မကွေးတိုင်းရှိ ဆီထွက်သီးနှံ သိုလှောင်ရုံ၊ ပွဲရုံ၊ ဂိုဒေါင်၊ ဆီစက်များရှိ ဆီများ၊ မြေပဲဆန်၊ နှမ်းဆန်၊ မြေပဲဖတ် နမူနာများအား FDA က စစ်ဆေးရာ နမူနာ ၁၁ မျိုးတွင် Aflatoxin မှိုအဆိပ်များ ပါဝင်ကြောင်း စစ်ဆေးတွေ့ရှိ

မကွေးတိုင်းရှိ ဆီထွက်သီးနှံ သိုလှောင်ရုံ၊ ပွဲရုံ၊ ဂိုဒေါင်၊ ဆီစက်များရှိ ဆီများ၊ မြေပဲဆန်၊ နှမ်းဆန်၊ မြေပဲဖတ် နမူနာများအား FDA က စစ်ဆေးရာ နမူနာ ၁၁ မျိုးတွင် Aflatoxin မှိုအဆိပ်များ ပါဝင်ကြောင်း စစ်ဆေးတွေ့ရှိ
Published 27 March 2018

မကွေးတိုင်းဒေသကြီးရှိ ဆီထွက်သီးနှံ သိုလှောင်ရုံများအား အစားအသောက်နှင့် ဆးဝါးကွပ်ကဲရေး ဦးစီးဌာနက စစ်ဆေးနေစဉ်

မကွေးတိုင်းဒေသကြီး အတွင်းရှိ မကွေး၊ ပခုက္ကူ၊ ပွင့်ဖြူ၊ အောင်လံ၊ ရေနံချောင်းမြို့များရှိ ဆီထွက်သီးနှံ သိုလှောင်ရုံ၊ ပွဲရုံ၊ ဂိုဒေါင်၊ ဆီစက်များရှိ ဆီများ၊ မြေပဲဆန်၊ နှမ်းဆန်၊ မြေပဲဖတ် နမူနာများအား မြန်မာနိုင်ငံ အစားအသောက်နှင့် ဆေးဝါးကွပ်ကဲရေး ဦးစီးဌာနက စီမံချက်ဖြင့် ရှောင်တခင် စစ်ဆေးခဲ့ရာ နမူနာ ၁၁ မျိုးတွင် အသည်းကင်ဆာ ဖြစ်စေသော Aflatoxin မှိုအဆိပ်များ ပါဝင်နေကြောင်း စစ်ဆေးတွေ့ရှိထားကြောင်း သိရသည်။

အဆိုပါ စစ်ဆေးမှုကို မကွေးတိုင်းဒေသကြီး အစားအသောက်နှင့် ဆေးဝါးကွပ်ကဲရေး ဦးစီးဌာနမှ ဦးဆောင်၍ ဆီစက်များအား From Farm to Fork Safety စီမံချက်အရ ရွေ့လျားဓာတ်ခွဲခန်းများဖြင့် စစ်ဆေးမှုများ ပြုလုပ်ခဲ့ခြင်း ဖြစ်ကြောင်းနှင့် စစ်ဆေးမှုတွင် နေပြည်တော်၊ အစားအသောက်နှင့် ဆေးဝါးကွပ်ကဲရေး ဦးစီးဌာနမှ ၁၀ ဦး၊ မကွေးတိုင်းဒေသကြီး၊ အစားအသောက်နှင့် ဆေးဝါးကွပ်ကဲရေး ဦးစီးဌာန အပါအဝင် ရန်ကုန်မြို့တော် စည်ပင်သာယာရေး ကော်မတီ၊ စားသုံးသူရေးရာ ဦးစီးဌာန၊ စိုက်ပျိုးရေးဦးစီးဌာန၊ စက်မှုကြီးကြပ်ရေးနှင့် စစ်ဆေးရေး ဦးစီးဌာနတို့မှလည်း ပါဝင်ကြောင်း သိရသည်။

ဆီနမူနာများ၊ မြေပဲဆံ၊ နှမ်းဆံ၊ မြေပဲဖတ်နှင့် နှမ်းဖတ်နမူနာ စုစုပေါင်း ၈၅ မျိုး စစ်ဆေးခဲ့ပြီး ယင်းတို့အနက် နမူနာ ၁၁ မျိုးတွင် Aflatoxin မှိုအဆိပ်များ ပါဝင်နေကြောင်းနှင့် မြန်မာနိုင်ငံ အစားအသောက်နှင့် ဆေးဝါးကွပ်ကဲရေး ဦးစီးဌာန အနေဖြင့် ဈေးကွက်အတွင်း ရောင်းချနေသော စားသုံးဆီ အမျိုးအစားအားလုံး၌ သက်ဆိုင်ရာဌာနများမှ ပေးထားသော ခွင့်ပြုချက်လိုင်စင်များကို ပုံနှိပ်စာလုံးဖြင့် ထည့်သွင်းဖော်ပြရမည်ဖြစ်ပြီး စည်းကမ်းသတ်မှတ်ချက်အတိုင်း လိုက်နာမှု မရှိပါက တရားမဝင် စားသုံးဆီအဖြစ် အရေးယူသွားမည် ဖြစ်ကြောင်း ကြေညာထားသည်။

