သြင်္ကန်အကြို လုံခြုံရေးအဖြစ် တနင်္သာရီတိုင်းဒေသကြီး မြို့အဝင်အထွက်ဂိတ်များတွင် ပိတ်ဆို့စစ်ဆေးမှုများ စတင်ဆောင်ရွက်ခိုင်းထားပြီး သြင်္ကန်ကာလအတွင်း CCTV များဖြင့် စောင့်ကြည့်အရေးယူမှုများ ဆောင်ရွက်သွားမည်

သြင်္ကန်အကြို လုံခြုံရေးအဖြစ် တနင်္သာရီတိုင်းဒေသကြီး မြို့အဝင်အထွက်ဂိတ်များတွင် ပိတ်ဆို့စစ်ဆေးမှုများ စတင်ဆောင်ရွက်ခိုင်းထားပြီး သြင်္ကန်ကာလအတွင်း CCTV များဖြင့် စောင့်ကြည့်အရေးယူမှုများ ဆောင်ရွက်သွားမည်
Published 27 March 2018

ပြီးခဲ့သည့်နှစ် ထားဝယ်သြင်္ကန်ပွဲတော် ကာလအတွင်း လုံခြုံရေး ဆောင်ရွက်နေမှုကို တွေ့ရစဉ်

မကြာမီ ကျင်းပရန်ရှိသည့် တနင်္သာရီတိုင်းဒေသကြီး၏ ၂၀၁၈ ခုနှစ် မဟာသြင်္ကန် ပွဲတော်အတွက် သြင်္ကန်အကြို လုံခြုံရေးအဖြစ် မြို့အဝင်အထွက်ဂိတ်များတွင် ပိတ်ဆို့စစ်ဆေးမှုများ စတင်ဆောင်ရွက် ခိုင်းထားပြီး သြင်္ကန်ကာလအတွင်း CCTV များဖြင့် စောင့်ကြည့်အရေးယူမှုများ ဆောင်ရွက်သွားမည် ဖြစ်ကြောင်း သိရသည်။

ယခုနှစ် မဟာသြင်္ကန်ပွဲတော်ကာလ မတိုင်မီ လုံခြုံရေးစီမံချက်အဖြစ် မတ်လ ဒုတိယပတ်မှစတင်၍ ရဲတပ်ဖွဲ့၊ ကညန၊ ပို့/ဆက်၊ စည်ပင်၊ မယက၊ မီးသတ်နှင့် ရပ်/ကျေးအုပ်ချုပ်ရေးမှူးများ ပါဝင်သည့် ပူးပေါင်းအဖွဲ့ဖြင့် မြို့အဝင်အထွက် နေရာများနှင့် အဓိကနေ ရာများတွင် ပိတ်ဆို့စစ်ဆေး ဖမ်းဆီးမှုများ ဆောင်ရွက်နေကြောင်း၊ သြင်္ကန်ကာလ အတွင်း၌လည်း ယခင်နှစ်ကဲ့သို့လုံခြုံရေးတင်းကျပ်စွာ ဆောင်ရွက်သွားမည်ဖြစ်ပြီး CCTV များဖြင့် စောင့်ကြည့်အရေးယူမှုများ ဆောင်ရွက်မည်ဖြစ်ကြောင်း တိုင်းဒေသကြီး ရဲတပ်ဖွဲ့မှူးထံမှ သိရသည်။

