အပြင် Chetak ရဟတ်ယာဉ်တစ်စီး၊ တန်းမြင့်အမောင်းသင် Hawk ဂျက်လေယာဉ်နှစ်စင်းနှင့် ရေငုပ်သင်္ဘောတစ်စင်း တို့ ပါဝင်လေ့ကျင့်မည်ဖြစ်သည်။

ယခုရေတပ်လေ့ကျင့်ခန်း ပထမအဆင့် ဆိပ်ကမ်းလေ့ကျင့်မှုတွင် လေ့ကျင့်ခန်းတစ်ခုလုံး၌ပါဝင်သည့် လေ့ကျင့်မှုများကို ရှင်းလင်းတင်ပြခြင်း၊ လက်တွေ့သရုပ်ပြခြင်း၊ ပညာရပ်ပိုင်းဆိုင်ရာ ဆွေးနွေးခြင်း၊ အပြန်အလှန် ဆက်သွယ်ခြင်း၊ ရေတပ်များအကြား ဆိပ်ကမ်းများ အပြန်အလှန် လည်ပတ်နိုင်ရန် စီစဉ်ခြင်းနှင့် အားကစားလေ့ကျင့်ခန်းများ ပါဝင်ကြောင်း သိရသည်။

ဒုတိယအဆင့် ဖြစ်သည့် ပင်လယ်ပြင်လေ့ကျင့်ရေးတွင် စစ်ရေယာဉ်စု၏ လှုပ်ရှားစစ်ကစားမှုများ၊ လက်နက်ပစ်ခတ်မှုများ နှင့် ရေငုပ်သင်္ဘောတိုက်ဖျက်ရေး ပူးတွဲလေ့ကျင့်မှုများ အပါအဝင် ရှုပ်ထွေးသော စစ်ဆင်ရေးများ ပါဝင်မည်ဟု သိရသည်။

တပ်မတော် (ရေ) အနေဖြင့် ပင်လယ်ပြင် စစ်ရေးလေ့ကျင့်ခန်း Sea Shield များကို ၂၀၁၄ ခုနှစ်မှစ၍ မြန်မာ့ပင်လယ်ပြင်တွင် နှစ်စဉ်လေ့ကျင့်လာခဲ့သည့်အပြင် ၂၀၁၇ နှစ်ကုန်ပိုင်းကလည်း တရုတ်ရေတပ်မှ ဖရီးဂိတ် စစ်ရေယာဉ်နှစ်စင်းဖြင့်  မြန်မာ့ပင်လယ်ပြင်တွင် ရေတပ်ပူးပေါင်းလေ့ကျင့်ခန်း ပြုလုပ်ခဲ့ကြောင်း သတင်းထုတ်ပြန်မှုများအရ သိရသည်။

 

 

Most Read

Most Recent