Aflatoxin မှိုများအနက် Aflatoxin B1 အမျိုးအစားသည် အစားအစာများတွင် အများဆုံး တွေ့ရှိရပြီး အပြင်းထန်ဆုံးနှင့် ကင်ဆာဖြစ်စေနိုင်သော ဒြပ်ပေါင်းဖြစ်ကြောင်း၊ Aflatoxin မှိုဆိပ်သည် လူအများ စားသုံးသော အစားအစာများဖြစ်သည့် မြေပဲ၊ အခွံမာသော အစေ့အဆံများ၊ အခြောက်ခံထားသော အသီးများနှင့် အသုံးများသော ဟင်းခတ်အမွှေးအကြိုင်များဖြစ်သည့် အနက်ရောင်နှင့် အနီရောင်ရှိသော ငရုတ်ကောင်းစေ့များ၊ လေးညှင်းပွင့်၊ သစ်ကြံပိုးခေါက်များတွင် တွေ့ရှိရတတ်ကြောင်းနှင့် ဥရောပသမဂ္ဂ၏ သတ်မှတ်နှုန်းထားများအရ ဟင်းခတ်အမွှေးအကြိုင်များတွင် Aflatoxin မှို B1 ပါဝင်မှုကို 5 μgkg-1 အမြင့်ဆုံး ပမာဏအထိ လက်ခံနိုင်ကြောင်း သိရသည်။

နယ်စပ်မှ တင်သွင်းရောင်းချနေသည့် အရည်အသွေး မပြည့်မီသော စားသုံးဆီများ အပါအဝင် စံမညီ ပြည်တွင်းထုတ် မြေပဲဆီ အရောများကိုလည်း ပုံမှန်ဈေးကွက်ထောက်လှမ်း စောင့်ကြည့်စစ်ဆေး လျက်ရှိကြောင်း၊ ဈေးကွက်များတွင် ရောင်းချလျက်ရှိသော စားသုံးဆီ အမှတ်တံဆိပ်များမှာ မြေပဲဆီဟု ဖော်ပြထားသော်လည်း မြေပဲဆီအစစ်များ မဟုတ်ကြောင်း၊ မြေပဲဆီအမည်ခံ စားအုန်းဆီနှင့် အခြားစားသုံးဆီ အရောများ ဖြစ်ကြောင်းနှင့် ပြည်တွင်းထုတ် စားသုံးဆီများသာမက ပြည်ပနိုင်ငံများမှ တင်သွင်းသည့် စားသုံးဆီတံဆိပ် အချို့မှာလည်း အရည်အသွေး မပြည့်မီသော စားသုံးဆီများ ရှိနေခြင်းကြောင့် ဈေးကွက်ထောက်လှမ်း စောင့်ကြည့်စစ်ဆေးခြင်းကို တင်းတင်းကြပ်ကြပ် လုပ်ဆောင်နေခြင်းဖြစ်ကြောင်း မြန်မာနိုင်ငံ အစားအသောက်နှင့် ဆေးဝါးကွပ်ကဲရေး ဦးစီးဌာနမှ သိရသည်။

၂၀၁၆ ခုနှစ်အတွင်းက ပြည်တွင်းထုတ် မြေပဲဆီသန့်များကို စစ်ဆေးခဲ့ရာ စားအုန်းဆီများနှင့် စားသုံးဆီ အရောများ ထည့်သွင်းထားသည့် တံဆိပ် ၁၀ မျိုးကို ရောင်းချခွင့် ပိတ်သိမ်းခဲ့ပြီး ယင်းတံဆိပ် အမည်များမှာ ရွှေအိုး၊ ရွှေတော်ဝင်၊ Hi Plus၊ စိန်၊ ရွှေပဒေသာ၊ ကံသာမြင့်၊ Ruby (ပတ္တမြား)၊ သပြေ၊ မော်ကွန်းသစ်နှင့် စိန်မမ အမှတ်တံဆိပ်များ ဖြစ်ကြောင်း FDA က ထုတ်ပြန်ထားသည်။

 

Most Read

Most Recent