“သြင်္ကန်လုံခြုံရေးကတော့ မနှစ်ကလုပ်ထားတဲ့ အခြေခံရှိတယ်။ အဲဒီအပေါ်မှာ အခြေခံပြီးတော့ အချို့ကောင်းတာတွေရှိတယ်၊ အားနည်းချက် အားသာချက်တွေကို ပြင်တာရှိတယ်။ မနှစ်ကဟာကို အခြေခံပြီးလုပ်မယ်။ အခုပိတ်ဆို့ စစ်ဆေးတာတွေ စလုပ်ခိုင်းထားတယ်။ အဖွဲ့စုံနဲ့ အဓိကနေရာတွေမှာ ပိတ်ဆို့စစ်ဆေးတာတွေ စလုပ်နေတာပေါ့။ ပြီးတော့ လှည့်ကင်းတွေကို အတတ်နိုင်ဆုံး မိုးလင်းညဦးညလယ်ပေါ့။ အဲဒါကိုလှည့်ခိုင်းနေတယ်။ အဲဒါတွေကို ၁၀ မြို့နယ်စလုံး ဖိဖိစီးစီး လုပ်ခိုင်းထားတယ်။ ဒါက သြင်္ကန်အကြို လုံခြုံရေးပေါ့။ စီမံချက်အနေနဲ့ ပိတ်ဆို့စစ်တယ်၊ ဂိတ်တွေမှာလည်း သေသေချာချာ တိတိကျကျ စစ်ဆေးဖို့ကိုလည်း ထပ်ပြီးညွှန်ကြားထားတာရှိတယ်။ အဓိက,ကတော့ တုတ်၊ ဓား၊ လက်နက်တွေကို ရှာဖွေစစ်ဆေးတာ လုပ်ခိုင်းထားတယ်။ ပြီးတော့မှ မဏ္ဍပ်တွေက မနှစ်က အတိုင်းပဲလား၊ ဘယ်လိုဖြစ်မလဲဆိုတာ ပြန်ကြည့်မယ်။ မဏ္ဍပ်အလိုက် လုံခြုံရေးနဲ့ အားလုံးအတွက် လုံခြုံရေးပေါ့” ဟု တနင်္သာရီတိုင်းဒေသကြီး ရဲတပ်ဖွဲ့မှ ရဲမှူးကြီး နေမျိုးက ပြောကြားသည်။

လက်ရှိအချိန်တွင် သြင်္ကန်လုံခြုံရေးအဖြစ် ပိတ်ဆို့ရှာဖွေမှုများ ဆောင်ရွက်ရာ၌ ပုံစံမကျသည့် ယာဉ်များနှင့် ပါဝါအိတ်ဇောတပ် မောင်းနှင်မှုများကို စစ်ဆေးအရေးယူခိုင်းထားပြီး သြင်္ကန်ကာလအတွင်း ရောက်ရှိပါက ယခင်နှစ်ကဲ့သို့ မြို့အဝင်အထွက် ဂိတ်များနှင့် အဓိကနေရာတို့တွင် ပိတ်ဆို့စစ်ဆေးရှာဖွေမှုများ ဆောင်ရွက်သွားမည်ဖြစ်ကာ လူစည်ကားသည့် နေရာများတွင် လုံခြုံရေးပိုမို ချထားမည်ဖြစ်ကြောင်း သိရသည်။ ထို့ပြင် ထားဝယ်မြို့တွင်းရှိ မီးပွိုင့် ၁၁ ခုနှင့် မြို့အဝင်အထွက် အဓိက ခြောက်နေရာတို့တွင် ယခုလအတွင်း စတင်တပ်ဆင်နေသည့် CCTV ၄၄ လုံးနှင့် ယာဉ်နံပါတ်ပြားများပါ ရိုက်ကူးနိုင်သော အဆင့်မြင့်ကင်မရာ ရှစ်လုံး စုစုပေါင်း CCTV အလုံး ၅၀ ကျော်ဖြင့် အချိန်ပြည့်စောင့်ကြည့် ထိန်းချုပ်မှုများ ဆောင်ရွက်သွားမည်ဖြစ်ကာ ပြဿနာ တစ်စုံတစ်ရာ ဖြစ်ပွားပါက ယင်း CCTV များမှတစ်ဆင့် ချက်ချင်းအရေးယူနိုင်ရန် ဆောင်ရွက်သွားမည် ဖြစ်ကြောင်း၊ မဏ္ဍပ်များ၌လည်း CCTV များ တပ်ဆင်ခိုင်းထားပြီး လုံခြုံရေးအတွက် စောင့်ကြည့်မှုများ ဆောင်ရွက်သွားမည်ဟု သိရသည်။ ပြီးခဲ့သည့် ၂၀၁၇ ခုနှစ် သြင်္ကန်ကာလအတွင်းက ထားဝယ်မြို့ပေါ်ရှိ မဏ္ဍပ်ငါးခုရှိခဲ့ပြီး လူစည်ကားရာ နေရာများဖြစ်သည့် မောင်းမကန်ကမ်းခြေ၊ ရွှေတောင်စားစေတီ၊ ရွှေဝယ်သီရိ ကစားကွင်း စသည့်နေရာများတွင် လုံခြုံရေးတိုးမြှင့် ချထားခဲ့ကြောင်း၊ သြင်္ကန်မဏ္ဍပ်၊ မြို့တွင်း၊ လှည့်ကင်း၊ အရန်၊ အရေးကြီးပုဂ္ဂိုလ် လုံခြုံရေး စသည်ဖြင့် တာဝန်ချထား အသုံးပြုခဲ့သော ရဲတပ်ဖွဲ့ဝင်အင်အားမှာ ထားဝယ်ခရိုင်အတွက်၂၆၄ ဦး၊ မြိတ်ခရိုင်အတွက် ၁၄၆ ဦးနှင့် ကော့သောင်းခရိုင်အတွက် ၁၁၅ ဦး စုစုပေါင်း ရဲတပ်ဖွဲ့ဝင် အင်အား ၅၂၅ ဦး အသုံးပြုကာ လုံခြုံရေး ဆောင်ရွက်ခဲ့သည်ဟု သိရသည်။ လုံခြုံရေးတင်းကျပ်မှု အမြင့်ဆုံးဖြစ်ခဲ့သည့် ပြီးခဲ့သည့် ၂၀၁၇ ခုနှစ်သြင်္ကန်ပွဲတော် ကာလအတွင်း မှုခင်းဖြစ်ပွားမှု ၃၅ မှုရှိခဲ့ပြီး မြို့အဝင်အထွက်ဂိတ်များ၌ ဆိုင်ကယ်နှင့် ကားအစီးရေ ၅၀၀၀ ကျော်ကို သြင်္ကန်လုံခြုံရေး အနေဖြင့် စစ်ဆေးရှာဖွေခဲ့ရာတွင် ဓား ၅၈ လက်၊ သစ်သားတုတ် ၃၆ ခု၊ ကတ်ကြေး ၂၉ လက်၊ သံပိုက်၊ တုတ် ၁၉ လက်နှင့် အခြားလူကို အန္တရာယ်ဖြစ်စေနိုင်သည့် ပစ္စည်းများစွာ သိမ်းဆည်းရမိခဲ့သည့်အပြင် ပါဝါအိတ်ဇော ၄၂ ခုလည်း သိမ်းဆည်းရရှိခဲ့ကြောင်း၊ ယင်းအပြင် မြို့တော်ဖြစ်သည့် ထားဝယ်မြို့တွင် ရဲတပ်ဖွဲ့အင်အား ၃၀၀ ကျော်ဖြင့် မဏ္ဍပ်များတွင် ဗုံးရှာဖွေမှုနှင့် လုံခြုံရေး အများအပြားချထားပြီး လမ်းများတွင်လည်း လှည့်ကင်းများဖြင့် အချိန်ပြည့်ချထားခဲ့ကာ မောင်းမကန် ကမ်းခြေတွင်လည်း အနယ်အနယ်အရပ်ရပ်မှ ဘုရားဖူး အလည်အပတ် လာရောက်သူများနှင့် ရေကစားကြသူများ အထူးများပြားခဲ့သဖြင့် ရဲတပ်ဖွဲ့ဝင်များအပြင် ကယ်ဆယ်ရေး တပ်ဖွဲ့ဝင်များကိုပါ ချထားခဲ့ပြီး မတော်တဆ ဖြစ်ပွားပါက ကယ်တင်ရန် အသင့်အနေအထားဖြင့် စောင့်ကြည့်စေခဲ့ကြောင်း သိရသည်။

Most Read

Most Recent